“ဟိတ်ကောင် ငကြောင်ကြီး။” ရွာလူရှုပ်လူပွေကြီး ဥငယ်လိမ္မာ၏ အသံဖြစ်သည်။ “ဂျာဂျ” ကြောင်ကြီးမှ ပြန်ထူးသံ ဖြစ်သည်။ “ဟိတ်ကောင် မင်းလိုကောင်ကို လူမထင်ဘူးကွ။ လူလို့လည်း မသတ်မှတ်ဘူး။” ဥငယ်လိမ္မာကား လွန်စွာ စိတ်ဆိုး ဒေါသထွက်နေပုံ ရသည်။ ခြစ်ဆရာ ကြောင်ကြီး အပြုံးမပျက် “ဟုတ်ကဲ့ အဖေ။” “ဘာကွ မင်းငါ့ကို အဲလို မခေါ်နက်။” ဥငယ်လိမ္မာ ပို၍ဒေါဖေါင်းလာသည်။ “ဟုတ်ကဲ့ မကြိုက် နောင်မခေါ်ပါဘူး။ အနော် ပြောချင်တာ အနော်ကလည်း ဥငယ်လိမ္မာကို လူလို့ မသတ်မှတ်တာကြာပြီ။ အခုမှ မုန့်ဗူး။” ရုပ်ရည် သနားကမားနှင့် ကြောင်ကြီးမှ အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “ဘာ…………………….စ်။ မင်းငါ့ကို ဘယ်လိုပြောတယ်။ ပြန်ပြောစမ်း။” သူများသားသမီးကို မှိုချိုးမျှစ်ချိုး ပြောပြီး သူ့အလှည့်ကျ မခံနိုင်သော ဥငယ်လိမ္မာ ဘီလူးစီးသည့်အလား ထခုန်သည်။ “ဟုတ်ကဲ့ အနော်ပြောတာ ဥငယ်လိမ္မာကို လူလို့ အနော်ကလည်း.. အစ် အစ်။” ကြောင်ကြီး ပြန်ဖြေသော စကားမဆုံးခင် ဥငယ်လိမ္မာမှ လည်ပင်းထညှစ်သဖြင့် အော်သော ကြောင်အသံ ဖြစ်သည်။

“မင်းလို တိရိစ္ဆာန်ကို အရှင်မထားဘူး၊ အလိုလိုက် အမိုက်စော်ကား။ ခုချက်ခြင်း ခိုင်ပုန်းတရားရုံးပို့မယ်။ ၆၆ဃနဲ့ ရုံးတင် တရားစွဲမယ်။ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်။” ဥငယ်လိမ္မာကား ဒေါသကုမ္မာရ မင်းသားလေး ဇာတ်ခင်းလေပြီ။ ထိုအချိန် တီဗွီမှ တိုက်ရိုက်လွှင့်နေသော ငှက်မယ်တော်ကြီး၏ “သည်းခံသားတို့ သည်းခံ သည်းခံက စစ်တပ်ရန်က လွတ်မယ်”” ဆိုသည့် ရွှေပြည်ဧ မတရားလည်း မကြားတော့။ သူ့စိတ်ထဲဝယ် ကြောင်သတ်ရန် အကုသိုလ်စိတ်သာ ရှိသည်။

ဝယ်ဟယ်ဟယ်… ခိုင်ပုန်းတရားရုံး ဖွင့်လှစ်စေ။ ခိုင်ပုန်းသဂျီး မာမူခိုင် ပုန်းနေရာမှ ထွက်လာသည်။ “ဘူးထွားထွားထွား။ ငါသည်ကား ဂဇက်ရွာသဂျီးဖြစ်၊ ခိုင်ပုန်းရုံး မတရားသူကြီးလည်း ဖြစ်ပေတော့သည်။ အမှုကို တင်လျောက်စေ။”

“မှန်လှပါ မာမူခိုင်။ ကျွန်တော်မျိုးကို ဟောသည်က ရာဇတ်သားငကြောင်ကြီး လူမဟုတ်လို့ နစ်နစ်နာနာ ဆဲဆိုမိုက်ရိုင်းသွားပါတယ်။ အဲဒါကြောင့် ငကြောင်ကြီးကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်အညို ပျက်စေမှု၊နိုင်ငံတော် ခေါင်းဆောင်များကို စော်ကားမှု၊ နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးမှု၊ တောတွင်းလက်နက်ကိုင် အကြမ်းဖက်များနှင့် ဆက်သွယ်မှု၊ အကြမ်းဖက် ဖေါက်ခွဲမှု တို့ဖြင့် အပြစ်ဒဏ်ပေးရန် ရိုသေစွာ လျောက်ထားပါသည်။” တိန်… ဘိုလိုဂျီးသရဲ။ ငါပြောမိတာ သူ့တယောက်ထဲ။ စွဲတဲ့အမှုက နိုင်ငံတော်နဲ့ ချီနေပါရား။ ဥငယ်လိမ္မာ အမှန်နဲ့ အမှား မခွဲခြားတတ်အောင် ဒေါသတိမ်သလ္လာ အမှောင်တိုက်ဖုံး နေပါရား။ မဖြစ်ချေဘူး၊ သူ့စော် မင့်မြားကို အကူအညီတောင်းလေမှ။ “ဟဲလို့ မေမေ အနော် သားကြောင်ကြီးပါ။ သားကို ကယ်ပါဦး။ မင့်မြား ဘဲကြီးကို အနော် မနိုင်တော့ဘူး။ လာမ ပေးပါဦး။ သိပ်လေးတာပဲ။” သူ့စော် မင့်မြားထက် ကြောင်ကြီး ဖုံးဆက် အကူအညီတောင်းသည်။ “ဆုတောင်းလေ ဆုတောင်း၊ နောင်ဘဝပါ လူဖြစ်အောင် ဆက်ဆုတောင်း။” မင့်မြားကား သူ့ဘဲကြီးဖက် ရပ်လေပြီ။ သားခေါ်ခဲ့ဖူးသည်ကို အမှတ်မရ။ လေစိမ်းတဝှီးဝှီး တိုက်လေပြီ။ “နေနှင့်ဦး၊ မေမေ ဆရာဝန်ဖြစ်မှ ငါ့အကြောင်းသိစေမယ်။ အဲဒီကြမှ အမယ်လေး အရပ်ကတို့ရဲ့ ငါတို့မှာ သိန်းရာဂဏန်းချီ အကုန်ခံပြီး ဆရာဝန်ဘွဲ့အောင် လုပ်ပေးခဲ့တဲ့ မိဘကျေးဇူးမှ မထောက် မအော်နဲ့။” ကြောင်ကြီး စိတ်ထဲမှ ကြုံးဝါးသံ ဖြစ်သည်။

ယခုတော့ မတရားရုံးမှ လွတ်အောင် ကြံဆောင်ဖို့ အရေးကြီးသည်။ ဥငယ်လိမ္မာ ခေါ်လာသော လူသက်သေများ ကြည့်လိုက်တော့ ခိုနီဒုံနှင့် ခိုပြာမား။ “မှန်လှပါ ခိုင်ပုန်းသဂျီးမင်း။ အဲဒီ ငကြောင်ကြီးဟာ အလွန်မိုက်ရိုင်း ထွားကြိုင်းပြီး လူလိုမသိတဲ့ အရိုင်းအစိုင်း သတ္တဝါကောင် ဖြစ်ပါတယ်။ ဥငယ်လိမ္မာ ပြောတာ သဘောတူပါတယ်။ ဒင်းမွှေလို့ အနိမ့်ဆုံးလုပ်ခတွေလည်းတက်၊ အလုပ်သမားတွေလည်း ဆူပူသောင်းကျန်းနဲ့ ကျွန်မတို့ စက်ရုံအော်ဒါတွေလည်း အမြတ်နဲကုန်ပါတယ်။ သေဒဏ်စီရင်ပေးပါ။” ဂွီ.. လာပြန်ပြီ။ သူ့ဟာသူ အလုပ်သမားဆူ၊ အနိမ့်ဆုံးလုပ်ခတက်တာ ကြောင်နတ် ဘာဆိုင်သနည်း။ ဥငယ်လိမ္မာက ဒေါသ၊ သူတို့က လောဘ ကိလေသာ အမိုက်ဖုံးနေကြပါရား။

