နေ့လည်ခင်းအခါ ကိတ်မုန့်ဆိုင်မှာ

သာယာလှပတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့မှာ တိမ်စင်တဲ့ ကောင်းကင်ကြီးကလည်း နေရောင်လက်နေတဲ့ အ မိုးခုံး ကြီးတစ်ခုလို အုပ်မိုးလို့ပဲ။ ဟောဟို ရင်ပြင်ထဲမှာတော့ ရွက်ကြွေတွေ လေပြေထဲမှာ လွင့်ခနဲ ဝဲခနဲ။ ကြည့်ရတာ အကုန်လုံး အရောင်ဖျော့ဖျော့ လင်းလက်နေကြသလိုပဲ။ ရေခဲမုန့်ဆိုင်လေးရဲ့ ခေါင်မိုး၊ ရေသောက်စင်လေးရဲ့ မှန်ကူကွက်တွေ၊ လေလွင့် ကြောင်တစ်ကောင်ရဲ့ မျက်လုံးအစုံ..၊ နောက်ဆုံး ခိုတွေ တရုန်းရုန်းနဲ့ နာရီစင်ရဲ့ အောက်ခြေတောင် ခပ်ဖျော့ဖျော့ လင်းလက်နေကြတာ။

ပိတ်ရက်ဆိုတော့ လည်ကြပတ်ကြတဲ့ မိသားစုတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ ရင်ပြင်ထဲမှာ ဟိုသွား ဒီသွား။ ပျော်နေကြသပေါ့။ လမ်းထောင့် တစ်နေရာက လူတစ်ယောက်ကဖြင့် ပူပေါင်းတွေနဲ့ တိရိစာ္ဆန်ရုပ်ကလေးတွေ လုပ်ရောင်းလို့။ တကျွိကျွိမြည်သံတောင် ကြားနေရသေး။ ကလေးတစ်သိုက်ကတော့ သူ့ဘေးနား ဝိုင်းလို့ပေါ့လေ။ အဲ့ဒီဘေး ခုံတန်းလျားမှာတော့ အမျိုးသမီးတစ်ယောက်က ထိုင်ပြီး ချည်ထိုးနေတယ်။ တစ်နေရာက ဟွန်းတီးသံ ကြားလိုက်ရတဲ့အခါ ခိုတစ်အုပ်က ဝုန်းခနဲလေထဲ ထပျံကုန်ပါရော။ ကလေး ပေါက်စန တစ်ယောက်ကလည်း ဝါးခနဲ ထငိုပေါ့။

မစူးလွန်း၊ မပြင်းလွန်းတဲ့ ဟောသည် ့နေ့လည်နေရောင် အောက်က ဒီ လှပတဲ့ ရှုခင်းကို တစ်နေ့လုံး ထိုင်ငေးနေနိုင်မှာပါပဲ။ ပြီးတော့..စိတ်ထဲမှာ အနေခက် ကျဉ်းကြပ်တာ သေးသေးလေး တစ်ခုကိုတောင် သတိပြုမိမှာ၊ တွေးမိမှာ မဟုတ်လောက်ဘူး။

 

ကျမ ကိတ်မုန့်ဆိုင်လေးရဲ့ ဆုံလည်တံခါးကို တွန်းဖွင့်ပြီး ဝင်သွားတဲ့ အခါမှာ ရင်ပြင်ဘက်က အသံတွေက ချက်ချင်း ခပ်အုပ်အုပ်နဲ့ ဝါးသွားတာ။ အဲဒီအသံတွေအစား ဗယ်နီလာနံ့ ချိုမွှေးမွှေးလေးက အစားထိုးလာတာ ပေါ့။ ဆိုင်ထဲမှာ တစ်ယောက်မှ မရှိကြဘူး။

“ဒီမှာရှင်…”

ကျမလည်း ဆုတ်ဆိုင်းဆိုင်းနဲ့ ခေါ်ကြည့်တယ်။ ဘယ်သူမှ ပြန်မဖြေကြဘူး။ အဲဒါနဲ့ ထောင့်တစ်နေရာမှာ ရှိတဲ့ ခွေးခြေလေး တစ်လုံးပေါ်ထိုင်ရင်း စောင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဆိုင်ကလေးက သန့်ရှင်း သပ်ရပ်ပြီး ခေတ်မီပါတယ်။ ကိတ်မုန့်တွေ ချောကလက်တွေ မှန်ခန်းထဲမှာ ဂရုတစိုက် နေရာချထားတယ်။ တစ်ဘက်စီမှာကျတော့ သံဘူးနဲ့ထည့်ထားတဲ့ ကွတ်ကီးမုန့်ဘူးတွေကို သံတန်းတွေပေါ် အစီအရီ တင်ထားတာ။ ကောင်တာ နောက်ဖက်မှာ လိမ္မော်နဲ့အပြာ ကျားကွက်ပုံ ပါကင်ပေပါလိပ်လေး တွေ့မိတယ်။

မုန့်တွေကြည့်ရတာ အားလုံး အရသာရှိမဲ့ပုံပါ။ ဒါပေမဲ့ ကျမ ဆိုင်ထဲမဝင်ခင်ထဲက ဘာဝယ်မယ်ဆိုတာ စဉ်းစား ပြီးသား။ စတော်ဘယ်ရီ ကိတ်မုန့်ချိုလေး နှစ်လုံး။ အဲဒါပဲ။

နာရီစင်က လေးချက်ထိုးသံကြားတော့ ခိုတွေ ထပျံပြေးပြန်ရော။ ပြီးတော့ တစ်ဖက်က ပန်းