ပါတီမှတ်ပုံတင်သင့်သည်ဟုသဘောထားရှိသော ဦးခင်မောင်ဆွေ

koaungMarch 28, 20101min660

မေး။   ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။

ဖြေ ။    ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။  ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လဒဏ်တွေ၊ ရလဒဏ်တွေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အဝန်းအဝိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ  ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။

နှစ်အချက်က တော့ အခုနေခါမှာ ပါတီနိုင်ငံရေး လမ်းကြောင်းက သွားမှသာလျှင် အခြေခံဥပဒေ ပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစရှိတဲ့ဟာတွေကို ဥပဒေ အတွင်းကနေ ဖော်ဆောင် နိုင်မှသာလျှင် ဒါဟာ ဖြစ်နိုင်တဲ့ သဘောရှိတယ်။  မကြိုက်တဲ့ ဥပဒေတွေကို မကြိုက်ဘူး အော်နေလို့ မရဘဲနဲ့ ဥပဒေတွေကို ပြင်နိုင်တဲ့ လမ်းကြောင်းက ဥပဒေတွင်း တိုက်ပွဲကသာလျှင် ဖြစ်နိုင်တော့မယ်လို့ ယုံကြည်လို့ ဖြစ်တယ်။

သုံးအချက်ကတော့ အဲဒီလို ဖြစ်နေတဲ့ အနေအထားမှာ ပြန့်ကျဲ နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းမယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန် ပြီးတော့ ပြန့်ကျဲသွားအောင် မလုပ်နိုင်ဘူး။ တချိန်တည်းမှာပဲ လူငယ်မျိုးဆက်တွေက ဒီမိုကရေစီ နိုင်ငံရေးကို သယ်ဆောင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး အစဉ်ကို ခွစီးနိုင်အောင် ပါတီထဲက ရှိနေဖို့လိုတယ် ဆိုတဲ့ အမြင် သုံးရပ်နဲ့ ကျနော်တို့ဟာ ပါတီကို မှတ်ပုံတင်သင့်တယ် ဆိုတဲ့ သဘောထားကို လက်ခံထားတာ ဖြစ်ပါတယ်။

ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ဝင်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။

မေး ။    ။ အကယ်၍များ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုလို့ရှိရင် NLD ပါတီဘာ ဖြစ်လာနိုင်မလဲ။  အကယ်၍များ NLD ပါတီ မယှဉ်ပြိုင်တော့ဘူး ဆိုုရင် NLD ပါတီ ဘာဖြစ်လာနိုင်မလဲ။

ဖြေ ။    ။ ဝင်ပြိုင်မယ် ဆိုရင်တော့ ဒီအတိုက်ခံ အင်အားစုတွေဟာ ထင်ထင်ရှားရှား ပေါ်လာမှာပဲ။ နိုင်ငံရေးမှာ အတိုက် အခံ မရှိဘဲနဲ့ လုပ်မယ် ဆိုလို့ရှိရင် တပါတီ ကြီးစိုးပြီးတော့ ပါလီမန်ထဲမှာ အများစု အနိုင်ကျင့်တာကို ခံရမှာ။ အတိုက်ခံ မရှိတဲ့ နိုင်ငံရေးဟာ မှားနိုင်စရာတွေ အများကြီးတယ်။ အဲဒီတော့ ပြည်သူအတွက်၊ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် အတိုက်ခံ နိုင်ငံရေး အုပ်စုက လွှတ်တော်ထဲမှာ ရှိမှသာလျှင် လုပ်သွားနိုင်တဲ့ အခွင့် အရေးရမှာ မို့လို့ NLD ပါတီဟာ ပါတီရပ်တည်ရေး အပြီးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုရင် အများက ဆုံးဖြတ်မယ်ဆိုရင် ဝင်ဖို့၊ အများက မဆုံးဖြတ်ဘူးဆိုရင် မဝင်ဖို့ဘဲပေါ့။

မဝင်လို့ရှိ ရင်ဘာဖြစ်မလဲ ဆိုတော့ မဝင်လို့ရှိရင် ၈၈ အရေးတော်ပုံကြီးနဲ့ အတူမွေးဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ နိုင်ငံရေး ပေါ်မှာ သစ္စာရှိတဲ့ ပါတီမျိုးဟာ နောက်တခါ ပြန်ရဖို့ မလွယ်တော့ပါဘူး။  ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ရရှိနိုင်ဖို့ သိပ် မလွယ်တော့ဘူး။ နောက်ပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုပြီးတော့ မဲပေးတဲ့ အခါမှာလည်းပဲ စဉ်းစား ချင့်ချိန်နိုင်တဲ့ အင်အား တနေရာတည်းမှာ ရောက်နိုင်မှာ မဟုတ်ဘူး။ အခုနေခါမှာတော့ NLD ဟာ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မေးလို့သာ ဖြေတာ ဖြစ်ပါတယ်။

မေး ။    ။ အကယ်၍ NLDပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်  ၁၉၉ဝ တုန်းကလိုပဲ အပြတ်အသတ် နိုင်ပါဦးမလား။

ဖြေ ။    ။ အပြတ်အသတ်ကတော့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီအားပြိုင် နိုင်ငံရေးကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ရနိုင်ခြေ ရှိနေသေးတယ်လို့ပဲ ပြောရပါမယ်။

မေး ။   ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်မယ့် မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ထားတာ ရှိလဲ။

ဖြေ ။   ။ စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်တာကတော့ ဆက်ရှိနေမှာပဲ။ ရှိနေပေမယ့်လည်း ရှိနေတဲ့ အရပ်သားအစိုးရ ထဲမှာ ဌာနတွေ ခွဲကိုင်မယ့် ပုဂ္ဂိုလ်တွေဟာ ဟိုတုန်းကလို တယောက်တည်း ကနေပြီးတော့ ချုပ်ကိုင်တဲ့ အာဏာအောက်မှာ ရှိမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး အစရှိတဲ့ ဟာတွေမှာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေလက်ထဲကို အကုန်လုံး ထိုးသိပ်ရနိုင်တဲ့ အခွင့် အရေးတွေ ရမှာမဟုတ်တော့ဘူး။ နောက်ပြီး အခုလက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အပါအဝင်၊ ပါတီ ဥပဒေ အပါအဝင်၊ ၅(ည)တို့ (၁၀) က၊ ခ အပါအဝင် ပြည်သူတွေ အဖို့  မသင့်လျော်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခွင့်ဟာ အများစုမှာ ရှိနေပါတယ်။

အဲဒီတော့ အများစု ဆန္ဒနဲ့ ဆုံးဖြတ်နိုင် ခွင့်ရှိတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ အများစု ဆုံးဖြတ်သွားနိုင်မယ် ဆိုရင် တဖြည်းဖြည်းနဲ့ တဆင့်ပြီး တဆင့် ဥပဒေတွေကို ပြင်နိုင်ခွင့်တွေ ရမှာ ဖြစ်တယ်။ အခြေခံ ဥပဒေ ပြင်ရင်တော့ ၇၅ရာခိုင်နှုန်း plus နဲ့ သွားရမှာပေါ့လေ။ ဒါကတော့ အဆင့်ဆင့် အများကြီး ကျန်တာပေါ့လေ။ ဒီထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ လူမှု ဒုက္ခတွေ၊ လူ့အခွင့်အရေး မညီမျှမှုတွေကို လွှတ်တော်ကနေပြီး အတိုင်းအတာ တခု အထိ ဖြည်းဖြည်းချင်း ဆောင်ရွက်သွား နိုင်ခွင့်တွေ ရလာလိမ့်မယ်။ ဒါကို လက်တွေ့ကျမှပဲ တိတိကျကျ သိရမှာပေါ့။

နောက်ပြီးတော့ နိုင်ငံတကာဟာ ဒီမှာ အပြောင်း အလဲတခုကို သူတို့ ကိုယ်တိုင် ဝင်ပြီးတော့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ သိနေတယ်။ ဆိုတဲ့ အခါကျတော့ ချက်ချင်း ဒီမိုကရေစီ ရမယ့် အခွင့် အရေးဟာ မရှိတော့ဘူး။ မရှိတော့တဲ့ အခြေအနေမှာ ချက်ချင်း ဝုန်ဒိုင်း ဒီမိုကရေစီ ရနိုင်ပါတယ်လို့ ထင်မှားနေမယ် ဆိုလို့ရှိရင် သွားမယ့် နိုင်ငံရေး လမ်းကြောင်းဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလုထုမှာ သွေးထက် သံယို မရှိဘဲနဲ့ အကျအရှုံး အနည်းဆုံးနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ရွေးခြင်းကသာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။