အယ်ဒီတာ့သင်ပုန်း – ဒီဇင်ဘာ ၂၀၁၇

kaiNovember 27, 20171min1462

၂၀၁ရကိုလည်ပြန်ကြည့်ချရေးရင်း ၂၀၁၈ကိုကြိုဆိုမျှော်တွေးမည်ဖြစ်ပါသည်။
အော်စကာဆုပေးထုံးစံများအတိုင်း ဆုပေးနီးသည့် ၄လပိုင်းအတွင်း ရုံတင်ရုပ်ရှင်များသည်သာ “ရ”တတ်သည်ဖြစ်၍ ယခုသတင်းဝေဖန်သုံးသပ်သည်ကိုလည်း အမေရိကားနှင်မြန်မာပြည်၏နောက်ပိုင်း၄လကိုသာ အဓိကထားမည်ဖြစ်ပါကြောင်း။

ထရမ့်နဲ့ပူတင် ထရူတင်

ရုရှန်းတို့နှင့်ပူးပေါင်းကြံစည်ကာ သမ္မတရွေးပွဲအနိုင်ရခြင်းမဟုတ်ဟု သမ္မတကြီးထရမ့်မှ ဖိငြင်းနေရင်းနှင့်ပင် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်မှ ရောဘတ်မူလာတို့အဖွဲ့ တလှမ်းခြင်းတိုး၍နင်းလာပေသည်။ အက်ဘီအိုင်မှ ညွှန်ကြားရေးမှုးဟောင်းရောဘတ်မူလာသည် အလွန်စနစ်ကျပြီး ပိတ်ဖမ်းရာတွင်နာမယ်ကြီးသူဖြစ်၏။ ၎င်းအား တရားရေးဝန်ကြီးဌာနမှ ယခုနှစ်မေလလည်တွင်စတင်ခန့်အပ်ပြီးနောက် ၆လကျော်ယခုအချိန်တွင် သမ္မတ၏သားနှင့်သားမက်ဆီသို့ပင် စစ်ဆေးရေးများစိတ်စိတ်ဝင်လာနေပြီဖြစ်သည်။
ညောင်မြစ်တူးရင်းဖြင့်ပုတ်သင်ဥများပေါ်သည်ဆိုရမည်လား၊ အမြစ်လှန်ရင်း ညောင်ပင်အောက်မှ ရေချမ်းစင်အိုးကျကွဲသည်လားမဆိုနိုင် ငွေကြေးခဝါချမှုတွင် နာမယ်ထွက်လာသော ပနာမားပြည်ရှိ အခန်းထောင်ချီသည့် ပနားမားတာဝါ အရောင်းအဝယ်များတွင် ထရမ့်အော်ဂနှိုက်ဇေးရှင်းပါဝင်ပါတ်သက်မှုများပါ ပြိုပြဲထွက်လာသည်။ ထရမ့်နှင့်ပူတင်မည်မျှခင်မင်ကြသည်ကို ၂၀၁၈နိုဝင်ဘာရှိ ကွန်ဂရက်အထွေထွေရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ အတိုက်အခံဒီမိုကရက်ပါတီမှ မဲအများစုရ၍ ကွန်ဂရက်တွင်အမတ်ထိုင်ခုံပိုရခဲ့ပါလျှင် အယုံအကြည်မရှိအဆိုတင်သွင်းနိုင်ခြင်းအပါအဝင် အိမ်ဖြူတော်ထိုင်ထရမ့်၏အခြေအနေ သိသာစွာယိုင်နိုင်သည်။ နိုင်ငံရေးတွင် ကျပြီဆိုလျှင်ကား ပုဝါကမ်းရဲသူပင်မရှိလောက်။

ပါဝါလူဖြူနဲ့ ဣတ္ထိယတွေ

ထရမ်၏သမ္မတမဲဆွယ်ပွဲကာလအတွင်းက ဘတ်စ်တစင်းပေါ်မှ အမျိုးသမီးများအပေါ် ညစ်ညမ်းနှိမ်ချစကားပြောအသံတချို့ ထွက်လာဖူးသည်။ မီဒီယာကျမ်းကျေသူမို့ သူ၏မိန်းမကျမ်းကျေကြွားစကားတို့ပေါ့ပါးပျောက်ပြက်သွားကာ အမျိုးသမီးသမ္မတလောင်း ဟီလာရီကလင်တန်ကိုပင်အနိုင်ရ၍ အိမ်ဖြူတော်ဝင်ထိုင်နိုင်ခဲ့သည်။ လစ်ဘရယ်သမားအများစု၏ထိုအချိန်ကထဲက
ကြိတ်ငုပ်သွားသောစိတ်တို့သည် အော်စကာဆုများရအောင်ယူနိုင်စွမ်းသူကြီး ဟောလိဝုဒ်မှရုပ်ရှင်ထုတ်လုပ်သူ ဟာဗီဝိန်းစတိန်း၏မင်းသမီးများနှင့်လိင်အရှုပ်တော်ပုံတွင်ပွင့်ထွက်ကုန်သည်။
သာမန်အားဖြင့် တကမ္ဘာလုံး၏ ဆယ်လီဘရိတ်တီလောကတွင် ဖြစ်ရိုးဖြစ်စဉ်ဟုဆိုရလောက်သောဖြစ်ရပ်များဖြစ်သော်လည်း ဟောလိဝုဒ်အသိုင်းအဝိုင်းဖြစ်နေကာ လစ်ဘရယ်တို့၏နိုင်ငံရေးနှင့်ဆက်စပ်ပေးလိုက်မှုတို့ကြောင့် မည်သူမည်သို့မှပြေးမလွတ်တော့။ ထိုထို လိင်ဆြာလုပ်သူကြီးများဇတ်လမ်းအစုံ မီဒီယာတို့တွင်တောက်လျှောက်ထွက်လာပေရာ အမေရိကား၏ပါဝါကိုင်လူဖြူလောကတွင် ဤစာရေးသောအချိန်အထိ ဆီနိတ်တာ၊ ကွန်ဂရက်အမတ်၊ တရားသူကြီး၊ မင်းသား၊ ပါဗလစ်ရှာ၊ ဒါရိုက်တာတို့အပါအဝင် မဟာပုရိသ၃၄ယောက်
(နယူးယောက်တိုင်းမ်စာရင်းအရ)ရှိပြီဖြစ်သတည်း။ မိခင်တို့လွှမ်းမိုးသောတော်လှန်ရေးခေတ်စမ်းတခုရောက်ပြီလော?

ကင်ဂျုံအွန်းနဲ့ ထရမ့်

မြောက်ကိုရီးယားတနိုင်ငံလုံးကို သူတို့ဥသျှောင်ကင်ဂျုံအွန်းက ကိုယ်စားပြုနိုင်သော်လည်း သမ္မတထရမ့်သည်ကား အမေရိကန်အားလုံးကို ကိုယ်စားပြုနေပုံမရ။ သူ့အပေါ်ယုံကြည်ကိုးစားမှုအညွှန်းကိန်းသည်ပင်လျှင် ၄၀% မကျော်နိုင်ဖြစ်နေသည်မို့ ထရမ့်၏တွိစ်တွစ်အမိန့်စကားများအားလုံးကိုအတည်ယူ၍လည်းမဖြစ်။
မဖြစ်သော်ငြား အိမ်ဖြူတော်ရောက်ပြီးနောက် ပြောရင်းပြုရင်းပင် ညူကရီးယားစစ်ကြီးဖြစ်နိုင်သည့်အနားရောက်လာခဲ့သည်ကို အားလုံးတွေ့နေကြရသည်။
အမေရိကား၏လေယဉ်တင်သင်္ဘော၃စင်းနှင့်စစ်သင်္ဘောအုပ်စုကြီးလည်း ကိုရီးယားကျွန်းဆွယ်နားတွင်လှည့်၍စစ်ရေးပြနေပါသည်။ စစ်မဖြစ်မူသေး၍မလုံလောက်သောဘက်ဂျက်တွင် ရမ်းနေရကား ပြဿနာများလည်းတက်လာပေပြီ။
ကွန်ဂရက်မှလည်း အမေရိကားသမ္မတ၏ အနုမြုလက်နက်သုံးခွင့်စူပါပါဝါကိုပင် ညှိနှိုင်းထိမ်းချုပ်ရန်ပြင်ဆင်နေရပြီမို့ မဟာပြဿနာတခုခုဆီတော့ ဦးတည်နေသည်ကို အားလုံးကားအသိ။
တကယ်တော့ အနုမြူလက်နက်သာမက တိုက်ချင်းပစ်ဒုံးများကိုပင်ပိုင်ဆိုင်လိုက်နိုင်ပြီဖြစ်သည့် မြောက်ကိုရီးယားနှင့် စစ်ထ,ဖြစ်လျှင် အာရှတခုလုံးတင်မက ကမ္ဘာတခုလုံးသော်လည်း မချောင်ရေးချမချောင်။ အနုမြူဓာတ်ရောင်ခြည်သင့်ခြင်းဟူသည် လူ့အရိုး/အသားအား အတွင်းလှိုက်လောင်ကျွမ်းခြင်းနှင့်သဏ္ဍန်နီးစပ်သည်ဖြစ်၍ အနည်းငယ်မျှလောင်စေဦး၊ ဖြေဆေးကားမရှိ။
(ဖြေဆေးမရှိသော)အဆိပ်နှင့် မကစားစကောင်း။

ထောသူနှင့်မျောသူ

မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ရက်လများမှာကား ဩဂုတ်လကုန်မှစသည့်ရိုဟင်ဂျာနှင့်ဘင်္ဂလီအရေးအခင်းတည်း။ ယခုအခြေအနေအချိန်အခါအရ သုံးသပ်ရလျှင် ကမ္ဘာမှအရေးယူခြင်းတို့သည် အစွန်းရောက်တို့နှင့်အစိုးရကိုကျော်၍ မြန်မာအမျိုးသားအကျိုးစီးပွားကို ထိခိုက်ခြင်းသို့ဆိုက်ရောက်သွားပါပြီ။
ရှေးရခိုင်မင်းပိုင်မြေဇာတိရိုဟင်ဂျာလူမျိုးဟူသည် ဗုဒ္ဓဘာသာကိုးကွယ်လျှင် ဘာဘာ,ဘာမှထူးမဖြစ်။ အစ္စလမ်ဘာသာဝင် မွတ်စလင်ဖြစ်လျှင်ကား မွေးရာပါကျိန်စာတိုက်ခံရသည်ဟုပင်ဆိုရမလို။
ယခုတော့ လူသား၆သိန်းကျော်ကြီးလည်း၃လအတွင်း ဘင်္ဂလားဒေ့ရှ်ပြည်ပြေးကြရလေပြီ။ လူမျိုးတစုအားတွန်းထုတ်ဖယ်ရှားခြင်းခေါင်းစဉ်အောက်လည်း မြန်မာအစိုးရရောက်ခဲ့ပြီ။
သမိုင်း၁ပါတ်တင်မက ၂ပါတ်၊၃ပါတ်လည်ဖူးသည်မို့ သိသာသည်မှာကား မြန်မာပြည်နယ်နမိတ်မှ ထွက်တော်မူနန်းခွာသူတို့ ဒေသခံတိုင်းရင်းသားများပင်ဖြစ်လင့်ကစား(ဥပမာ- ကရင်။ ကယား၊မွန်) ပြည်တော်ပြန်ဝင်ရန်ခက်လှသတည်း။
သို့ဆိုသော် မည်သူတု့ိမည်သို့ “ထော”ကာ ဘယ်သူတို့ ဘယ်၍ “မျော”သနည်း မှန်းတွေးကြည့်ချင်သည်။
“ထော”သူကားများများစားစားမရှိ။ ကမ္ဘာသိအောင်လုပ်ပြနိုင်သူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရသာဖြစ်နိုင်ကောင်းသည်။ မဘသနှင့် ဒေသခံလည်းအချို့ပါလောက်သည်။
“မျော”သူများအဖြစ်အစ္စလမ်မစ်နိုင်ငံများအပါအဝင် ကမ္ဘာ့မွတ်စလင်ထုမှာ ငွေကုန်လူပမ်းသည်။ အနောက်နိုင်ငံများမှာ ဒုက္ခသည်များကိုထောက်ပံ့ပေးကမ်းရတော့မည်ဖြစ်ပြီး အဆုံးတနေ့တွင် ဆိုင်ရာမိမိတိုင်းပြည်များသို့ပင် ပြောင်းခိုသူများအဖြစ်”ကိုတာကျ”လက်ခံရနိုင်ချေရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာကား ကိုယ်တိုင်နှင့် သူမ,အစိုးရတဖွဲ့လုံးအထိနာလှသည်။ မြန်မာ့တပ်မတော်မှာလည်း ပုံမှန်ကစားပွဲအတိုင်းညှပ်ရင်းညပ်သွားပုံရပါသည်။ ချိုင်းနားအစိုးရနှင့်ပိုမိုနီးကပ်သွားမည်ဖြစ်သော မြန်မာလူထုနှင့်အစိုးရမှာ ယူတတ်ပါလျှင် ကောင်းခြင်းများလည်းရသွားနိုင်ချေရှိသည်ထင်၏။ ရာစုနှစ်ဝက်ကျော် တကမ္ဘာလုံးကို ကျောခိုင်းပြီး လုပ်ချင်ရာလုပ်ရဲသော မြန်မာစစ်တပ်ဆီမှ ဘာဆိုဘာမျှကား မမျှော်ပါလင့်။ မျှော်တလင့်လင့်သာ ဖြစ်လေမည်တမုံ့။

ခွန်တန်(ခ)ဇတ်လိုက်

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက် ဆိုသူသည် အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အမှုရင်ဆိုင်နေသည်ဟူသောသတင်း အောက်တိုဘာလကုန်ကတက်လာသည်။
အလံတရာဟူသည် နာမည်ရသာသနာ့နယ်မြေဖြစ်သည့်အပြင် “ပန်းဦးလွှတ်ခြင်း”ဟူသော ရှေးပုဂံခေတ်အရည်းကြီးများအတွက်မူပိုင်ရှုံ့ချသည့် ဇတ်ကွက်များနင်းထားပေရာ ထိုခေတ် အနော်ရထာမင်း၏ ဘာသာရေးသုံးနိုင်ငံရေးကစားကွက်တို့နှင့်တူသလော ထင်စရာရှိသည်။ နောက်ပိုင်းတက်လာသော ကာယကံရှင်မိန်းကလေးများနှင့်အင်တာဗျူးများအရ အားလုံးပက်လက်လန်ရချေသတည်း။ခွန်တန်ဆိုသူသည် အလံတရာဆရာတော်ဘုရားကြီးလူဝင်စားသောသူဟုယုံကြည်ကြသော နယ်သားအများစုကား ခွန်တန်ထိလျှင် လုံးဝလက်မခံ။ အသက်ပင်ပေးမည်ဟု အဆိုပါ “လက်ချည်”ထားကြသူ မိန်းကလေးများကိုယ်တိုင်ပြောလာကြသောအခါ မြန်မာတို့၏ ဘာသာရေးယုံကြည်မှုသည်ဤမျှအဆင့်လော။ ထိုအထိရောက်သွားသလောတွေးစရာ။ တကယ်တော့ အဆိုပါဒေသသားများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ဝင်ထွက်သွားလာရင်း ခေတ်မှီထိုင်းနိုင်ငံ၏အသီးအပွင့်ခံစား၊စံစားနေသူများဖြစ်ပေရာ မြန်မာပြည်တွင်းနေသူများက “တောသားများ”ဟုပြောကြပါလျှင်လူရီစရာဖြစ်သွားနိုင်သည်လားတော့ မိမိလည်းမသိ။

ညာတင်ကုပ်

နိုဝင်ဘာလကုန်ရောက်သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)+ဒေါ်ကြိုင်ကြိုင်အား အမှူးထား၍ ဟုဆိုကာ ဗိုလ်ချုပ်များလှူဒါန်းထားသည့်လက်တဖက်နောက်ချိုးပစ်ထားသည့်ဆင်းတုဘုရားများအား ပျဉ်းမနားမြို့ မင်းဝံတောင်တွင်တွေ့လိုက်ကြရသည်။
“ဘုရားမဟုတ် ညာတင်ကုပ် ကိုင်ကြည့်လက်တဆုပ် ပညာခန်း တခန်းမြုပ် လူပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူ ကျော်သွား” ဟူသောလင်္ကာပါထွက်နေပေရာ ဂမ္ဘီရအစီအရင်နှင့်ထားသည်ကားသေချာသည်။ သတင်းစကားများအရ ဆရာတော်ကြီးတပါးမှ ယတြာချေထုလုပ်စေသည်ဖြစ်သည့်အပြင် နောက်ခံဆိုင်းဘုတ်တွင်လည်း စစ်အာဏာရှင်ထွက်ရပ်ပေါက်သူကြီးအမည်ခန့်ခန့် ထိုးထားသည်ဖြစ်၍ စွမ်းသည့်သိဒိ္ဓဝင်ဖြစ်သည်ဟု အတတ်ဆိုနိုင်ပါမည်။ မြင်ရသောဓာတ်ပုံအရ ဆင်းတုဘုရားအဆူ၂ဝမကရှိသည်ဖြစ်ရာ နောင်အနှစ်၁၀ဝရောက်လျှင်ကား သမိုင်းဝင်ယတြာအဆောင်ကြီးများဖြစ်သွားမည်ဟု ထင်ရေးရှိကထင်ချင်ချင်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ YBS၊ ဝါတားတက်စီ။ နိုင်ငံတခွင်ရောက် H1N1များ။ လက်နက်မှုဖြင့်အဖမ်းခံရသူ ပြည်ခိုင်ဖြိုးဝန်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်း၊ ရှင်ပြန်ထလာသောဓမ္မစေတီခေါင်းလောင်း၏ ဦးစံလင်း။ နဂါးမင်းတို့မှစသည့် အမျိုးသမီးများသာရွေး၍နဂါး/သရဲပူးခြင်းများ၊ ရွှေတိဂုံအရှေ့မုခ်တွင်ငုံးဥရောင်း၍နှင်ထုတ်ခံရသူ ဒါဝသ်ဘိုင်(ခ)ဦးအောင်သန်းနှင့် ဘယ်ကိုင်းကားသွင်းလိုင်စင်ကိစ္စတို့သည် ဒုတိယပင်လုံနှင့်ငြိမ်းချမ်းရေးကြိုးပမ်းမှုများထက်ပင် သတင်းလွှမ်းမိုးခဲ့သည်ကို သတိထားမိပါသည်။
ဤကား မှတ်မိသမျှနှစ်အချုပ်တည်း။

သခင်မျိုးဟေ့ ဒို့Burman

ကမ္ဘာမီဒီယာများတွင် Myanmarese သုံးလာကြလေပြီ။ ကနေဒါမီဒီယာတခုမှ Myanmarian ဟုသုံးလိုက်သည်ကိုလည်းသိလိုက်ရ၏။
ကမ္ဘာလူမျိုးထောင်ချီတွင်မရှိလေသည့် လူမျိုးနှင့်တိုင်းပြည်အမည်ကို အင်္ဂလိပ်စာဖြင့် Myanmar,Myanmar အတူထားသည်ကို မြန်မာတို့က မပြင်ပေးငြား ကမ္ဘာကစပြင်လာပါပြီ။

မိန်းစရင်းကမ္ဘာမီဒီယာမှ အယ်ဒီတာ/သတင်းရေးသူလက်ထဲ ပုံအပ်ထားသလိုဖြစ်သဖြင့် ထိုထိုသူ့စိတ်တိုင်းကျ မြန်မာရီးစ်ဟု အသံထွက်ခေါ်ခံလာရလျှင် ဘယ်သူမပြုမိမိမှုတည်း။
လူဖြူတို့၏အမည်ပေးကို ခံစောင့်နေကြသည်လား။ ကိုလိုနီခေတ်မဟုတ်တော့မူ၍ သခင်စိတ်မွေးကြပါလေ။

ကံ(အလုပ်)တို့ကား အကြောင်းနှင့်အကျိုးဆက်စပ်ဖြစ်သည်လည်းဖြစ်မည်။ ဘုရားသခင်အလိုတော်အတိုင်းလည်း ဖြစ်ချင်ဖြစ်မည်။
အနာဂတ်ကို ဤလူသားက ဖန်တီးလုပ်ယူလျှင်လည်းရပေသည်။ အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ။
မြန်မာ့ဂဇက်မီဒီယာမှမူကား ၁၈၊၁၉ရာစုနှစ်များက အင်္ဂလိပ်တို့ မြန်မာဘုရင်ပိုင်နက်မြေကို, ကိုလိုနီမပြုခင် မြန်မာလူမျိုးတို့အပေါ် သုံးစွဲခေါ်တွင်ခဲ့သော မူလဧရာမမျိုးနွယ်အမည် Burman ကိုပြန်လည်အဆိုပြုပါသည်။
Burman မှာ ဗမာ Bamah တိုင်းရင်းသားအပါအဝင် တိုင်းရင်းသားအားလုံးကိုယ်စားပြုအမည်ဖြစ်စေလိုသည်။ပြည်နယ်အမည်များအားလည်း တိုင်းရင်းသားမျိုးနွယ်စုအမည်တပ်ခေါ်ထားခြင်းမှ ပြောင်းခေါ်ခြင်းကို လူထုရွေးကောက်ထားသည့် ပြည်ထောင်စုလွှတ်တော်မှဥပဒေပြုနိုင်ပါစေကြောင်း ၂၀၁၈အတွက် ဆန္ဒဆုမွန်ထားပါသတည်း။  ။

2 comments

  • Thint Aye Yeik

    November 29, 2017 at 3:49 pm

    မြန်မာ အစိုးရလည်း ဘာလုပ်လုပ် အဆဲချည်း လှိမ့်ခံနေရလေတော့….
    ”ခေါင်းဆောင်ကောင်းဟူသည်… အဆဲ ခံနိုင်မှ (ဆဲစရာ ကြုံမှ) ခေါင်းဆောင်ကောင်း ဖြစ်သည်”ဆိုတဲ့ အယူအဆကို
    ပြန် ဆန်းစစ်ရတော့မလိုလို….
    :k:

  • ဇီဇီ

    December 4, 2017 at 4:02 pm

    ဂလိုလုပ်ရင် မကောင်းဖုလားး
    ၁၄ နိုင်ငံ ခွဲပလိုက်။
    တံတိုင်းကာပလိုက်။
    စစ်တပ် ၁၄ ခု အပြိုင်ထောင်ကြ။

    :k:

Leave a Reply