သင်မကောင်းလည်း ကျွန်ုပ်ကောင်းမည်

lovesickkalaySeptember 4, 20101min942

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတော့ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ် ဆိုတဲ့ သဘောပေါ့နော်။ ဒါဆိုအတော်ကြောက်စရာကောင်းတာပေါ ့နော်။ သူတော်ကောင်းဆိုတာသင်ကောင်းကောင်းမကောင်းကောင်းကျွန်ုပ်ကတော့ကောင်းနေရမယ်လေ။

စီးပွားရေးသမားအချို့က နရံကပ်စာတန်းများ ကိုရိုက်နှိပ်ထုတ်ဝေ ရောင်းချလျက်ရှိပါသည်။ ထိုနရံကပ်စာတန်းများကို အမှန်တရားပမာထင်မှတ်လျက် ၊မြတ်မြတ်နိုးနိုးတန်ဖိုးထားကာ ၊အိမ်နရံတွင် ချိတ်ဆွဲထားသူများလည်း ရှိပါသည်။ နရံကပ်စာတန်များတွင်၊ထေရဝါဒ ဗုဒ္ဒဓမ္မနှင့် ကိုက်ညီသည်တို့ရှိသလို၊မကိုက်ညီသည်တို့လည်း ရှိပါ၏။

ထေရဝါဒ ဗုဒ္ဒဘာသာဝင်ဖြစ်ပြီး၊ ထေရဝါဒ ဗုဒ္ဒဓမ္မနှင့် ဆန့်ကျင်သောစာတန်းကို၊ မိမိ၏အိမ်နရံတွင် ချိန်ဆွဲထားမိမည်ဆိုလျှင် မိမိသည် မိမိကိုးကွယ်ရာ ဗုဒ္ဒဓမ္မကို နားလည်သက်ဝင်မှု မရှိကြောင်း ဖော်ပြနေသကဲ့သို့ ရှိပေလိမ့်မည်။ထေရဝါဒ ဗုဒ္ဒဓမ္မနှင့်ဆန့်ကျင်သော နရံကပ်စာတန်းများတွင် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဟူသောစာတန်းလည်း ပါဝင်ပါ၏။ယင်းစာတန်းမှာ ကျဉ်းမြောင်းသော ပုဂ္ဂလခံစားမှု၊ထေရဝါဒ ဗုဒ္ဒဓမ္မကို နားလည်သိမြင်ခြင်း အားနည်းမှု၊ ယောနိသောမနာသိကာရ (သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းမှု) မရှိမှုတို့ ပေါင်းစည်းရာမှထွက်ပေါ်လာသောခြင်းဖြစ်၏။ နှလုံးသားမရင့်ကျက်မှုနှင့်ဦးနှောက်အားနည်းမှုတို့၏ ရလဒ်အဖြစ်သီးပွင့်လာသော စာတန်းဖြစ်၏။ ထေရဝါဒ ဗုဒ္ဒဘာသာဝင်သာလျှင်မဟုတ်။ လူသားတိုင်း ပင် ……..မချိတ်ဆွဲသင့်သော စာတန်းဖြစ်ပါ၏။

လူသည်မိမိတို့၏ လုပ်ရပ်ကို မိမိတို့ကိုယ်တိုင် တာဝန်ခံနေကြရခြင်းဖြစ်ပါသည်။ မိမိပြုလုပ်ပြောဆိုကြံစည်သော ကံသုံးပါ၏အကျိုးရလဒ်ကို မိမိသာ

ခံစား၊စံစားရခြင်း ဖြစ်ပါ၏။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ ၊သင်မကောင်းသော် မိမိလည်းမကောင်းနိုင်ပါ ဟု ဆိုခြင်းမှာ သူတစ်ပါး၏ အတွင်းသနာ္တန်၌

တောက်လောင်နေသောမီးကို မိမိ၏ နှလုံးသားထဲ ကူးယူလိုက်သည်နှင့် ပမာတူပါ၏။

သူတစ်ပါး၏ မကောင်းမှု မိမိ်ထံ ကူးစက်မလာပါစေနှင့်။မကောင်းမှုဟူသည် အကုသိုလ်ဖြစ်သောကြောင့် သူတစ်ပါးထံမှလက်ဆင့်ကမ်းမယူပါနှင့်။

သူ့မကောင်းမှုအတွက် သူဘာသာ တာဝန်ခံသွားပေလိမ့်မည်။ မိမိနှင့်ဆက်ဆံသူက မိမိအပေါ်မကောင်းလျှင် ပြူသူအသစ် ဖြစ်သူအဟောင်း ဟုသာ သဘောထားလိုက်ပါ။

မိမိက သူ့အပေါ်ပြန်၍မကောင်းစရာ မလိုပါ။ ပထမဦးဆုံး အကြိမ်အနေဖြင့် မိမိအပေါ်တွင် သူနားလည်သဘောပေါက်လာအောင်အကျိုးသင့် အကြောင်းသင့် ဖြောင်းဖြောင်းဖျဖျ ပြောဆိုဆွေးနွေးရမည်။ မိမိ၏စိတ်ရင်း ဖြောင့်မတ်မှန်ကန်မှု အပေါ် သူဘက်မှ မည်သို့မျှ လက်ခံလိုက်လျောမှု မရှိဘဲ မကောင်းမြဲ မကောင်းနေအုံးမည် ဆိုလျှင် ထိုသူနှင့် ဆက်ဆံရေးကို သိမ့်မွေ့စွာ ဖြတ်ချလိုက်ရုံသာ။ မိမိအပေါ် မကောင်းမြဲ မကောင်းနေသူအား လုံးဝမဆက်ဆံတော့ပြီးသည့်နောက်ဝယ် သူ့အကြောင်းနှင့်ပတ်သတ်၍ ချိုသည်ခါးသည်ကို (မှန်သည်ပင် ဖြစ်စေ) တစ်လုံးတစ်ပါဒမျှ ပြောဆိုဝေဖန်မနေနှင့်တော့။ ထိုသူနှင့် ပတ်သတ်သမျှ ယတိပြတ်သာပြည်ဖုံးကားချလိုက်ပါ။ ထိုသူထံမှ အကုသိုလ်များ မိမိထံကူးစက်လာအုံးမည် မဟုတ်ပါချေ။

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ၊ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည်ဟူသော သဘောတရားကို လက်ခံကျင့်သုံးနေကြမည် ဆိုလျှင်အဆိုးသံသရာသည် ရဟတ်ပမာ

လည်မြဲ လည်လျက်ရှိပေတော့မည်။ နိဂုံးကမ္ဖတ် အဆုံးသတ်တော့မည် မဟုတ်ပါ။ မကောင်းသော သဘောတရားတို့ကို လက်ခံသိမ်းပိုက်ခြင်း၊

ပြန့်ပွားအောင် ဖြန့်ဖြူးခြင်းကို မပြူအပ်ပါ။

(ရွှေဥမင် ဆရာတော်ဘုရားကြီး)

2 comments

  • kopauk mandalay

    September 4, 2010 at 11:47 am

    မှန်ပါတယ် သူကောင်းသည်ဖြစ်စေ သူမကောင်းသည်ဖြစ်စေ ကိုယ်ကကောင်းနေမယ်ဆိုရင် စိတ်ချမ်းသာမှာပါ။
    ကြုံလို့ပြောရအုံးမယ်ဆို ရင် လူတော်တော်များများ ကနံရံမှာစာတွေကပ်ကြတာများပါတယ်။
    တကယ်လိုက်နာဘို့လား သူများကိုသိစေချင်တာလား ဒါမှမဟုတ်လူအထင်ကြီးအောင်လားတော့မသိပါ။
    ကျနော်ကတော့ အဆိုအမိန့်တစ်ခုကို ကြိုက်ရင် နံရံကပ်ဘို့ထက် ရင်ထဲမှာနှုလုံးသွင်းပြီးလိုက်နာဘို့ကြိုးစားစေချင်ပါတယ်။

  • မန်း ရိပ်

    September 4, 2010 at 12:35 pm

    မှန်တာပေါ့
    ခင်ဗျာကောင်းမှ ကျွန်တော်ကောင်းမှာပေါ့

Leave a Reply