အင်္ဂလိပ်သဒ္ဒ်တတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiDecember 31, 20172min1653

ယခုလမှာ Clauses လေးတွေ phrases လေးတွေ အကြောင်း ခေတ္တရပ်နားပြီး လွန်စွာအသုံးဝင်တဲ့ adverb လေးတွေအကြောင်း လေ့လာကြရအောင်။ adverb လေးတွေဟာ ကြိယာလေးတွေ၊ adjective လေးတွေအပြင် အခြားadverb လေးတွေကိုပါ အထူးပြုနိုင်တဲ့အတွက် သုံးတတ်ရင် သုံးတတ်သလို အလွန်လှပတဲ့ ဝါကျလေးတွေ ဖွဲ့စည်းလို့ရအောင် ထောက်ကူပေးတက်ပါတယ်။ adverb လေးတွေရဲ့ အသုံးဝင်ပုံကို သဘောပေါက်နားလည်သွားအောင် only ဆိုတဲ့ adverb လေးနဲ့ သက်သေပြလိုပါတယ်။ ဒီနေရာမှာ နမူနာလေးဟာ အဓိပ္ပါယ်အနည်းငယ် ကြမ်းတမ်းတဲ့အတွက် ရိုင်းပြတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းလေး အသုံးပြုလိုက်ရတာက ဗိုလ်ချုပ်အောင်ဆန်း တခါကပြောခဲ့ဘူးသလို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း လေးဆိုရင် လူတွေက မှတ်မိတတ်လို့ပါ။ ကဲ အောက်ပါဝါကျလေးကို ကြည့်ကြရအောင်။
“I kicked him in the face yesterday .”
ဒီဝါကျလေးကို only ဆိုတဲ့ adverb လေးသုံးပြီး အဓိပ္ပါယ်မတူတဲ့ ဝါကျ ၆ မျိုးဖြစ်အောင် စွမ်းဆောင်နိုင်တယ်ဆို အံ့ဩသွားမလားမသိဘူး။
ဥပမာ – “Only I kicked him in the face yesterday.”
“I only kicked him in the face yesterday .”
“I kicked only him in the face yesterday .”
“I kicked him only in the face yesterday .”
“I kicked him in the face only yesterday .”
“I kicked him in the face yesterday only .”

အထက်ပါဝါကျ ၆ မျိုးစလုံးဟာ အဓိပ္ပါယ်လုံးဝမတူဘဲ ၊ ကွဲပြားခြားနားနေတယ်နော်။ တခုချင်းရဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ကြည့်ကြရအောင်။
(၁) မနေ့က သူ့ရဲ့မျက်နှာကို ကန်ကြောက်မိတာ ကျွန်တော်တစ်ယောက်တည်းပါ။ (မည်သူမျှ ကူညီကန်ကျောက်ခြင်းမရှိပါ။)
(၂) မနေ့က သူ့ရဲ့မျက်နှာကို ကျွန်တော် ကန်ကျောက်ရုံသက်သက်ပါ။ (ကိုက်ခြင်းဖဲ့ခြင်း၊ လက်သီးနှင့်ထိုးခြင်းမလုပ်ပါ။)
(၃) မနေ့က သူ့မျက်နှာတခုတည်းကိုသာ ကျွန်တော် ကန်ကျောက်မိတာပါ။ (အခြားသူများကို လုံးဝမကန်မိပါ။)
(၄) မနေ့က သူ့ရဲ့မျက်နှာ တခုတည်းကိုသာ ကျွန်တော်ကန်ကျောက်မိတာပါ။ (အခြားကျောပြင်တို့ ဗိုက်တို့ကို မကန်မိပါ)
(၅) သူ့ရဲ့မျက်နှာကို ကျွန်တော်ကန်ကျောက်မိတာ မနေ့တနေ့ကပဲ။ (မကြာသေးပါဘူးပေါ့)
(၆) မနေ့က တနေ့တည်းသာ သူ့ရဲ့မျက်နှာကို ကျွန်တော် ကန်ကျောက်မိပါတယ်။ (အရင်တခါမှ ဒီလိုမလုပ်ဖူးပါပေါ့)
only လေးတပ်ထားရုံနဲ့ မျိုးစုံ လည့်ပတ်ပြောဆိုနိုင်တာကို တွေ့ရှိနိုင်ပါတယ်။ only အပြင် အခြားအသုံးဝင်တဲ့ adverb လေးတခုကတော့ even ဖြစ်ပါတယ်။ even ကို အင်္ဂလိပ်လို Enphasize လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဥပမာ – “Even Zaw Zaw knows the answer.” ဆိုရင် “အဖြေကို ဇော်ဇော်တောင်မှသိတယ် ဆိုတော့ ဇော်ဇော်က တော်တော်ကို ညံ့တဲ့ကျောင်းသားလေးတယောက်ပေါ့။ ဇော်ဇော်ကတောင် အဖြေ သိတယ်ဆိုတော့ ” ဒီမေးခွန်းလေးကို တော်တော်ကို လွယ်တဲ့ မေးခွန်းလေးပေါ့။ Even ဆိုတဲ့ adverb လေးကို ဝါကျရဲ့ရှေ့ဆုံးမှာသာမက ၊ အခြားနေရာများ၌လည်း ထား၍ သုံးစွဲနိုင်ပါတယ်။
ဥပမာ – “He didn’t even speak to her .” “သူမကို စကားတောင် အဖက်လုပ်ပြီး မပြောလိုက်ဘူးပေါ့ ” ဒီလို Adverb အဖြစ် သုံးရတဲ့ even နဲ့ Though တို့ if တို့နဲ့ တွဲပြီးသုံးရတဲ့ transition word လေးဖြစ် တဲ့ even ကိုလွှဲမှားမသုံးမိစေဖို့ ဂရုပြုရပါသေးတယ်။ even though ဆိုတာက though ကို ပိုမိုလေးနက်သွားစေဖို့ သုံးလို့ရပါတယ်။ ဥပမာ “Though he was ill, he still went to work .” ဆိုတဲ့ ဝါကျလေးကို ပိုမိုလေး နက်သွားစေချင်ရင် “Even though he was ill, he still went to work.” လို့ သုံးလို့ရပါတယ်။ အလားတူ Conditional လို့ခေါ်တဲ့ if ပါတဲ့ ဝါကျလေးတွေကို ပိုမိုလေးနက်စေချင်ရင် even နဲ့ သုံးပါ။
“Even if she knew the truth, she wouldn’t say anything .”
ဝါကျ၌ Adverb လေးများကို နေရာ လေးနေရာ၌ အဓိကအားဖြင့် ထားပြီးသုံးစွဲလေ့ရှိပါသည်။ ဝါကျ၏အစ၌ ၎င်း ဝါကျ၏အဆုံး၌၎င်း၊ ကြိယာ၏အရှေ့၌၎င်း၊ကြိယာ၏အနောက်၌၎င်း ဟူ၍ လေးနေရာ၌ထားပြီးသုံးစွဲလေ့ရှိ ပါသည်။ ဥပမာ – ” Her father died suddenly, Naturally, she was very sad. ”
အထက်ပါဝါကျ၌ ပထမဝါကျ၏အဆုံးတွင် suddenly ဆိုသည့် adverb လေးကိုတွေ့ရှိနိုင်ပြီး ဒုတိယဝါက၏အစ၌ naturally ဆိုသည့် adverb လေးကို တွေ့ရှိရပါသည်။ မြန်မာလိုတော့-“သူမရဲ့အဖေ ရုတ်တရက် သေဆုံးသွားတော့ သူမစိတ်မကောင်းဖြစ်တာ သဘာဝကျပါတယ် ” ပေါ့။ အလားတူပင် “The boy quickly left the room.” “He spoke so fast that no one understood him.” ဆိုသည့်ဝါကျနှစ်ခု၌quickly ဆိုသည့် adverb လေးကို left ဆိုတဲ့ ကြိယာလေးရဲ့ရှေ့မှာ တွေ့ရသလို ဒုတိယဝါကျ၌ fast ဆိုတဲ့ adverb လေးကို spoke ဆိုတဲ့ ကြိယာလေးရဲ့ နောက်မှာ ကပ်ပြီးတွေ့ရှိရပါတယ်။ adverb လေးတွေကို အခြားနေရာများ၌ သုံး၍ရ သော်လည်း ဤလေးနေရာကို ပိုင်ပိုင်နိုင်နိုင်သုံးတတ်အောင် လေ့ကျင့်ထားရင် လုံလောက်ပါတယ်။ ဒီနေရာမှာ တခုသတိထားဖို့က အချို့ဝေါဟာရလေးတွေမှာ adjective ကို ly ထည့်လိုက်ရင် Adverb အဖြစ်ပြောင်းလဲသွား တတ်သော်လည်း အချို့ ဝေါဟာရများမှာ adjective မှာရော adverb မှာပါ ဝေါဟာရတခုတည်းဖြစ်နေတတ်ပါတယ်။ သတိမထားမိရင် ရှုပ်ထွေးသွားနိုင်ပါတယ်။ ဥပမာ -hard နှင့် fast ဆိုသော ဝေါဟာရလေးနှစ်ခုကိုကြည့် ့ကြရအောင်။
– “He is a hard worker.” “He works hard.”
– “He is a fast talker.” “He talks fast.”
ပထမဝါကျမှာ Hard ဟာ adjective ပါ။ နာမ်ကိုအထူးပြုနေတာကိုး။ ဒုတိယဝါကျမှာတော့ hard ဟာ adverb ပါ ။ ကြိယာကိုအထူးပြုနေတာကိုး။ အလားတူ တတိယဝါကျမှာ fast ဟာ adjective ပါဘဲ။ ဒါပေမဲ့ စတုတ္ထဝါကျမှာတော့ fast ဟာ adverb လေး ဖြစ်သွားပါတယ်။ ဒါကို သဘောမပေါက်ဘဲ hard ကို adverb ဖြစ်အောင်ဆိုပြီး hardly လို့ပြောင်းပြီး အချို့ကသုံးတဲ့အခါ ကိုးယိုးကားယားဝါကျလေးတွေ တွေ့ရတတ်ပါတယ်။ hardly လို negative adverb လို့ခေါ်တယ်။ adverb လေးတွေအကြောင်း နောက်လကြမှ ဆက်လက်ဖော်ပြပေးပါမယ်။ နိဂုံးမချုပ်ခင်မှာ စာရေးသူ ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင် Campus) အများက RC 3 လို့ခေါ်တဲ့ ကျောင်းကြီးမှာ နည်းပြအဖြစ် စတင်ဝင်ရောက်စဉ်က အင်္ဂလိပ်စာဌာနမှူး ပြုလုပ်နေခဲ့သူ ဆရာဦးတင်လတ်ဝေ ရန်ကုန်မှာပဲ ကွယ်လွန်သွားကြောင်း သိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှကြေကွဲမိရကြောင်း ပြောလို ပါတယ်။ ဆရာရဲ့ ဩဝါဒစကားလေးတွေ ၊ ကျောင်းသားများအပေါ် ထားတဲ့မေတ္တာစေတနာတွေကို အမြဲတန်းသတိရနေမှာပါ။ ဆရာ ဦးတင်လတ်ဝေ ကောင်းရာသုဂတိလားပါစေ။

3 comments

  • Thint Aye Yeik

    January 11, 2018 at 6:35 pm

    ဗဟုသုတ ရပါ၏။
    ပုံမှန် တင်ပြ/သင်ကြားပေးနေလို့လည်း ကျေးဇူး တင်ပါ၏။

Leave a Reply