နောက်ထပ်သက်သေကတော့ ချဉ်ဖတ်ခင်ဇော်နှင့် အူးတီစံ။ သူတို့က ၂၀၁၅ အန်အယ်လ်ဒီ အာဏာ မရခင်အထိ ပါးစပ်ပိတ်နေပြီး အာဏာရမှ မေမေစု အသံကောင်းဟစ်သူများဖြစ်သည်။ “သာမီးတို့ဖာသာ သာမီးတို့ နေနေတာကို ငကြောင်ကြီးက ဖဘမှ ငှက်လို့ နံမယ်ဖျက်ပါတယ်။ အိပ်နေရင်းနဲ့ တတိန်တိန် အသံကြားလို့ ဖဘဖွင့်ကြည့်လိုက်ရင် ငကြောင်ကြီး ပေါက်ကရ ရေးတာ ဖြစ်နေပါသည်။ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ။ ဒင်းကို မသေမခြင်း သတ်တော်မူပါ။” ငမ့်… သူတို့ဖာသာ သူတို့ မနေနိုင် မထိုင်နိုင် ဖဘမှာ မက်ဆေ့ခ်ျ တက်သံကြားတိုင်း ထထကြည့်လို့ အိပ်ရေးပျက်တာ ကြောင် အပြစ်လား။ ဟိုတွေက ဒေါသနဲ့ လောဘ၊ သူတို့က မောဟ။ ဟောဟိုမှာ လာပြီ မာန။ ခြစ်သျှား၊ ကင်းကောင်နှင့် လုမ သုံးဦး ပေါင်လည်မီနီစကပ် ဝတ်လျက် ဒေါက်ဖိနပ်ဖြင့် မော်ဒယ်လ်များအလား တလောကလုံး လူမထင်သည့်သဘော အလှမာန် မာနတက်လျက် ကြောင်လျောက် လျောက်လာသည်။ သူတို့၏ ပေါင်သားများကြည့်ပြီး ကြောင်ကြီး အသက်ရှုမှား တံတွေးပင် သီးသွားသည်။ ခွီး ဖလူး…။ “သာမီးတို့လည်း ဆွမ်းကြီးဝင်လောင်း.. အဲမှားလို့၊ လျောက်တင်ပါရစေ။ သာမီးတို့ကို ငကြောင်ကြီး အခွင့်ကြုံတိုင်း စားမည်၊ ဝါးမည် တဂဲဂဲ လုပ်ပါတယ်။ အဲဒါ သူ့ကို ခလေးသူငယ် ကြံစည်မှုနဲ့ အရေးယူပေးပါ။” အွတ် ဘယ့်နှယ် ဘယ့်နှယ်။ သူတို့က ဘယ်လို ခလေးတွေ ဖြစ်သွားသနည်း။ လုပ်ကြပါ လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး။ သူတို့အားကြည့်၍ ကြောင်ကြီး သံဝေဂ အတော်ရနေသည်။

