အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော်(၂၀) – ပါမောက္ခမျိုးကျော်မြင့်

kaiNovember 28, 20172min2182

အရင်လက Noun clause လေးတွေအကြောင်းစတင်ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် if/whether တို့နဲ့စတဲ့ noun clause ရယ် wh question များနဲ့စတဲ့ noun clause တို့ကို ဦးစားပေးဖော်ပြခဲ့ပါတယ်။
ယခုလမှာတော့ လူသုံးများတဲ့ That နဲ့စတဲ့ noun clause လေးတွေအကြောင်းကို ဖော်ပြပေးပါ့မယ်။ ဖော်ပြပါ chart လေးကို လေ့လာကြပါစို့။


ဒီ chart လေးကိုကြည့်လိုက်ရင် that clause လေးမျိုးလေးစားရှိတာကို တွေ့နိုင်ပါတယ်။ ပထမဆုံးအုပ်စုကတော့ indirect object လုံးဝမပါတဲ့အုပ်စုပါ။ ဖော်ပြထားတဲ့ ကြိယာတွေကို အလွတ်ရအောင် ကျက်မှတ်ထားပါ။ ဥပမာ ဝါကျလေးတွေကို ကြည့်လိုက်ပါအုံး။
I agree that Myanmar should be a democratic country.
” မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတော်ဖြစ်သင့်ကြောင်း သဘောတူတယ်ပေါ့ ” ဒီဝါကျမှာ that Myanmar should be a democratic country ဆိုတဲ့ Noun clause လေးဟာ အင်္ဂလိပ်လိုobject မြန်မာ လို “ကံ” နေရာမှာ ရှိနေပါတယ်။ အခြား “ကံ” သို့မဟုတ် object လုံးဝမပါပါ။ နောက်ဥပမာတခုကြည့်ပါအုံး။
I know that Burmese people are smart and industrious.
“မြန်မာလူမျိုးတွေဟာ ဉာဏ်ရည်လည်းကောင်းတယ်၊ အလုပ်လည်းကြိုးစားမှန်းသိပါတယ်ပေါ့” ဒီဝါကျလေးမှာလည်း That clause ကို object သို့မဟုတ် “ကံ” နေရာမှာ တွေ့ရှိရပြီး အခြားobject သို့မဟုတ် “ကံ “လုံးဝမပါတော့ပါ။ လိုလည်းမလိုပါ။ ဒုတိယအုပ်စုကတော့ indirect object လို့ခေါ်တဲ့ “အပြုခံရသူ” ကို ထည့်သုံးလို့လည်းရတယ်၊ မထည့်ဘဲထားလို့လည်းရတဲ့ ကြိယာတွေဖြစ်ပါတယ်။
ဥပမာ – The teacher explained that Buddhism rejects violence completely.
” ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါဒကို လုံးဝပြစ်ပယ်တဲ့ဘာသာဖြစ်ကြောင်း ဆရာကရှင်းပြတယ်ပေါ့” ဒီနေရာမှာ That clause လေး က object သို့မဟုတ် “ကံ “နေရာမှာရှိနေပြီးအခြား object သို့မဟုတ် “ကံ” လုံးဝမပါတာကို သတိပြုမူပါ။ သို့သော် indirect object လေးကိုထည့်ပြီး သုံးချင်ရင်လည်း သုံးလို့ရပါသေးတယ်။ ဥပမာ – The teacher explained to us that Buddhism rejects violence completely.
ဒီဝါကျမှာကျတော့ that clause လေးအဖြစ် အပြုခံရသူ သို့မဟုတ် indirect object လေးအပြင် အပြုခံရသူ သို့မဟုတ် indirect object ဖြစ်တဲ့ us လေးကို to နဲ့တွဲပြီး သုံးထားတာ တွေ့ရပါ တယ်။ အထက်က ဝါကျနှစ်ခုစလုံးမှန်ပါတယ်။ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်အပေါ်မှာ မူတည်ပါတယ်။ အပြုခံရသူ – ဒီဝါကျမှာဆိုရင် အရှင်းပြခဲ့ရတဲ့ ကျွန်တော်တို့ကျောင်းသားတစုပေါ့လေ။ ဒါကို ထည့်ပြီး သုံးချင်ရင်သုံး၊မထည့်ဘဲ ထားလို့လည်းရပါတယ်။ စိတ်တိုင်းကျရွေးချယ်နိုင်ခွင့်ရှိတယ်ပေါ့နော်။ အဲ တတိယအုပ်စုကျတော့ ဒီလိုမဟုတ်တော့ဘူး။အပြုခံရသူသို့မဟုတ် indirect object ကို ထည့်ကိုထည့် ပေးရပါတယ်။ ဒါမှ မှန်ပါတယ်။
ဥပမာ – We finally convinced the generals that the duty of the military is to protect the public, not to govern the nation.
“နောက်ဆုံးမှာတော့ တပ်မတော်ရဲ့တာဝန်က ပြည်သူလူထုကို ကာကွယ်ပေးဖို့ဘဲ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးတွေသဘောပေါက်သွားကြတယ်ပေါ့ ။ ” ဒီနေရာမှာ The generals ဆိုတာက indirect object ပေါ့။ that clause ကမှ object သို့မဟုတ် စစ်မှန်တဲ့ ကံ ပေါ့။ နောက်ထပ်ဥပမာ တခုကြည့်လိုက်ပါအုံး။
My wife reminded me to buy her a diamond ring for her birthday.
“ဇနီးသည်က သူ့မွေးနေ့မှာ စိန်လက်စွပ်ဝယ်ပေးဖို့ သတိပေးတယ်ပေါ့နော်။ ” ဒါပေါ့လေ။ အသက်လေးတွေလည်း ရလာကြပြီဆိုတော့ ဒီလိုမှသတိမပေးရင် လုံးဝမေ့သွားမှာ သေချာပါတယ်။ ဒီတော့ သတိ ပေးတဲ့လူကိုတောင် ကျေးဇူးတင်မိပါသေးတယ်။ တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးတွေကြည့်လေ။ ဒေါ်အောင်ဆန်းစုကြည်က သတိပေးဖော်ရမှ ပြည်သူလူထုရဲ့အကျိုး သယ်ပိုးရမယ်ဆိုတာ သတိရသွားကြ တယ်မဟုတ်လား။ အင်္ဂလိပ်လိုတော့
Daw Aung San Suu Kyi reminded the generals that they should work for the good to the public.
လို့ဆိုပါတော့။ အဲဒီ အရင်နှစ်ပေါင်းများစွာတော့ ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအကျိုး၊ ကိုယ့်ဇနီးသားမယားများရဲ့အကျိုးကိုပဲ ဖိလုပ်နေခဲ့ကြတဲ့မဟုတ်လား။ အခုမှ သတိရရင်း၊သတိမရဘဲသေသွားခဲ့ကြတယ်။ ကိုနေဝင်းတို့လို ခေါင်းဆောင်ကြီးတွေနဲ့စာရင် တော်သေးတာပေါ့။ ကဲလေ ဒါတွေထားပါတော့။ နောက်ဆုံးကျန်နေတဲ့ စတုတ္ထမြောက် That clause နဲ့ သုံးရတဲ့ကြိယာလေးတွေကိုကြည့်ကြရအောင်။ ဒီအုပ်စု ကိုတော့ indirect object လို့ခေါ်တဲ့ အပြုခံရသူ ပါလည်းရတယ်၊ မပါလည်းရတဲ့ ကြိယာလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကဲ နမူနာလေးတွေ ကြည့်ကြရအောင်။
I promise that I won’t ask for help.
I promise you that I won’t ask for help.
အထက်ပါဝါကျနှစ်ခုစလုံးဟာ မှန်ပါတယ်။ အဓိပ္ပါယ်ကတော့ နည်းနည်းလေးကွဲပါတယ်။ “မင်းကို အကူအညီမတောင်းဖို့ ကတိပေးပါတယ်။ ဆိုတာနဲ့ အကူအညီမတောင်းဖို့က ကတိပေးပါတယ် ဆိုတော့ နည်းနည်းလေးတော့ အဓိပ္ပါယ်ကွဲတာပေါ့နော်။ ဒီတော့ That clause ” လေးမျိုးရှိတာကို မှတ်ထားပါ။ အပြုခံရသူ လုံးဝမလိုတဲ့ that clause ရယ်၊ အပြုခံရသူထည့်ကိုထည့်ပေးရတဲ့ that clause ရယ်၊ အပြုခံရသူကို ထည့်လို့လည်းရတယ်။ မထည့်ဘဲသုံးလို့ရတယ် သို့သော် (To) လေး ထည့်ပေးပြီး သုံးရတဲ့ ကြိယာလေးတွေရယ် နောက်ဆုံးto မလိုဘဲသုံးလို့ရတဲ့ ကြိယာလေးတွေရယ်လို့ လို့ လေးမျိုး လေးစား ရှိကြောင်း မှတ်သားထားကြဖို့ တိုက်တွန်းရင် နားလိုက်ပါအုံးမယ်။