“ဆံပယ်ခြင်းအလွမ်း ”

 

 

လွန်လေပြီးသောနှစ်များမှာဇာတိမြေနဲ့ပူးတုံခွာတုံရှိနေသူ ကျနော်တစ်ယောက်

၂၀၁၈နှစ်၏ ပထမဆုံးသောနေ့

ညမိုးချုပ်ချုပ်မှာ မွေးရပ်မြေကိုရောက်ခဲ့လေသည်။

ဆုံတွေ့ချင်လှသောမန္တလေးဆောင်းအမှီအရောက်ပြန်ခဲ့သော်လည်း

ဇာတိမြေကို အကြာကြီးခွဲထားလေသူအား စိတ်ကောက်လေသောသဘောဆောင်ကာ

မိုးနှင့်သာကြိုဆိုလေ၏။

မိုးကြောက်သောကျနော်သည်မိုးနှင့်မလွတ်သဖြင့်

ဘယ်မှ မသွားဘဲ အခန်းအောင်းကာသာနေလေသည်။

လွတ်လပ်ရေးနေ့နံနက်တွင်မူ မိုးဒုက္ခမှလွတ်ကင်းလေတော့သည်။

ရုံးပိတ်သဖြင့် ဟိုဟိုဒီဒီလမ်းသလားမည်ကြံနေခိုက်

အလုပ်ကိစ္စများက လက်ကိုင်ခြူလေး များတစ်ဆင့် ကျနော်ထံအရောက်လာကြလေသည်။

ဒီတော့လဲ အလုပ်နှင့်ချိန်းဆိုရာ နေရာသို့ ဆိုင်ကယ်ထုတ်ကာယွန်းရလေတော့သည်။

အလုပ်အတွက် တွေ့ဆုံရသောသူများနှင့် တွေ့ဆုံ

ဘာဘာညာညာသာရကာတွေပြော ပြီးလို့အပြန် လမ်း၈ဝပေါ်အရောက်

၂၆ဘီလမ်းမှနေ၍ ၂ရလမ်းဘက်သို့ချိုးကွေ့လိုက်သောအခါ

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စားသောက်နေကျဖြစ်သောခဲ့ဘူးရုံစိန်ခေါက်ဆွဲဆိုင်ရှေ့ရောက်ချိန်

ဆိုင်ကယ်ခေါင်းက အလိုလို ဆိုင်ထဲသို့ဦးတည်လေတော့၏။

“အကိုဘာစားမလဲ”ဟု မေးလာသော ဆိုင်ဝန်ထမ်းလေးအား

ထမင်းပေါင်းတစ်ပွဲ  နှင့် နံအသားလျှာ (ဝက်နံကင်၊ဝက်သား၊ဝက်လျှာသုံးမျိုးစပ်)

အသုတ်တစ်ပွဲ ကိုမှာလိုက်လေသည်။

ထမင်းပေါင်းရောက်လာတော့ ခေတ်အလိုက်ဓါတ်ပုံရိုက် ဖဘ စာမျက်နှာကို

အချိန်နဲ့တစ်ပြေးညီတင်လိုက်လေသောအခါ

“ထမင်းပေါင်းကလဲ ထမင်းသုတ်အတိုင်းဘဲ “ဆိုသော

တစ်ယောက်သောသူ၏ကော်မင်းလေးကိုဖတ်ပြီးသကာလ

မန်းလေးထမင်းပေါင်းက ထမင်းကို ငရုတ်ဆီနဲ့နယ် မြေပဲကြော်ထည့် အသားလေးဖြူးထားတာ၊

ရန်ကုန်ထမင်းပေါင်းကတော့အသားနဲ့အသီးအနှံကိုကော်ရည်ထည့်ကြော်ပြီး  ထမင်းပေါ်မှာလောင်းထားတာ၊

လားရှိုးထမင်းပေါင်းကတော့ ဘယ်လိုဆိုပြီး ဝေဝေဝေဆာဆာဖြေရင်း

စဆရကလုပ်လိုက်ရလေသည်။

လိုက်ကတော့ ဘယ်နှစ်ယောက် ဘယ်သူတွေကတော့အသဲပေး

ကော်မင်းတွေကတော့ဘယ်နှစ်ယောက်ဆိုတာ

ကိုသိရလေအောင် ထမင်းစားနေရင်းမှာပင်

ဖုန်းကို မီးတောက်မတတ်ပွတ်မိလေ၏။

စားပြီးသောက်ပြီးချိန် ၃၁လမ်းအရောက် သိန်းဝင်းဆံသရှေ့ရောက်တော့ မတိုမရှည်ဆံပင်လေးက

အလိုလို ယားလာပြန်ပါသည်။

ဒီတော့လဲ ဆံပင်ညှပ်ဘို့ ဆိုင်ရှေ့ ကို အရောက် ဆိုင်မှ ဝန်ထမ်းငယ်လေးများက

ယဉ်ကျေးပျုငှာသင်တန်းဆင်းထက်ပင်များစွာသာလွန်သော

ဆက်ဆံရေးဖြင့် ဆရာခြင်းမိုးမွှန်အောင်ခေါ်ကာ ဆိုင်ထဲတွင်နေရာပေးလေသည်။

ကိုယ့်အလှည့်ရောက်အောင်စောင့်နေရင်းက ဆံပင်ညှပ်နေသူများကို ဟိုကြည့်ဒီကြည့်

ငေးမောရင်း ကပင် ညှပ်လိုက်ပေါက်လိုက် အမြဲလိုလိုဖြစ်နေသော

ခေါင်းထက်က ဆံပင်များ ကို ပယ်ခြင်းအကြောင်းကိုပြန်ပြောင်းတွေးမိလေတော့သည်။

**********************************************************

ဆံပယ်ခြင်းအကြောင်းပြောမည်ဆိုလျှင် ကျနော် စကားမပီခင်ကာလ ကပင်စတင်

ပြောမှ ပြည့်စုံမည်ထင်ပါသည်။

မန္တလေးသားတွေက တောင်မြို့ဟုခေါ်တွင်သော အမရပူရမြို့မှာ

နေခဲ့စဉ်ကျနော် ၃ -၄ နှစ်သား စကားမပီတပီအရွယ် က ဆံပင်ညှပ်မည်ဆိုလျှင်

အဖေ့မိတ်ဆွေ ဆံသဆရာ ကိုဘသင်းက အိမ်သို့လာ ၍ဆံပင်ညှပ်ပေးပါသည်။

သူ့ကို ကျနော်က “အိုဗာတင်း” ဟုခေါ်သည်မှာ ကျနော်အရွယ်ရသည်ပင်။

သူကတော့အင်မတန်ဂျီတိုက်တတ်သောကျနော်ကို စိတ်ရှည်လက်ရှည်ချော့မော့၍ဆံပင်ညှပ်ပေးရသူဖြစ်ပါသည်။

ဆံပင်ညှပ်မည်ဆိုပါက အိမ်နံဘေးက သစ်ပင်အောက်တွင်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်

အဖေ့ပုဆိုးဟောင်းတစ်ထည်ကို ကိုယ်ပေါ်တွင်ခြုံ ပြီးသကာလ

အငြိမ်မနေသောကျနော်ကိုခေါင်းကို ခပ်ကြမ်းကြမ်း ကိုင်ပြီး ဆံပယ်ခန်းစပါသည်။

စက်ကပ်ကြေးသံ တချပ်ချပ်ပေးလိုက် ဂိုက်တံတကျပ်ကျပ်ထိုးလိုက်လုပ်နေချိန်တွင်

ကျနော်ကလည်း ငိုမဲ့မဲ့ဖြင့်တွန့်လိမ်လိုက်ရုန်းလိုက် လုပ်လေသောအခါ

အိုဗာတင်း ကစုပ်သပ်ခါ ချော့လိုက်နှင့် နာရီဝက်ကျော်ကျော်အကြာမှာ

ဆံပယ်ခြင်းကိစ္စအဆုံးသတ်လေသည်။

 

ကျနော်အနှစ်သက်ဆုံးအရာကာ းဆံပင်ညှပ်ပြီးချိန် တို့ပါတ်ပုဝါကြီးဖြင့်

ပေါင်ဒါမူန့်တွေ တို့ခြင်းပင်ဖြစ်လေသည်။

ကျနော် ၂တန်းကျောင်းသားအလွန် မှာတော့ ကျနော်တို့လည်း မန္တလေးမြို့တောင်ပုလင်းဝင်းအရပ်သို့

ပြောင်းရွှေ့ခဲ့ကြသောအခါ  ကိုဘသင်းနှင့်ဝေးလေတော့သည်။

*******************************************************

ကျနော်တို့ပြောင်းရွွှှေနေထိုင်သော အရပ် လမ်းလေးခွဆုံမှ ကုက္ကိုလ်ပင်ကြီးအောက်တွင်

ကိုထွေးဆံသ ဆိုင်ရှိလေသည်။

သစ်သားပြားပေါ်တွင်သင်္ဘောဆေးအဖြူဖြင့် ဆံသဆိုင်မှန်းသိအောင်စာရေးထားပါသည်။

ကိုထွေးဆိုင်အဆင်အပြင်ကားရိုးရုးိရှင်းရှင်း။

ဆိုင်နံဘေးမှာကွပ်ပျစ်လေးတစ်ခုချထားသည်။

ကြွေပစ်သောခုံနှင့်ကြွေပန်းကန်တစ်လုံးရှိသည်

ကျားထိုးရန်အတွက်ကျားကွက် ၂ခုချထားသည်။

ထိုခေတ်က လူတိုင်းစိတ်ဝင်စားသော တံခွန် အားကစားဂျာနယ်တွေချထားပေးသည်။

ဆံပင်ညှပ်ရန်ထိုင်သောခုံမှာကတော့ လက်တန်းပါသော သစ်သားခုံအခင်းပေါ်တွင်

ပေါက်ပြဲနေသောဆိုဖာတစ်ခုတင်ထားသည်။

ထိုင်ခုံရှေ့မှတော့ ပြဒါးတွေပျယ်နေသော ကြည့်မှန်တစ်ချပ်တပ်ထားသောခုံတစ်လုံး။

၎င်းခုံ၏အောက်မှာတော့ဆံပင်ညှပ်ကိရိယာများထားသောအံဆွဲလေးပါလေသည်။

ဆိုင်အပြင်အဆင်က ညိုညစ်ညစ်ဖြစ်သလို ပိုင်ရှင်ဖြစ်သူ

ကိုထွေးကိုယ်တိုင်ဆံသဆရာဖြစ်ပေမယ့် သူ့ဆံပင်တွေက ဘုတ်သိုက်နဲ့ညှင်းသိုးသိုး။

အခြားသူတွေကိုသာဆံပင်ညှပ်ပေးနေပေမယ့် သူကိုယ်တိုင်ကတော့ ဆံပင်မညှပ်အား။

ကိုထွေး ဆိုင်မှာကျနော်သဘောအကျဆုံးအရာတစ်ခုရှိပါသည်။

တစ်ယောက်ယောက်ကို မုတ်ဆိတ်ကျင်စွယ်ရိတ်ပယ်ခါနီးတွင် ကုက္ကိုပင်တွင်ချိတ်ဆွဲထားသော

သားရည်ပြားပေါ်ကို အရောင်လက်လက်ထနေသော သင်ဓုန်းဒါးကိုတရွှမ်းရွှမ်းအသံမြည်အောင်

ဒါးသွေးနေပုံဘဲဖြစ်ပါသည်။

ထိုအချိန်တွင်ကိုထွေး၏မျက်ဝန်းအစုံမှာ အရောင်လက်နေသလိုပင်။

ကိုထွေးဆိုင်နံဘေးတွင် အမေနှစ်သက်သောလက်ဖက်ရည်ဆိုင်ရှိပါသည်။

အမေက လက်ဖက်ရည်ချိုင့်ဆွဲဝယ်ခိုင်းသည့်အခါတိုင်း

ကိုထွေးဒါးသွေးချိန်နှင့်ဆုံလျှင်ဖြစ်စေ

ကိုထွေးဆိုင်အနီးတွင် ကြွေပစ်နေတာနဲ့ဆုံလျှင်ဖြစ်စေ ကျားထိုးနေကြသည်နှင့်ဆုံလျှင်ဖြစ်စေ

ဘာရယ်ညာရယ်မသိ ကျနော်ငေးမောကြည့်နေတတ်ပါသည်။

ကျနော်ကြည့်၍ ဝသောအခါမှ အိမ်ပြန်ပါသည်။

အိမ်ရောက်သော် အမေဝယ်ခိုင်းသောလက်ဖက်ရည်သည်အေးစက်နေသောအခါ

ကျောပြင်ကိုဗြောအတင်ခံရမြဲ။

သို့သော်ကျနော်ကလဲအမှတ်မရှိ ငေးမောမြဲပင်။

 

ကိုထွေးနှင့်ကျနော်တွင်မမေ့နိုင်စရာအဖြစ်အပျက်တစ်ခု ရှိခဲ့ဘူးပါသည်။

တစ်ရက်အမေက ကျနော်ကို ပြားငါးဆယ်ပေးပြီးဆံပင်ညှပ်ဘို့လွှတ်လိုက်ပါသည်။

လမ်းမှာ သီးသီးရိုက်တာ တွေ့တော့သီးသီးဝင်ရိုက်ပါတော့သည်။

နိုင်လိုက်ရှုံးလိုက်နဲ့ အတော်ကြာသောအခါ ကျနော့်မှာပါသောပိုက်ဆံကုန်သွားချိန်

ဆံပင်မညှပ်ဘဲ အိမ်ကိုမပြန်ရဲ။

ထို့ကြောင့်လဲ

“ လေးထွေး အမေ က ဆံပင်ညှပ်ခ နောက်မှပေးမယ်တဲ့ “ဟုပြောကာ

ခပ်တည်တည်နှင့်ဆံပင်ညှပ်ပါတော့သည်။

ကိုထွေးကလဲ အမေ ကဟုဆိုသောကြောင့်တစ်ခွန်းမှာမမေး

“လာခုံပေါ်တက်”ဟုဆိုကာဆံပင်ညှပ်ပေးလိုက်ပါသည်။

အိမ်ပြန်ရောက်တော့ အမေက ပိုတဲ့ ပိုက်ဆံရော ဟုမေးသောအခါ

ကိုထွေးက ကဘဲ မအမ်းလိုက်တာလိုလို နှင့် ယောင်ဝါးဝါးလုပ်နေလိုက်လေသည်။

တစ်နေ့လျှင် မုန့်ဘိုး ၁၅ပြားသာရသောကျနော်အဘို့ ကိုထွေး ကိုဆံပင်ညှပ်ခတစ်မတ်မပေးနို်င်ပါ။

ဒီတော့လည်း အမေက လက်ဖက်ရည်ဝယ်ခိုင်းတိုင်း ကိုထွေးဆိုုင်ရှေ့ကမဖြတ်ဘဲ

ရှောင်ကွင်းကာသွားရတော့သည်။

ကိုထွေးဆိုင်ကိုမဖြတ်ဘဲလာရသောလမ်းသည် ဝေးပါသည်။

ခွေးလိုက်ဆွဲမှာကိုလဲကြောက်ရပါသည်။

သို့သော် ကိုထွေး က အကြွေးတောင်းမှာလည်းကြောက်ပါသည်။

ကြာတော့ အမေက လက်ဖက်ရည်ဝယ်ခိုင်းမှာကိုကြောက်နေပါတော့သည်။

သည်လိုနှင့် တစ်လကုန်၍ အမေက ဆံပင်ညှပ်ခိုင်းသောအခါ

ကိုထွေးဆိုင်မှာမညှပ်ဘဲအခြားဆိုင်သို့ သွားညှပ်လေသည်။

ဆံပင်ညှပ်ပြန်လာချိန် အမေက

“ဒီတစ်ခါ နင့်ဆံပင်ညှပ်ထားတာ ဘာလိုနေမှန်းမသိဘူး ကြည့်ရတာတမျိုးကြီး “ဟုဆိုသောအခါ

အမေများသိသွားလျင်ဆိုသောအကြောက်တစ်မျိုးတိုးလာပြန်ပါသည်။

 

တစ်ရက်ကျနော်လက်ဖက်ရည်သွားဝယ်ချိန် ကိုထွေးလဲ လက်ဖက်ရည်ဆိုင်ထိုင်ချိန်နဲ့

ဆုံပါသည်။

ကိုထွေး က ကျနော်ကိုမြင်သည်နှင့်

“ဟိုကောင် ငါ့ဆိုင်မလာဘဲ ဆံပင်ဘယ်သွားညှပ်နေလဲ “ဟုမေးသောအခါ

ကျနော်မှာ အဖြေမရှိ။

“ အဲ့ဒီနေ့ က မင်းသီးသီး ဝင်ရိုက်နေတာငါမြင်တယ်

မင်း မားသားကြီး က ဘယ်တော့ မှ အကြွေး တင်မခံတာလဲငါသိတယ်

ဟိုတစ်ခါ ဆံပင်ညှပ်ခလဲ မပေးနဲ့တော့

လူကြီးတွေကိုလဲ လိမ်မပြောနဲ့ အမှန်အတိုင်းဘဲပြော

နောက်တစ်ခါ ငါ့ဆိုင်ဘဲ လာညှပ်“ဟု ပြုံးပြုံးရွှင်ရွှင်နဲ့ပြောသောအခါ

ကျနော့်မှာ ဝန်ထုပ်ဝန်ပိုးကြီးထမ်းထားရတာ လွှတ်ချလိုက်ရသလို ပျော်သွားပါသည်။

သည်လိုနဲ့ ကျနော်ငါးတန်းကျောင်းသားဘဝမှာ တောင်ပုလင်းဝင်းရပ်မှနေ၍

လမ်း ၈ဝ ၊၂၄-၂၅လမ်းကြား ကျုံးနံဘေးသို့ပြောင်းရွှေ့ရပြန်သောအခါတွင်

ဆံပယ်ခြင်းအမူ့ကိုပြုရန်အတွက် ငယ်ချစ် အိုဗာတင်းနှင့်ထပ်မံဆုံတွေ့ရပြန်လေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

၁၂၁၁၈

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။