Cool & Hot စီးရီးစီစဉ်သူ သဇင်သင်းနှင့် ပါဝင်သီဆိုသူများ မကျေမလည်ဖြစ်

toyoSeptember 3, 20101min733

အဆိုတော် သဇင်သင်း စီစဉ်သော Cool & Hot တေးစီးရီးနှင့်ပတ်သက်ပြီး ပါဝင်သီဆိုခဲ့ကြသည့် တက်သစ်စ အဆိုတော်များ၊ တခြား အဆိုတော်တချို့နှင့် တေးရေးများက မကျေမနပ် ် ဖြစ်နေကြကြောင်း ကြားသိရသည်။

002girlsအဆိုပါစီးရီးဖြစ်မြောက်ရေးအတွက် ငွေကြေးစိုက်ထုတ်သူ လူသစ်တန်း အဆိုတော်များနှင့် အောင်မြင်နေသော အဆိုတော်တချို့ ပါဝင် သီဆိုခဲ့သော်လည်း စီးရီးထွက်လာသောအခါ စီစဉ်သူ သဇင်သင်း၏ တကိုယ်တော်စီးရီးပုံစံဖြင့် ကြော်ငြာနှင့် စီဒီ မျက်နှာဖုံးတွင် ၎င်းတဦးတည်း၏ ရုပ်ပုံကိုသာ ဖော်ပြခဲ့ခြင်း၊ ထိုစီးရီးကို 5 Movies သို့ အခကြေးငွေဖြင့် ပြန်လည် ရောင်းချခဲ့ သော်လည်း ရောင်းရငွေကို  တေးရေး ဆရာများအား ခွဲဝေမပေးဘဲ မရိုးမသား ပြုလုပ်ခြင်းတို့ကြောင့် ထိုစီးရီးတွင် ပါဝင် ပတ်သက်သူ အနုပညာ သမားများက မကျေမနပ် ဖြစ်နေကြကြောင်း ပြောဆိုကြသည်။

ယင်းစီးရီးတွင် ဩရသ၊ ဟဲလေး၊ နီတာ၊ စိုင်းတုံ၊ ဇင်မင်းခန့်၊ ခန့်ဖြိုး၊ လင်းခန့်၊ အေသင်ချိုဆွေ၊ မေသူခိုင်၊ သက်မှူးခင်၊ မီးအို၊ ထူးထက်ဝေ၊ သဇင်သင်းနှင့် နေနေတို့ ပါဝင်သီဆိုထားကြသည်။

သဇင်သင်းနှင့် ငယ်သူငယ်ချင်းဖြစ်သူ မီးအိုက ယခုအခွေတွင် ပါဝင်မည့် သူငယ်ချင်းများ အားလုံး စုပေါင်းပြီး ငွေထည့်ဝင်ကြရန် သဘောတူခဲ့ကြကြောင်း၊ မိမိသီဆိုမည့် သီချင်းအတွက် ကုန်ကျစရိတ်ကို မိမိဘာသာ ပေးဆောင်ရကြောင်း၊ ထို့အပြင် ကြော်ငြာအတွက်နှင့် VCD ရိုက်ကူးရန် သဇင်သင်းတောင်းသည့် ငွေပမာဏကို ပေးရကြောင်း ပြောပြသည်။

“အခု အခွေ ထွက်လာတော့ Cover မှာ သမီးတို့ ပုံတွေ တပုံမှမပါဘူး။ သူ့ကိုမေးကြည့်တော့ ဒီဇိုင်နာက ပုံများရင်ရှုပ်လို့ ဆိုပြီး ဆင်ခြေပေးတယ်။ သမီးအနေနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေ အပေါ်မှာ တော်တော် စိတ်မကောင်းဖြစ်တယ်။ ဒါသက်သက် လူလည်ကျတာ” ဟု မီးအိုက ဆိုသည်။

အဆိုပါ စီးရီးတွင် ပါဝင်သီဆိုခဲ့သူ မေသူခိုင်ကလည်း ၎င်းသီဆိုမည့် သီချင်းကို ကိုယ်တိုင်ရေးခဲ့ကြောင်း၊ သဇင်သင်းတောင်းသည့် ငွေပမာဏကို အပြည့်အဝပေးခဲ့သော်လည်း 5 Movies သို့ စီးရီးရောင်းချခဲ့သည်ကို မသိရကြောင်း ပြောသည်။

“အဆိုတော် ကိုနီတာက ဝင်ဆိုပေးဖို့ပြောလို့ ဒီစီးရီးမှာ ပါဖြစ်တာပါ။ စီးရီးထွက်လာတော့ ဓာတ်ပုံ တပုံမှ မပါတဲ့အပြင် သမီး အတွက် သီချင်းရေးခလည်း မရဘူး။ အခုလို လုပ်လိုက်တာဟာ သမီးတို့ရဲ့ အနုပညာကို စော်ကားလိုက်တာပဲ” ဟု သူက ဆိုသည်။

