အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ
အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။
နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။
Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed.
ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင်
အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။

တမိနစ် ၁တောင့်မှသည်
အမေရိကပြည်တွင်သေနတ်ကြောင့် ၂၀၁ရခုအတွင်း ၁၅၅၄၉ယောက်သေခဲ့သည်။
2nd Amendment ထုတ်ခဲ့သည့်ခုနှစ်၁၇၉၁ က သေနတ်တလက်မှကျည်ထွက်အားသည် တမိနစ်လျှင် တချက်(တတောင့်)သာရှိသည်။ ၂၁ရာစုယခုတွင်မူစွမ်းအားမြင့်သေနတ်တလက်မှ တမိနစ်ကျည် ၆၀၀+တောင့်ထုတ်ပေးနိုင်နေပြီ။
သေနတ်လက်နက်ကို Tool ကရိယာတန်ဆာပလာအဖြစ်သဘောထား လူထုအားကိုင်ခွင့်၊မွန်းမံခွင့်တီထွင်ခွင့်ပေးထားခြင်းကြောင့် နည်းပညာအရတိုးတက်လာသော ထင်ရှားသည့်ရလဒ်ပါတည်း။ သို့ဆိုသော် သေနတ်တလက်နှင့်
လူသတ်အသက်ခြွေနိုင်သော အရေအတွက်လည်း လွန်စွာတက်လာသည်။ စစ်ပွဲများလည်းစိတ်လာသည်။
သမ္မတအိုဘားမားလက်ထက် ၂၀၁၂ ဒီဇင်ဘာ ၁၄တွင် ဆန်ဒီဟုခ် မူလတန်းကျောင်း၊ နယူးတောင်း၊ကန်နတိကက်ပြည်နယ်တွင်ကလေးများအားအစုလိုက်အပြုံလိုက်ပစ်သတ်ခဲ့သော အချိန်မှ ယခု ၂၀၁၈ ဖေဖေါ်ဝါရီလ ၁၄ရက်
ချစ်သူများနေ့ ဖလော်ရီဒါပြည်နယ်။ ပါ့ခ်လန်းဒ်ရှိအထက်တန်းကျောင်းမှ ကျောင်းသူားဆရာ၁ရယောက်အသတ်ခံရချိန်အထိအစုလိုက်အပြုံလိုက်ပစ်ခတ်မှုပေါင်း ၁၆၀ရမှုဖြစ်ခဲ့ကာ လူ၁၈၄၆ယောက်သေ၍ ၆၄၅၉ယောက်ဒဏ်ရာရခဲ့ပြီးဖြစ်သည်။

အရိုးမတွန်နိုင်
ဆန်ဒီဟုဒ်မူလတန်းကလေးတို့ သေဆုံးခြင်းကြောင့်ကျခဲ့သော သမ္မတအိုဘားမား၏မျက်ရည်ကိုမီဒီယာတို့တွင်မြင်ဖူးကြပါလိမ့်မည်။ အိုဘားမားသည်ကွန်ဂရက်၏အတည်ပြုချက်ဖြင့်သေနတ်ကိုင်ခြင်းအားအတိုင်းအတာတခုထိထိမ်းချုပ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင် ။နည်းဥပဒေအနေဖြင့်ကား
နောက်ကြောင်းရာဇဝင်ပြန်စစ်ကာစိတ္တဇဝေဒနာသည်များအားသေနတ်ရောင်းချခြင်းကိုအတိုင်းအတာတခုထိပိတ်ထားနိုင်ခဲ့သည်။ သို့သော် သမ္မတထရမ့်တက်လာသည်နှင့်ဦးစွာဖြုတ်ပစ်လိုက်သောနည်းဥပဒေသတ်မှတ်ချက်များတွက် ထိုအချက်လည်းပါသွားပါလေသည်။ သမ္မတထရမ့်သည် NRA အမာခံ ကွန်ဆာဗေးတစ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကိုကောင်းစွာနားလည်သော်ငြား ပစ္စည်းမဲ့တို့ဒေါသကို သဘောမပေါက်သည့် ဘီလီယံနာဖြစ်သည်။

