ကိုယ်အခုတလော စိတ်ဝင်စားလာတဲ့အကြောင်းအရာထဲမှာ Personal Space ဆိုတာက ထိပ်ဆုံးကပဲ…။ မြန်မာနဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာတော့ အားနာတတ်တာကြောင့်ရော၊ ပုံမှန်လိုဖြစ်နေတာကြောင့်ပါ ဒီကိစ္စကို သိပ်အရေးတယူမရှိတာများတယ်…။ ဒါပေမယ့် သူသူကိုယ်ကိုယ်ရဲ့ အတွင်းစိတ်ထဲမှာတော့ ကိုယ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်းထိ ချည်းနင်းဝင်ရောက်လာရင် နေမထိထိုင်မသာ ဖြစ်တတ်တဲ့၊ မသိုးမသန့်ဖြစ်တတ်တဲ့ စိတ်တစ်မျိုးရှိကြတယ်…။ ဒါက တစ်ခါတစ်လေ အချိန်နဲ့နေရာပေါ်လဲ မူတည်သေးတယ်..။ (ဥပမာ.. ထမင်းစားလက်စမှာ ဧည့်သည်ရုတ်တရက်ရောက်လာရင် ပုံမှန်အတိုင်း ဆက်မစားနိုင်တော့ပဲ နည်းနည်းရှိုးတို့ရှန့်တန့်ဖြစ်သွားတဲ့ ခံစားမှုလိုမျိုးပဲ.)

ကိုယ်ဆို ကိုယ်ငယ်ငယ်ကတည်းက သတ်မှတ်ထားတဲ့ လူ၂မျိုးပဲ ရှိတယ်၊ ကိုယ်ခင်တဲ့သူရယ်၊ ကိုယ်မခင်တဲ့သူရယ်.. (အပြင်ပန်းက မေးထူးခေါ်ပြောရှိပေမယ့် စိတ်ထဲက နှစ်နှစ်ကာကာတကယ်ခင်မခင်ဆိုတာ ရှိသေးတယ်လေ..)

အိမ်မှာဆို ကိုယ့် Personal Space က ကိုယ့်အိပ်ယာပဲ…။ ဘယ်လောက်ခင်တဲ့သူငယ်ချင်းမ ဖြစ်စေ..၊ ကိုယ့်အိပ်ယာပေါ် ချွေးတွေဖုန်တွေနဲ့ ခြေမဆေးလက်မဆေး တက်လှဲရင် အားကြီးစိတ်ဆိုးတယ်..၊ အဲ့လို လုပ်သွားပြီး ညဘက်ကိုယ်ဒီပေါ်မှာ အိပ်ရင် ကိုယ့်အဝန်းအဝိုင်းက မသန့်တော့သလိုမျိုး ခံစားချက်ကြီးကြောင့် ဘယ်လိုုမှ အိပ်မပျော်နိုင်လို့ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်ကအစ အကုန်ပြန်လဲခဲ့ရဖူးတယ်…။

တချို့ Personal Space တွေက သိပ်ကျယ်ဝန်းလွန်းတယ်..၊ ကိုယ့်မိသားစုနဲ့ ကိုယ်ချစ်သူခင်သူတွေကလွဲရင် ပေးမဝင်နိုင်လောက်အောင်ထိ Strict ဖြစ်တယ်.။ ဒါတောင်မှ တချို့ကိစ္စမျိုးမှာ အဲ့လိုလူတွေကိုတောင် လက်မခံနိုင်စရာတွေရှိသေးတယ်..။ ဥပမာ – ကိုယ့် ဒိုုင်ယာရီစာအုပ်ကို ဖွင့်ဖတ်တာမျိုးတို့ ကိုယ့် PW တွေယူထားပြီး ယူသုံးတာမျိုးတို့…၊ ဒီလိုကိစ္စတွေမှာ ဆန်းဆန်းတင့်ဖြစ်ခြင်းဟာ ကိုယ်အမှားတစ်ခုခုလုပ်ထားလို့ မလုံမလဲဖြစ်ခြင်းမျိုးမဟုတ်ဘဲ တစ်ဖက်လူကသာ ဘောင်ကျော်လာခြင်းဖြစ်တယ်..။

အဲ… နောက်တစ်ခုကတော့ Personal Space နဲ့ ဆင်တူသလိုလိုရှိတဲ့ Empty Space ပါ….။ လူတိုုင်းမှာ  သူ့ကိုယ်ပိုင်အချိန်တစ်ခုတော့ ရှိသင့်တယ်လို့ ထင်တယ်….။ အဲ့ဒီအချိန် သူစာအုပ်ဖတ်ချင်ဖတ်မယ်၊ တွေးချင်တာ ထိုင်တွေးမယ်…၊ ဒါမှမဟုတ်လဲ သူဝါသနာပါရာ၊ သူလိုအပ်တယ်ထင်တာ သူလုပ်ချင်လုပ်မယ်…။ ယူတို့ကတော့ မိန်းမတွေဟာ အမြဲဗြစ်စိဗြစ်စိပြောနေပြီး.. ဦးနှောက်ဟာ အတွေးပေါင်းစုံနဲ့ရှုပ်ရှက်ခတ်နေလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်တယ်..၊ အားနွဲ့ပျော့ညံ့လို ဘယ်သွားသွား သူငယ်ချင်းနဲ့ပဲ သွားတတ်ကြတာမို့ တစ်ယောက်တည်းနေချိန်မလိုအပ်ဘူးလို့ တွေးကောင်းတွေးလိမ့်မယ်…။ အဲ့ဒီလိုတွေးတယ်ဆိုရင် ကိုယ့်အတွက်တော့ မှားတယ်…။

Independent ဖြစ်နေပြီးသားလူအတွက် အခြားလူတစ်ယောက်ဆိုတာ.. လူပိုသက်သက်ပဲ…။ Shopping Center ပတ်ရင်တောင် ခြေများညောင်းနေမလား၊ ဗိုက်များဆာနေမလားနဲ့ ကိုယ်အားနာငဲ့ကွက်နေရမယ့် အပိုဒုက္ခသက်သက်ပဲ…။ တခြားလူတစ်ယောက်ရဲ့ အကြံပြုချက်တွေဝေဖန်အကဲဖြတ်မှုတွေမလိုအပ်ဘဲ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်နိုင်တယ်ဆိုရင် ဘာလို့ နောက်တစ်ယောက်အတူလိုက်ဖို့ လိုမလဲ….။ ကိုယ် Shopping ထွက်ရုံ၊ ကော်ဖီသောက်ရုံအတွက် တခြားလူတစ်ယောက်ယောက်ပါနေမှ ဒီကိစ္စဖြစ်သွားနိုင်မယ် ဆိုတာကြီးကလဲ လက်မခံနိုင်လောက်ဖွယ်ရာပဲ…။

တခါတလေ.. အဲ့ဒီလို ကိုယ် Empty Space လိုအပ်နေတဲ့အချိန်မျိုးဆိုရင် Personal Space ထဲ ဝင်ခွင့်ရတဲ့ လူတွေတောင် ဒီလိုအချိန်မှာ ကိုယ့်ကို အနှောင့်အယှက်ပေးတဲ့သူအဖြစ် ပြောင်းသွားတတ်တယ်…။

ဘယ်လိုပဲ စိတ်ပူလို့လိုက်ချင်တယ်…၊ Spa သွားလဲ စောင့်ပေးမယ်၊ Shopping ပတ်လဲ လိုက်ရွေးပေးပါရစေ ပြောနေလဲ… ကိုယ်က Empty Space လိုအပ်နေချင်ဆိုရင် ဒါက ကူညီရာမရောက်နေဘူး…။

အမှန်တော့ ဒီလိုအချိန်တွေမှာ တစ်ယောက်တည်း လွှတ်ပေးထားလိုက်တာက ၂ဦး၂ဖက်ပိုအဆင်ပြေကောင်းမွန်နိုင်တာမို့ .ချစ်တဲ့သူတိုင်း ကိုယ့်ချစ်သူကို အမြဲမျက်စိဒေါက်ထောက်ကြည့်တာ၊ အချစ်ခံရသူတိုင်း အားနေချိန်တွေ ဘေးနားမခွာဘဲရှိနေခြင်း ဘေးမှ ကင်းဝေးကြပါစေ…

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..