ဂျင်း..အစ

နွေဦးMarch 12, 20181min4595

တနေ့က သူငယ်ချင်း တယောက်က မေးတယ်..

မင်းတို့ က ဂျင်း မိပြီ.. ဂျင်းထည့် ခံရပြီ.. ဂျင်း..ဂျင်း.. နဲ့ ပြောနေတာ ဘာတုန်းကွ  တဲ့ ..

အဲဒီ ဂျင်းဆိုတဲ့ စကား ကို အစ ဖေါ်ရမယ်ဆို စိန်ဂျွန်းဈေး ကို ပြန်သွားကြရမှာဘဲ..။

စိန်ဂျွန်းဈေး ဆိုတာ အခု မင်းရဲကျော်စွာလမ်း လို့ခေါ်တဲ့ စိန်ဂျွန်းလမ်းနဲ့ ပြည်လမ်း ဆုံတဲ့ နေရာ..

City Mall လို့ခေါ်တဲ့ ဈေး နေရာပေါ့.. ။

အရင် ရန်ကုန်ထောင်ကြီးရဲ့ အုတ်နံရံဘေးမှာပါ.. ။

ရန်ကုန်ထောင်ကြီးဆိုတာက ဗိုလ်ချုပ်လမ်းနဲ့ ဘုန်းကြီးလမ်း ပြည်လမ်းတို့ဆုံတဲ့နေရာမှာပါ..။

ထောင်ကြီးဖျက်ပြီးတော့ ရန်ကုန် ဆေးရုံ (ဂျပန်ဆေးရုံ) ဆောက် ထားပါတယ်..။

အရင် စိန်ဂျွန်းဈေး နေရာ..

ကဲ.. စကားအစ စိန်ဂျွန်းဈေးကို ပြန်သွားကြရအောင်.. ။

အရင်ခေတ်တခုမှာ မှောင်ခိုစီးပွါးရေး ကြီးထွားလာတဲ့အချိန် တခုရှိခဲ့တယ်.. ။

ယိုးဒယားက အခွန်မဲ့ပစ္စည်းတွေ ခိုးသွင်းပြီး မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရောင်းခဲ့တဲ့ခေတ်ပေါ့..။

အဲဒီသွင်းလာတဲ့ မှောင်ခိုပစ္စည်းတွေကို အထင်ကရ မှောင်ခို ဈေးကြီး သုံးဈေးမှာ ရောင်းကြတယ်..။

တောင်ဥက္ကလာ ၁ဝရပ်ကွက်ဈေးက အထည်အလိပ်တွေ ပါတိတ် ဖေါ့ရှန် စတာတွေ ရောင်းတဲ့ ဒိုင်တွေ ..။

လေဟာပြင်ဈေးကတော့ ပီနန်က ဝင်တဲ့ ဘေထုတ် အထည်ဟောင်းတွေ ရောင်းတဲ့ လက်လီလက်ကား ဆိုင်တွေ..။

စိန်ဂျွန်းဈေးကတော့ လူသုံးကုန် တွေ ရေဒီယို ကက်ဆက်တွေ အဓိက ဖြန့်တဲ့ ဒိုင်တွေပါ…။

အဲဒီခေတ်က ရေဒီယို ခေတ်ကနေ ကက်ဆက် ခေတ်ကို ပြောင်းတဲ့အချိန်မို့ မှောင်ခို ဝင်လာတဲ့ ကက်ဆက်တွေက မော်ဒယ်အသစ်တွေ တမျိုးပြီးတမျိုး ဖေါချင်းသောချင်း ဝင်နေ အရောင်းအဝယ်ဖြစ်နေတာပေါ့.. ။

အရောင်းအဝယ်ကောင်းလာတော့ စိန်ဂျွန်းဈေးမှာ ကက်ဆက်ပွဲစား ဆိုတဲ့ လူတန်းစားတရပ် ပေါ်လာခဲ့တယ်.. ။ ပွဲစားဆိုတာတွေက အဲဒီက စလာတာလားလို့တောင်ထင်ရတယ်..။

အနယ်နယ်အရပ်ရပ်က ကက်ဆက်ဝယ်မယ်လို့ စိန်ဂျွန်းဈေးထဲ ရောက်လာရင် ပွဲစားတွေနဲ့ ရှောင်လို့ လွတ်တဲ့သူရှားပါတယ်..။

ဒီကနေ  ဂျင်း အကြောင်းပြောရအုံးမယ်..။

ဂျင်းဆိုတာ စားတဲ့ ဂျင်းတက် ကို ပြောတာမဟုတ်ပါဘူး..

အဲဒီချိန် လူငယ်တွေကြား ခေတ်စားနေတဲ့ Jean ဘောင်းဘီကို ကိုယ်စားပြုတဲ့ ဂျင်းပါ..။

ဂျင်းဆိုတာက ဟောင်းလေ စုတ်လေ ကြိုက်ကြလေဘဲ..

ဂျင်းဘောင်းဘီဆိုတာကလဲ အသစ် စက်စက်ထက် ဟောင်းနွမ်း အရောင်ပျက်တဲ့ ဂျင်းဘောင်းဘီကိုမှ ပိုကြိုက်ကြတာ..။ ဟောင်းလေ ကောင်းလေ ပေါ့..။

ဂျင်းဆိုတာက ဟောင်းလေ စုတ်လေ ကြိုက်ကြလေဘဲ..

 

ကက်ဆက် ဝယ်ဖို့ လာတဲ့သူတွေက ပွဲစားရဲ့ ဆွဲဆောင်ချက်နဲ့ ကက်ဆက် ဆိုင် တဆိုင်ဆိုင်ကို ရောက်တယ်ဆိုရင်ပေါ့…

ပွဲစားက ဆိုင်ရှင်ကို ” ဗျို့ ကို စံချိတ်ရေ.. ကျွန်တော့မိတ်ဆွေက ကက်ဆက်လေး လိုချင်လို့.. ” ဆို ပြီး မိတ်ဆက် ပေးတော့တာဘဲ.. ။

ပွဲစား စကားက စံချိတ် လို့ ပြောရင် ဆိုင်ရှင် က ပွဲခ အစိတ် (၂၅ ကျပ် ) ချန် ပေးရမယ်လို့ နားလည်ရပါတယ်..။

နှစ်စံချိတ် ဆို  နှစ်စိတ်.. ၅ဝ ကျပ် ချန်ပေးရတယ်..။

ကိုလေးစံ လို့ ခေါ်လိုက်ပြီဆို လေးစိတ် . ၂၅×၄= ၁၀ဝ ကျပ် ချန်ပေါ်ရသဗျ..။

ကို ချစ်စံ ဆိုရင် တော့ ရှစ်စံ လို့ပြောတာမို့၂၀ဝကျပ်ချန် လို့ နားလည်ပေးရတယ်..။

ခုခေတ် ပွဲစားတွေ ဒီလို ငွေဖေါင်းပွနေတော့ ဘယ်လိုတွေ အစံချိတ်နေကြပါလိမ့်မလဲ… ။

ဟိုတခေတ်က လူကြိုက်များတဲ့ ကက်ဆက်

 

အဲဒီမှာ ဝယ်သူနဲ့ ရောင်းသူကြား ဈေးမတည့်နိုင်တဲ့အခါမျိုးမှာ ဈေးပေါတဲ့ အဟောင်းကို အသစ်လို ပြုပြင်ထားတဲ့ ကက်ဆက်တွေကို လိမ်ရောင်းဖို့အတွက် ပွဲစားနဲ့ ဆိုင်ရှင် ညှိကြရပါတယ်.. ။

အဲလိုအချိန် ဆိုင်ရှင်က ပွဲစားကို ” မင်းဟိုနေ့က ဝတ်လာတဲ့ ဂျင်းဘောင်းဘီ ဘယ်မှာ ဝယ်တာလဲ ” လို့ စကားဝှက်နဲ့အဟောင်း ပြပြီးရောင်းမယ်လို့ အချက်ပေးတတ်ကြတယ်.. ။

ပွဲစားကလဲ အဟောင်းရောင်းမယ်ဆို သူပွဲခ ၁၀ဝ ကျပ်ရမှ ဖြစ်မယ် ဆို ဒီလိုပြန်ပြောတယ်ဗျ.. ” အဲဒါက ကိုလေးစံဆီက ဗျ.. ကြိုက်ရင် ယူလေဗျာ.. ” ဆို အခြင်းခြင်း နားလည်ကြတယ်..။

အဲဒီကနေမှ.. ပွဲစားတွေက ဂျင်းဘောင်းဘီကနေ ဂျင်း ဆိုပြီး တရွေ့ရွေ့ နဲ့ အဟောင်း အပျက်ကို ဂျင်း ဆိုပြီးသုံး ကြရင်း လိမ်ရောင်းလိုက်ရင် ဂျင်းထည့်လိုက်တယ်.. အလိမ်ခံရရင် ဂျင်းထည့်ခံရတယ်ဆိုပြီး စိန်ဂျွန်းဈေး ပွဲစားလောက မှာ ဘန်းစကားနဲ့ သုံးကြရင် ခုတော့ ဂျင်းကောင်များအထိ ပြောင်းလဲ သုံးလာကြပါပြီ.. ။

 

 

နွေဦးသစ်စိမ်း ဂျင်းထည့်သည်..။

 

 

 

 

 

 

 

 

5 comments

  • ဦး လေး မန်း

    March 14, 2018 at 9:46 pm

    အော် ဂျင်းဘဝ ဇာတ်ကြောင်းကိုး၊

  • Foreign Resident

    March 25, 2018 at 12:38 am

    အခုမှဘဲ ဂျင်း အစကို သိတော့တယ် ။
    Info အတွက် ကျေးကျေးပါ ။

  • manawphyulay

    April 2, 2018 at 4:20 pm

    ဂလို ဂျင်းကိုး… ခုမှ သေချာသိတော့တယ်… ဂျင်းရာဇဝင် ဖတ်သွားပါတယ်။

  • ဇီဇီ

    April 4, 2018 at 3:42 pm

    ဂျင်း ရာဇွင် အတုဂျီးနဲ့
    အင်ဖို ဂျင်းထည့်တာလား

    :mrgreen:

Leave a Reply