ကြောင်ရေချိုး အောင်စေတန်ခိုး

“အိမ်း သက်သေစုံပြီ။ ငကြောင်ကြီး မှန်ရာကို ဝန်ခံစမ်း။ မင်းတကယ် ဥငယ်လိမ္မာကို လူမဟုတ်ဘူးလို့ ပြောခဲ့သလား။” ခိုင်ပုန်းမတရားသူကြီး မာမူခိုင် ဆုံးဖြတ်ပြီးဟန်နှင့် မေးသည်။ “မှန်လှပါ။ အနော်မျိုး မှားရာကို လျောက်တင်ပါမည်။” ကြောင်ကြီး ဖြေရှင်းရန် ကြိုးစားသည်။ “ဟေ့ငကြောင် မင်း ရူးကြောင်မူးကြောင် မလုပ်နဲ့။ မှန်ရာကိုပြော။ ငါ့ကို နားရှုပ်အောင် မလုပ်နဲ့။” သဂျီးဥကိုင် အတော်ဖုသွားသည်။ “ဒီလိုရေ.. အနော်မျိုး မှားရာကို လျောက်တင်တော့ ပြောတာနဲ့ ပြောင်းပြန် အမှန်ယူ လိုက်ပေါ့။” ကြောင်ကြီး သူပြောသည့်စကား အနက်အဓိပ္ပါယ် ဖွင့်သည်။ “ဟိတ်ကောင် မင်း ဖြေမှာလား မဖြေဘူးလား။ မဖြေရင် စီရင်ချက် ငါချတော့မည်။ သေ…” ဥကိုင် ချက်ခြင်း စီရင်ချက် အမိန့်ရန် ပြင်သည်။ “အောင်မငှီး နေပါဥ နေပါဥ။ အနော်မျိုး မှန်ရာကို ပြောပါမည်။ ဥငယ်လိမ္မာကို လူမထင်ဟု အနော် ပြောခဲ့ခြင်းမှာ လက်လွတ်စပယ် ပြောခြင်းမဟုတ်၊ သူတော်ဆင် သူတော်ဂေါင်း ပြင်ညာရှိတဦး စကားကို ကိုးကားပြောဆိုခြင်း ဖြစ်ပါသည်။ အနော်မျိုးတွင် အပြစ်မရှိကြောင်းပါ။” ကြောင်ကြီး အသနားခံ တင်ပြသည်။ “ဒါဆို အဲဒီ အကိုးအကား ပညာရှိစကား အထောက်အထား ပြစမ်း။ မဟုတ်လို့ကတော့ နင် အသေပဲ။” ဥကိုင် အတော်တင်းသွားသည်။ ယနေ့ သောကြာနေ့ ဖြစ်၍ သူ့စော် ဒေါ်ညိုနှင့် ကန်ရန် ချိန်းထားသည်။ ကွင်းကား အိမ်ကွင်းဖြစ်သည်။ သာမီးတော်လေး သန်ဆင်ခိုင်ကို စောစော အိပ်ယာဝင်ခိုင်းရမည်။

“နားနှင့်မနာ ဖဝါးနှင့် နာတော်မူပါ။ တခါက သဂျီးမင်းဥကိုင် ကိုယ်တိုင် နတ်၊ ဗြဟ္မာဆိုသည်မှာ တကယ်မရှိ၊ အကျင့်သီလ စင်ကြယ်မြင့်မြတ်သူကို ခေါ်ကြောင်း ရွာထဲ ပြောခဲ့ဖူးပါသည်။ ထိုစကားကို ကိုးကား၍ ဥငယ်လိမ္မာ၏ သိက္ခာ၊ သမာဓိ၊ ပညာတို့အား အနော်၏ အဖေသဖွယ် ရိုသေလေးစား ခြစ်မြတ်နိုးသဖြင့် လူဟု မသတ်မှတ် နတ်လို့ သတ်မှတ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ အပြစ်ပေးလိုလျင် မူလပြောသူနှင့် သူစကားနားထောင်သူ ငမိုက်သား အနော် ငကြောင်ကြီးတို့ကို အပြစ်ဒဏ် စီရင်တော်မူပါ။” ကြောင်ကြီး သေမှာ မကြောက်သည့်အလား ရင်ကော့၍ လျောက်တင်လိုက်သည်။ “ငင့်.. ခိုင်ပုန်းသဂျီးဥကိုင် အတော်နင်သွားသည်။ ကိုယ့်ရှုးကိုယ်ပတ် ငါဖြင့် ဒုက္ခနဲ့ လှလှတွေ့ပြီ။ ဘီလို လုပ်ရပါ့။ ခိုင်ပုန်း တရုံးလုံးလည်း ငြိမ်ကျသွားသည်။ ဥငယ်လိမ္မာကား ခေါင်းငိုက်စိုက် ကျလျက် ကျန်သူများလည်း မျက်နှာမကောင်း။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ပြီ။

