အဖြုန်း

Kaung Kin PyarDecember 7, 20171min2111

လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။

အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော..

တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။

ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့

ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ ဒီ သစ်ဘက်ကို ရောက်လာခဲ့ကြတာ…။ ကယားလူမျိုးတွေကိုဆို တအားကူညီ၊ အလုပ်လဲအလုပ်မို့ သူ့သစ်သမားတွေအကုန်နီးပါး ဘူးတွေ၊ မြှာတွေချည်း..(ကယားနာမည်မှာ ပါနေကျအသုံးတွေပါ)

အလှူလဲအလှူမို့ လွိုင်ကော်မီးဘေးဆိုလဲ ပြေးလှူလိုက်တာပဲ…၊ ကျောင်းဆောက်တာ၊ ကျောင်းပြင်တာတွေလဲ သူတို့အလှူငွေတွေနဲ့ပဲ မ,တည်ခဲ့ကြတာ…။

ဒီအမျိုးသမီးရဲ့ အကိုအကြီးဆုံးက သူသစ်လုပ်ရင်း သူပုန်တွေဆီမှာ အဖမ်းခံရတော့ မင်းတို့လဲ ကယားပြည်နယ်တိုးတက်ရေးအတွက် အလုပ်လုပ်နေတာ၊ ငါချမ်းသာရင်လဲ ကယားပြည်နယ် တိုးတက်ရေးအတွက်ပဲ လုပ်မှာလို့ ကတိပေးခဲ့ပြီး တကယ်လဲ ပေးထားတဲ့ကတိအတိုင်း တည်ခဲ့တယ်…။

ဝန်ထမ်းတွေကိုဆိုရင်လဲ သင်တန်းတက်၊ ကျောင်းတက်ဖို့တို့၊ အိမ်ကိစ္စအရေးပေါ်လိုတယ်ဆိုရင်လဲ ပိုက်ဆံထုတ်ချေးလိုက်ဖို့တို့ ဘယ်တော့မှ ဝန်မလေးခဲ့ဘူး…။

ပြောချင်တာက စေးကုပ်ကပ်စေးတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ…။

အဲ့ဒီလို အမျိုးသမီးက သူမတော်တဆကြုံလို့ ပြောလိုက်တဲ့စကားက ရေကိုတစ်ဝက်ပဲဖွင့်ပါ တဲ့…။

တခါတလေ.. လမ်းသွားရင်း ရေတွေ ဒလဟောကျပြီး လမ်းပေါ်မှာပါ ဗွက်ပေါက်လောက်အောင်ဖြစ်နေတာတွေ မြင်ရင် သူ့ကို သတိရတယ်…။ တခါတလေ အိမ်မှာ မလိုအပ်ဘဲ ရေအားအကုန်ဖွင့်မိရင် သူ့ကိုသတိရပြီး ပြန်လျှော့ဖြစ်တယ်..။ တချို့နိုင်ငံတွေမှာ ရေလေး တပေါက်ပေါက်ကျတာကိုတောင် နှမြောလွန်းလို့ water sensor တွေပါ ကုန်ကျစရိတ်ကြီးကြီးပေး ထုတ်ပြီး အလကားဝေနေရတဲ့အချိန်မှာ ဒီကလူတွေကတော့… ဘုံးပေါလအော သုံးနေကြတယ်..။

ဒါလေးက တကယ်တော့ ဘာမှမဟုတ်ပေမယ့်လဲ… လူတွေရဲ့စိတ်ထဲ ခံယူချက်ထဲမှာ တကယ်လိုအပ်ရင် လိုအပ်တာကို သုံးသင့်ပေမယ့် တချို့တကယ်မလိုအပ်တဲ့နေရာတွေမှာ မလိုအပ်ဘဲ ဘာကိုမှ မဖြုန်းတီးသင့်ဘူးဆိုတဲ့ mind set လေး ရှိရင် ဒီကလူတွေ အရင်ကထက် ပိုပြီး ချောင်လည်နိုင်ကြမလား…။

 

 

#ကောင်းကင်ပြာ

20170712

One comment

  • ဦးကြောင်ကြီး

    December 8, 2017 at 10:58 am

    တီးတာတော့ ဗုံးဘောလအော တီးမှဖြစ်မယ် ကင်းကောင်လေး… တီးစို့

Leave a Reply