အဆိုပါ စီးရီး ဖြစ်မြောက်ရေးအတွက် သဇင်သင်းကို ကူညီပေးခဲ့သူ အဆိုတော် နီတာက “ကျနော်က ငွေကြေးအားဖြင့် အကူအညီ မပေးခဲ့ပေမယ့် ရိုက်ကူးရေးကိစ္စ၊ စပွန်ဆာ ကိစ္စတွေမှာ ထိထိရောက်ရောက် ကူညီပေးခဲ့တာပါ။ အခုလိုလုပ်လိုက်တာ သဇင်သင်းအနေနဲ့ ပါဝင်ကူညီသူတွေကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံဖြစ်နေတယ်” ဟု ပြောသည်။

စီးရီး စီစဉ်သူ သဇင်သင်းက Cool & Hot စီးရီးကို ပရိသတ် နှစ်ခြိုက်အားပေးကြကြောင်း၊ ၎င်းအနေနှင့် လူမသိသေးသည့် တေးသံရှင်များကို ပရိသတ်နှင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ 5 Movies ကို ဤစီးရီးရောင်းချလိုက်ပြီး 5 Movies က သတ်မှတ်သည့် ကြေးအတိုင်း တေးရေးများကို ပေးပြီးပြီဖြစ်ကြောင်း ပြောသည်။

“အခုထွက်တဲ့ စီးရီးကို သမီးတို့ သူငယ်ချင်းတွေ ဝိုင်းပြီး လုပ်ကြတာပါ။ သူတို့ကိုလည်း ပရိသတ်သိအောင် လုပ်ပေးတဲ့ သဘောပါပဲ။ ဒီစီးရီးအတွက် အစစအရာရာ သမီး အကုန်ခံပြီး လုပ်တာပါ။ 5 Movies က ကြိုက်လို့ ဝယ်တယ် ဆိုပေမယ့်  အဆိုတော်ကြီးတွေလောက်တော့ ဘယ်ရမလဲ။ သီချင်းရေးခတွေလည်း 5 Movies ကသတ်မှတ်တဲ့အတိုင်း တေးရေးတွေကို ပေးထား ပါတယ်” ဟု သူက ဆိုသည်။

ဤစီးရီးထဲတွင် ပါဝင်သီဆိုခဲ့သည့် သဇင်သင်း၏ သူငယ်ချင်း တဦးဖြစ်သူ ထူးထက်ဝေကလည်း သူငယ်ချင်း ဖြစ်သူကို ဝိုင်းဝန်း ကူညီပေးခဲ့ကြောင်း၊ ပါဝင်ခဲ့သည့် အနုပညာရှင်များထဲတွင် မကျေနပ်သူ များကြောင်း ပြောသည်။

“အခုအခြေအနေက ပြီးသွားပြီဆိုတော့ ဘာမှပြောလို့မရတော့ဘူး။ သဇင်သင်းက သူ့သဘောနဲ့သူ လုပ်တယ်လို့ ထင်တယ်။ သူငယ်ချင်း ဆိုတော့လည်း ဘာမှမပြောချင်တော့ဘူး” ဟု ထူးထက်ဝေက ဆိုသည်။

Cool & Hot စီးရီးနှင့်ပတ်သက်သည့် မကျေနပ်ချက်များကို ပါဝင်ခဲ့သည့် အနုပညာရှင်များက မီဒီယာများပေါ်တွင် ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

3 comments

  • moethidasoe

    September 4, 2010 at 3:18 am

    ဇာတ်တူသား စားရင် ဟင်္သာကိုးသောင်း ပျက်တဲ့ အကြောင်းကို သဇင်သင်း သိသင့်ပါတယ် .. အများနဲ့ တစ်ယောက် ဆိုရင်တော့ .. ဘယ်သူမှန်မလဲ .. ရေရှည်မှာ မှားတဲ့လူကိုတော့ ဝိုင်းကျင်ကြမှာ သေချာတယ် .. စောင့်ကြည့်ကြသေးတာပေါ့ ..

  • khaizin

    September 4, 2010 at 4:00 am

    အင်းနော်……….သူ့ကိုမကျေနပ်တဲ့သူကတော်တော်များနေတာပဲ……….
    ဒီလောကမှာကျင်လည်မယ်ဆိုရင်တစ်ယောက်တည်းရပ်တည်လို့မှမရနိုင်တာ………
    အမြဲတမ်းပက်သတ်ရေမယ့်လူအချင်းချင်းတွေကို…….တစ်နပ်စားလုပ်တာတော့ဘယ်ကောင်းမလဲနော်…….

  • intro

    September 4, 2010 at 9:40 am

    မှန်ပါတယ်…. တစ်နပ်စားလုပ်မယ်ဆိုရင် ဘယ်အရာမှ ကြာရှည် မခံနိုင်ပါဘူး

Leave a Reply