“အိမ်း… အမိန့်ချမည်။ ကကြောင်ကြီး၏ စကားမှာ အလွန်သင့်မြတ် မှန်ကန်သည်။” ဥကိုင်လေသံ ချက်ခြင်းပြောင်းသွားသည်။ လေသံမက ငကြောင်ခေါ်ရာမှ ကကြောင် ပြောင်းသွားသည်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ဥငယ်။ “…….. ထို့ဖြစ်ရကား ကကြောင်ကြီးတွင် အပြစ်မရှိ။ တရားရှင် လွတ်စေ။ ရုံးတော်စားရိတ်နှင့်တကွ ကကြောင်ကြီး၏ ရှေ့နေရှေ့ရပ် စရိတ်စကအားလုံးကို တရားလို ဥငယ်လိမ္မာမှ ပေးစေ။” ခိုင်ပုန်းမတရားသူကြီးကား တရားသူကြီး ဖြစ်ချေပြီ။ အမိန့်ချပြီးနောက် မာန်တက်နေသော မျက်နှာဖြင့် သဂျီးဥကိုင်မှ ကကြောင်အားခေါ်၍ “ငါ့တပည့်ကြောင်ကြီး၊ မင်း ငါ့ကိုရော ဘယ်လိုမြင်သလဲ။ သိကြားမင်းလား၊ ဗြဟ္မာမင်းလား။ အားမနာနဲ့ အမှန်အတိုင်းပြော။” ကကြောင်ကြီးလည်း မတတ်သာ မှန်ရာ ပြောရပြီ။ “အမှန်ပြောရလျင် ဥကိုင်ကို လူမထင်၊ မဟာအဝီဇိငရဲက ငရဲသား ထင်တယ်။ မျက်နှာမြင်ရင် ပူလောင်လွန်းလို့ ဥကိုင်မျက်နှာအစား ဝဿဝတီနတ်ပြည်က နတ်သမီးလေး သန်ဆင်ခိုင်ကို မြင်ယောင်ထားရတယ်။” လူပါး ပုလင်းကွဲထိ၊ သဂျီးဥကိုင် နောက်ကောက်ကျလေပြီ။

ကကြောင်ကြီးမှာ သူနိုင်မည် သိသည့်အလား တရားရုံးသို့ တံခါးရှစ်ပေါက် မာစီးဒီးကား ငှားစီးလာယုံတင်မက အပြင်တွင်မှာ နာရီကြေးပေး ရပ်စောင့်ခိုင်းထားသည်။ ဆီဒိုးနားနှင့် ထရေးဒါး ဟိုတယ်များမှာ ကောင်းပေ့ညွန့်ပေ့ အစားအသောက်နှင့်ရှန်ပိန်အရက်များ နေ့လည်နှင့် ညစာမှာထားပြီး တရုံးလုံးကို စတုဒီသာ ခေါ်ကျွေးသည်။ ထိုတင်မက နေ့လည် ခေတ္တနားချိန်တွင် အနှိပ်မယ် မဒီလေးများခေါ်၍ အနှိပ်ခံလိုက်သေးသည်။ သူ၏ တရားရုံးစရိတ်မှာ မတွေးဝံ့ မနာသာ ဖြစ်သည်။ ဥငယ်လိမ္မာကား အပေါ်စီးမှာ ချက်ခြင်း အောက်စီး ရောက်ပေပြီ။ ဒီအတိုင်း အိမ်ပြန်လျင် သူ့စော် မင့်မြား၏ အရိုက်ခံရဖို့ သေချာသည်။ ထိုကြောင့် ကြောင်ကြီးနှင့် အပေးအယူလုပ်ရန် စကားပြောခွင့် တောင်းရတော့သည်။ ဥငယ်အခက် ကြောင်ကြီး အချက်ဖြစ်သည်။ မည်သို့ ကြောင်ကြီး တောင်းဆိုသင့်သနည်း။ ဤသည်ကား အပိုင်း(၂) ဆက်ရန် ဖြစ်ပေသည်။

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး