ကျွန်မချစ်သော နယ်က လော် (ဗဟိုလူငယ်များသို့ လွမ်းချင်း)

ကထိန်နီးလာပြီဆိုလျှင် နေရာအနှံ လော်သံတွေကြားရသည်။ လော်နှိပ်စက်သမျှကို ခံစားနေရသူတို့ အော်ကြသည်။ ကျွန်မကတော့ ကံကောင်းသည်ဟု ဆိုရမလားမသိ။ နယ်မှာနေချိန်တုန်းကလည်း လော်ဒဏ်မခံခဲ့ရ။ ယခု ရန်ကုန်မှာရှိနေစဉ်တစ်လျှောက်လုံးလည်း လော်သံမကြားရ။ ကိုယ့်ကိုယ်ကို ကံကောင်းသည်ဟု တွေးတောရင်းနှင့်ပင် နယ်က လော်ကို လွမ်းမိနေသေးသည်။

နှစ်တိုင်း သီတင်းကျွတ် တန်ဆောင်မုန်းဆိုလျှင် နယ်က ကျွန်မတို့လမ်းထိပ်တွင် ဗဟိုလူငယ်အဖွဲ့က အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံကြသည်။ သီတင်းကျွတ်လပြည့်မတိုင်ခင် တစ်ပတ်အလိုဆိုလျှင် နှစ်ကျိပ်ရှစ်ဆူဘုရားများမှ မဲပေါက်ရာဘုရားတစ်ဆူကို ပင့်ဆောင်ပြီး အလှူခံကြသည်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ရောက်လျှင် မဲပေါက်ရာ ရပ်ကွက်အဖွဲ့အစည်းအသီးသီးမှ ဘုရားများအားလုံး ဒေသစာရီကြွချီပူဇော်ကြသည်။ ထို့အတူ တန်ဆောင်မုန်းလပြည့်မတိုင်ခင်တစ်ပတ်အလိုတွင် ပဒေသာပင်နှင့် မြို့စေတီတော်အတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံကြသည်။ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့တွင် ရပ်ကွက်အဖွဲ့အစည်းအသီးသီးမှ ပဒေသာပင်များအားလုံးကို မြို့တွင်းစီတန်းလှည့်လည်ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့စေတီတွင် မြို့နယ်မှ ဘုန်းကြီးကျောင်းများကို မဲဖောက်ပြီး မဲပေါက်ရာကျောင်းသို့ သွားရောက်လှူဒါန်းကြသည်။ ဤကား ကျွန်မတို့မြို့၏ အစဉ်အလာတစ်ခုပင်။

သီတင်းကျွတ်ကျောင်းမပိတ်ခင် စာမေးပွဲဖြေရလေ့ရှိသော ကျွန်မတို့ကျောင်းသားများအဖို့ လမ်းထိပ်က လော်သံသည် စာကျက်ရန် အနှောင့်အယှက်ဖြစ်နိုင်သည်။ ရပ်ကွက်လူငယ်အဖွဲ့ကလည်း လော်လှည့်ရမည့်ဘက်ကို အသေအချာ ဂရုစိုက်ရသည်။ လမ်းထိပ်က ကုက္ကိုလ်ပင်ထိပ်ဖျားထိတက်ချိတ်ထားပြီး အိမ်များနှင့် ဝေးရာဘက်ကို လှည့်ထားကြသည်။ မည်သို့ပင်လှည့်ပါစေ။ မဏ္ဍပ်နှင့်အနီးဆုံးတွင်ရှိသော ကျွန်မတို့အိမ်ကတော့ မဏ္ဍပ်က အသံများကို အကျယ်ဆုံးပင် ကြားနေရပါသည်။

မနက် (၇) နာရီဆိုလျှင် ဓမ္မတေးများဖြင့် မဏ္ဍပ်ကို စတင်ဖွင့်သည်။ ထိုအသံကြားလျှင် ကျွန်မ အိပ်ယာနိုးချေပြီ။ ထို့နောက် ယခင်နေ့များက ရရှိထားသော အလှူငွေများစာရင်းကို ကြေညာသည်။ ကြေညာသူက ဦးသန်းဌေး။ သူက အပြောအဟောကောင်းသည်။ ကျွန်မတို့အဆိုအရ မိုက်ကိုင်ကောင်းသည်။ သူပြောနေကျ စကားတစ်ခွန်းကို ယခုချိန်ထိ မှတ်မိသေးသည်။ “ဇောတိက၊ ဇဋိလ၊ ကာကောဏ္ဏ၊ မေဏ္ဍက သူဌေးကြီးလေးဦးတို့ကဲ့သို့ ပေး၍မကုန် လှူ၍မခန်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းရွှင်လန်းနိုင်ကြပါစေ” ဟူသော ဆုတောင်းကို ကျွန်မအင်မတန်သဘောကျခဲ့သည်။

နေ့လည်ဘက်တွင်တော့ မြန်မာသံစဉ်များ၊ အလှူသီချင်းများကို ဖွင့်လေ့ရှိသည်။ ကျေးရွာဝါဒ၊ သူဌေးဝါဒ၊ ရွှေဘိုသနပ်ခါး စသော နန်းတော်ရှေ့ဆရာတင်၏ သီချင်းများ၊ “မြို့လည်ကတဲ့မဏ္ဍာပ် … အရပ်မှာတဲ့ကုသိုလ်.. ကျောင်းကြီးရယ်အို” ဟူသော ဗျောသံသီချင်းများ၊ စန္ဒယားချစ်ဆွေသီချင်းများသည် ကျွန်မအကြိုက်ဆုံးများ ဖြစ်လာခဲ့သည်။ မတိုးမကျယ်ဖွင့်ထားသော သီချင်းသံများက ကျွန်မအဖို့ အင်မတန်နားထောင်ကောင်းခဲ့သည်။ ည (၇) နာရီဆိုလျှင်တော့ မဏ္ဍာပ်ပိတ်သိမ်းသည်။

လမ်းထိပ်မှာ မဏ္ဍပ်ဆောက်ပြီဆိုလျှင် ကျွန်မအလွန်ပျော်သည်။ မကြာမီ သီတင်းကျွတ်တော့မည်။ ကျောင်းရက်ရှည်ပိတ်တော့မည်။ ပွဲလမ်းသဘင်တွေလာတော့မည်။ စာမေးပွဲရှိသည့်တိုင် ကျွန်မရင်ခုန်သည်။ လမ်းထိပ်က လော်သံသည် ကျွန်မကို အနှောင့်အယှက်မပေးသည့်အပြင် သီချင်းကောင်းကောင်းများကို ဖွင့်ပေးသောကြောင့် ပို၍ပင် ချစ်မိသေးသည်။

ဆယ်တန်းအောင်ပြီး ရန်ကုန်ကို ကျောင်းသွားတက်ချိန်တွင် အမေက လမ်းထိပ်က PCO ဖုန်းဖြင့် ကျွန်မဆီ ဖုန်းဆက်လေ့ရှိသည်။ ထိုအခါ အလှူခံမဏ္ဍပ်က သီချင်းသံကို အမေ့ဖုန်းထဲကတစ်ဆင့် ကြားရတိုင်း ကျွန်မပျော်သည်။ လမ်းထိပ်မှာ မဏ္ဍပ်ထိုးနေပြီလားဟု အားရဝမ်းသာမေးမိသည်။ တက္ကသိုလ်သည် နယ်ကကျောင်းလို သီတင်းကျွတ်ဆယ်ရက် မပိတ်ပေးသော်လည်း (၃) ရက်လောက်တော့ အပြေးအလွှားပြန်ပြီး နယ်သီတင်းကျွတ်ကို ဆင်နွှဲသည်။

ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်ရပြန်တော့ အလုပ်ခွင်သည် ကျောင်းပြေးသလို ပြေးမရခဲ့ပေ။ တစ်ရက်တည်းသော ရုံးပိတ်ရက်တွင် (တစ်ခါတစ်လေ အချိန်ပိုဆင်းရနိုင်သေး) သီတင်းကျွတ်၊ တန်ဆောင်တိုင်တို့သည် ကျွန်မနှင့် ဝေးသွားခဲ့သည်။ ရန်ကုန်သီတင်းကျွတ်၊ ရန်ကုန်တန်ဆောင်တိုင်တို့သည်လည်း ကျွန်မအတွက် အစိမ်းသက်သက်သာ။ အလုပ်နှင့် အိမ်ကိုသာ ကူးနေရင် အချိန်များကုန်ဆုံးသွားကြသည်။

သည်နှစ် သီတင်းကျွတ် အိမ်ပြန်ဖြစ်တော့ လမ်းထိပ်က မဏ္ဍပ်ကို မတွေ့ရသောကြောင့် ရင်မှာဟာတာတာဖြစ်ခဲ့ရသည်။ အကြောင်းများစွာကြားတွင် လမ်းထိပ်က မဏ္ဍပ်လေး မလုပ်ဖြစ်ခဲ့ဟု အမေကပြောသည်။ တန်ဆောင်တိုင်တွင်တော့ ဖြစ်အောင်လုပ်ကြမည်ဟု မောင်လေးတို့သူငယ်ချင်းတွေ ပြောနေခဲ့ကြသည်။

ကျွန်မ အိမ်မပြန်ဖြစ်ခဲ့သော သည်တန်ဆောင်တိုင်တွင် လမ်းထိပ်က မဏ္ဍပ်လေး ဖြစ်ခဲ့သည်။ ကျွန်မချစ်သော သီချင်းများကို ဖွင့်သေးသည်လား၊ သို့မဟုတ် ခေတ်နှင့်အညီ မနောသီချင်းများပဲ ဖွင့်နေလေသလား၊ လော်သံ ဆူညံနေမလား ကျွန်မသိချင်ခဲ့သည်။ မောင်လေးတို့အဖွဲ့တွေ ပဒေသာပင်တွေနှင့် ဓာတ်ပုံတွေကို မြင်ရတော့ ကြည်နူးမိသည်။ မပြန်ဖြစ်ခဲ့ခြင်းအတွက် နောင်တပင်ရမိပြန်သေးသည်။

နောင်နှစ်သီတင်းကျွတ် ကျွန်မပြန်ဖြစ်ခဲ့လျှင်၊ လမ်းထိပ်မှာ မဏ္ဍပ်လည်း ရှိနေခဲ့လျှင် ကျွန်မချစ်သောသီချင်းများ ဖွင့်ပေးဖို့ တောင်းဆိုဦးမည်။ ဗဟိုလူငယ်မဏ္ဍပ်လေး ထာဝရတည့်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

4 comments

  • ကထူးဆန်း

    November 4, 2017 at 9:32 am

    ဦးသန်းဌေး နေရာ အစားဝင် မိုက်ကိုင် လုပ်လေ … 🙂 🙂 🙂

  • Thint Aye Yeik

    November 6, 2017 at 6:07 pm

    ငယ်ငယ်ကတော့ လော်တွေဆီကနေ လွင့်လာတဲ့ အသံဇာတ်လမ်းတွေကို နားထောင်ရင်း
    ညအိပ်ရာလည်း ဝင်ဖူးရဲ့…
    မနက်ဆိုလည်း လော်နဲ့ ဖွင့်နေတဲ့ ကြာနီကန်ဇာတ်ထုပ်တွေ နားထောင်ရင် အိပ်ရာ ထဖူးရဲ့။

    အခုခေတ်မတော့ လော်တွေဟာ နားဆူ နားညည်းရုံမျှသပ်သပ်….လို့ ထင်ပြီး
    စိတ်ညစ်ရလေရဲ့

Leave a Reply