NRA vs American Teens
အမေရိကား၏ပါဝါအာဏာအကြီးဆုံး ၁၈၇၁ခုနှစ်ကတည်ထောင်သောအသင်းကြီးသည် သေနတ်ကိုင်သူ။သေနတ်ချစ်သူများ၏အသင်းကြီးဖြစ်ယုံမက နိုင်ငံရေးလောကတွင်လည်းလွန်စွာ အာဏာပါဝါရှိသော အသင်းကြီးဖြစ်၏။
အသင်းဝင် ၅သန်းရှိကာ အသင်းကြီးမှ အခြားနိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများနှင့်အကျိုးစီးပွားချိပ်ဆက်ထားပြီးအသစ်တက်လာမည့်နိုင်ငံရေးသမားများ။ အဟောင်းမြဲစေမည့်အမတ်များအတွက်လည်းနိုင်ငံရေးရန်ပုံငွေသန်းရာချီလှူတန်းပေးကမ်းနေသည့်အဖွဲ့ဖြစ်သည်။ အသင်းသည်
“သေနတ်ကိုင်လူဆိုးကို သေနတ်ကိုင်လူကောင်းကရပ်တန့်စေနိုင်သည်။” အမြင်ကိုကိုင်စွဲထားကာ အမေရိကန်တိုင်း၏သေနတ်ကိုလွတ်လပ်စွာကိုင်ခွင့်ပိုင်ခွင့်ကို မည်သည့်အကြောင်းနှင့်မျှ အထိမခံပေ။

ရှေးခေတ်နှင့် ယခုခေတ်အမေရိကပြည်ကို လက်နက်နှင့်တည်ထောင်ခဲ့သည်မဟုတ်လော။ ခွင့်တူညီမျှအောင် လက်နက်နှင့်ညှိခဲ့သည်မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်နိုင်ငံများသို့လက်နက်စစ်ပစ္စည်းထိုင်ရောင်းကာ စစ်အတွင်းနောက်ကျဝင်လာပြီးနောက် ကမ္ဘာစီးပွားရေးကိုလွှမ်းခြုံယူအုပ်စိုးသွားသော အမေရိကပြည်ထောင်စု၏ပါဝါအမြုတေသည် လက်နက်မဟုတ်ပါလော။
အသတ်ခံရသူတို့၏ဆွေမျိုးသားချင်းမိတ်ဆွေရင်းများနှင့် ကျောင်းသွားရင်း နောက်မလုံဘဝရောက်ကြရမည့်ကျောင်းသူားများအတွက်ကား ထိုသို့မဟုတ်။ သေနတ်သည် စိတ္တဇဝေဒနာသမား သို့မဟုတ် အကြောင်းမဲ့လူသတ်ချင်သူလက်ထဲ
မရောက်သင့်။ အစိုးရသည် တရားဥပဒေစိုးမိုးရေးနှင့်လူထုအသက်အိုးအိမ်ကိုတာဝန်ယူရမည်။
လူကိုထိခိုက်စေနိုုင်သည့် ဥပဒေတို့ကိုပြင်သင့်လျှော့သင့်သည်။
ယခုလပိုင်း အမေရိကနိုင်ငံရေးအခြေအနေသည် ထိုထိုအခြေအနေတွင် ဘယ်-ညာလွန်ဆွဲနေခြင်းဖြစ်သည်။
သေချာသည်မှာ မည်သည့်အမေရိကန်ကမှ အခြေခံဥပဒေကိုပြင်ရန်/ဖြုတ်ရန်စိတ်မဝင်စား။ သို့သော် လက်နက်ကို ဘီယာ(ပင်)တရားဝင်မဝယ်နိုင်သေးသည့်အသက်၁၈နှစ်သားကအလွယ်ဝယ်နိုင်သောစနစ်ကိုမူကားအလိုမရှိ။ လက်နက်ဆိုသည်မှ
သာမန်လက်နက်လည်းမဟုတ်။ AR 15 သို့တစက္ကန့်လျှင် ကျည် ၇၀ဝတောင့်ထိပစ်နိုင်သော စစ်ဖြစ်လျှင်သုံးသည်လက်နက်ကိုရူးသူဖြစ်စေအလွယ်ဝယ်နိုင်သည်ကို မလိုလားကြ။
NRA ဖက်မှကြည့်လျှင်တော့ တမျိုးဖြစ်မည်။ သေနတ်ထုတ်ခြင်း/ရောင်းခြင်းသည် NRA ၏တိုက်ရိုက်အကျိုးစီးပွားဖြစ်သည်။
နိုင်ငံ၏အသက်သွေးကြော အလုံးစုံ၊ လူ့အခွင့်အရေးတို့ကို ထိမ်းညှိပေးထားရာ”နတ်တပါး”ဖြစ်သည်။

ယခုတခါတွင် ဖလော်ရီဒါပြည် အထက်တန်းကျောင်း၌အသတ်ခံရသူများမှာ လူမမယ်ကလေးငယ်များမဟုတ်မူ၍ကောင်းစွာချေပပြောဆိုနိုင်သော မျက်မြင်သက်သော အထက်တန်းကျောင်းသားများဖြစ်ရကား သေနတ်ဥပဒေကို(အနည်းငယ်တော့)ကိုင်လှုပ်တော့မည်ထင်ပါသည်။ ဖလော်ရီဒါပစ်ခတ်မှုပြီးသည်နှင့်ပင် ဖလော်ရီဒါပြည်နယ်မှ အိမ်ဖြူတော်အထိ ဘတ်စ်များနှင့်ချီတက်သွားကာ သမ္မတနှင့်တွေ့ရင်း သူတို့အလိုဆန္ဒတို့ကိုဖွင့်ပြောခဲ့ကြသည်။
ဆယ်ကျော်သက်တို့၏ ပါဝါသည်သေနတ်မှပေးထားသော အာဏာကိုယှဉ်နိုင်မည်လား စောင့်ကြည့်ရဦးမည်ဟူ၍သာ။

အဖမြန်မာပြည်
မြန်မာလူမျိုးတို့သည် သမိုင်းအဆက်ဆက် နှစ်ထောင်ချီ လက်နက်ကိုင် စစ်တိုက်ကျွမ်းကျင်ခဲ့ကြသည်။ စစ်အတွင်းသုံး ဆင်၊မြင်းထိမ်းကျောင်းရာတွင်လည်းကျွမ်းကျင်ကြသည်။ ရှေးအစဉ်အဆက်ဒေသတွင်းအကောင်းဆုံးဖြစ်ခဲ့သည်မူ၍
ကြီးမားသောအင်ပါယာကြီးများပင်တည်ထောင်ထားနိုင်သည်မဟုတ်ပါလား။

အင်္ဂလိပ်ကိုလိုနီဖြစ်ကြသော် ရဲဘော်သုံးကျိတ်ဟူ၍ ဂျပန်သွားစစ်ပညာတော်သင်ကာ စစ်တပ်ထောင်သေနတ်ကိုင်ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကိုတော်လှန်သည်။
ဂျပန်တို့နှင့်အဆင်မပြေဖြစ်သော် အင်္ဂလိပ်ကိုပြန်ခေါ်ကာ ချပြန်သည်။
သို့နှင့်ဂျပန်အထွက်အင်္ဂလိပ်ပြန်အဝင်လွတ်လပ်ရေးရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့်နှစ်များတွင်ပင် အင်္ဂလိပ်တို့ကိုလိုနီဘဝမှအလိုလို လွတ်လပ်ရေးရကုန်သည့်နိုင်ငံများလည်းရှိပေရာ မြန်မာတို့လက်နက်ကိုင်တော်လှန်ရေးသည် လိုသည်လေလား/မလိုလား မည်သူမှသေချာလည်းမသိ။ သေချာသည်ကား ကိုင်ထား(ဖူး)သောလက်နက်တို့ကြောင့်ပြည်တွင်းစစ်မီးကြီးတဝုန်းဝုန်းတောက်လောင်ခဲ့ခြင်းသာတည်း။

၂၁ရာစုရောက်ပါပြီ။ ယခုလည်း သူပုန်အသီးသီး၊ တိုင်းရင်းသားအပြားပြားက သေနတ်ကိုင်ထားကြပြန်လေသည်။
သေနတ်ကိုင်သူကိုသာ ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးဖို့ခေါ်သည်ကိုး။ မြန်မာ့သမိုင်းတလျှာက် လက်နက်ကိုင်ထားသူအချင်းချင်း စားပွဲပေါ်ညှိခြင်းအဆင်ပြေခဲ့ဖူးပါ၏လော။ မိမိလည်းသေချာမသိ။
နိဂုံးချုပ်ပါအံ့
မြန်မာသည်ကမ္ဘာလူဦးရေအများဆုံးသော တိုင်းပြည်ကြီး ၂ခုကြားရှိနေရကား မြန်မာတိုင်းလည်း သေနတ်ကိုင်နိုင်ပါရန်ဥပဒေပြုပါရန် စသင့်ပါပြီ။ နိုင်ငံသားတိုင်း အရွယ်ရောက်သည်နှင့်စစ်တပ်တွင်အမှုထမ်းသည်လည်းဖြစ်ရမည်။
အစိုးရသည်လည်းကောင်း၊ စစ်တပ်သည်လည်းကောင်း မတရားအနိုင်ကျင့်နေသည်တို့ရှိသည်။
လက်နက်ကိုင်သူပုန်တို့သည်လည်းကောင်းအကြမ်းဖက်သမားတို့သည်၎င်း အနိုင်ကျင့်ကြသည်ရှိ၏။ မြို့ကြီးလမ်းမပေါ်တွင်ပင်ဒါးတိုတချောင်းကိုင်ကာ တလောကလုံးအော်ဆဲနေသူများလည်းရှိသည်။

အမေရိကားကဲ့သို့ လူတိုင်းသေနတ်ကိုင်ခွင်ပြုထားပါလျှင် မည်သူကမျှမည်သူ့ကိုမှ အသားလွတ်မစော်ကားရဲပါလေ။
သေနတ်မကိုင်ထားစေဦး ရှိလေနိုးဖြင့် အပြန်အလှန်လေးစားသမှုထားကာ ထိမ်းကုန်သည်ကို ဂျပန်-အမေရိကားပြည်၏သမိုင်းတို့မှယူကြည့်နိုင်သည်။

ဂျပန်လူမျိုးတို့သည် တစုံတဦးအားတိုက်မိလျှင်ဖြစ်စေ။ အနှောက်အယှက်ပြုမိလျှင်ဖြစ်စေ ကဗျာကယာဦးစွာတောင်းပန်လေ့ရှိသည်။
ထိုဓလေ့သည် ဆာမူရိုင်းအခံစိတ်ဓာတ်မှလာသည်။ ရှေးဂျပန်တို့သည် လမ်းရှောင်ရင်း တဦးနှင့်တဦးထိတိုက်မိသော်(မြန်မာတို့ကဲ့သို့) တချက်လှည့်ကြည့်ကာ စောင်းငန်းစောင်းငန်းနှင့်ဆက်သွားပါလျှင် စိမ်ခေါ်သည်မူ၍
ဓားချင်းယှဉ်ခုတ်ကြသည်မဟုတ်ပါလော။
အမေရိကပြည်တည်ထောင်စကလည်း ဤသည်အတိုင်းပင်။
ကောင်းဘွိုင်အပါအဝင် အမေရိကန်လူထုသည် မျက်စိတဆုံးရှိသောလယ်ယာ/မွေးမြူရေးများလုပ်ကြသည်။
တအိမ်နှင့်တအိမ်ဝေးလှသည်မို့ လက်နက်ရှိတစုံတဦးမှ အိမ်လာသောင်းကျန်းသွားလျှင် သေဖွယ်ရသာရှိတောသည်။ သို့နှင့်ကိုယ်တိုင်လုံခြုံမှုအတွက် သေနတ်ဆောင်ရသလို ကလေးငယ်မှအစ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် သေနတ်ပစ်တတ်ရသည်။
ထိုစိတ်အခြေခံမှသည် မှားလျှင်တောင်းပန်၊ တောင်းပန်ပါကကျေအေး/မအေး ဖွင့်ပြောရသည့်စရိုက်လည်းဝင်လာသည်။

သေနတ်၏ပါဝါသည်အလွန်ကြီး၏။ သို့နှင့်သေစေသောနတ် သေနတ်ဟုများ အမည်ပေးထားသည်လားမသိ။
မျက်စိတဆုံး ဧရာမကျယ်ပြောသော လယ်ခင်းစိုက်ခင်းကြီးများ၏ အစွန်းထောင့်ရှိ ပြောင်းခင်းမှပြောင်းတဖူးကိုချိုးယူရန်ပင်မဝံ့ဖြစ်ချေသည်။ မတော် အဝေးတနေရာမှ ပိုင်ရှင်က စနိုက်ပါနှင့်ပစ်လျှင်မထိလော။ ထိလျှင်မသေလော။
မရှိသော်ငြားရှိနိုးနိုးပင်စွမ်းလှချေသည်။

မြန်မာတို့၌တောင်းပန်-ကျေအေးအကျင့်စရိုက်မထွန်းကား။မနက်ခင်း၊ရုံးပြန်နှုတ်ဆက်စကားမရှိ။ အိမ်အဝင်အိမ်အပြန်ကြိုဆိုခွန်းဆက်စကားမဆို။
လူမှုရေးရာများတွင် လွတ်ကွက်ဟာကွက်များလွန်းသည်။ ထိုယဉ်ကျေးမှုများကို “မြန်မာနိုင်ငံသားတိုင်းတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသည်။” ဟူသော စာလုံး၁၆လုံးမျှက ပြောင်းပြန်လှန်ပစ်နိုင်သည်။
လေကိုကန်၍မာန်နေရသောဘဝများမှလည်း လွတ်မြောက်လိမ့်မည်။ဤသို့နှင့်အရှေ့တောင်အာရှတွင် မြန်မာ့မူလအခြေအနေရွှေထီးဆောင်းခေတ်လည်းပြန်ရောက်လာစရာအကြောင်းရှိပါသည်။

မည်သည့်နိုင်ငံမဆို သူနှင့်တန်သောအစိုးရ (သို့) မည်သည့်အစိုးရမဆို သူနှင့်တန်သောလူထုရသည်မဟုတ်ပါလော။
ဘာသာတရား၊ တိုင်းရင်းသား၊ အဖွဲ့အစည်း။ အသင်းအဖွဲ့။ ။ ဆွေမျိုးစု၊ အိမ်ထောင်စု၊ လူအချင်းချင်းတဦးတဖွဲ့တစုတနိုင်ငံအပြန်အလှန်လေးစားသမှုနှင့်ငြိမ်းချမ်းခြင်းကို သေနတ်နှင့်လုပ်ယူသွားသည်ကိုမြင်လိုမိပါကြောင်း။
အဖမြန်မာပြည်တိုးတက်၍အမိအမေရိကပြည်ငြိမ်းချမ်းပါစေသတည်း။

About kai

Kai has written 1053 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.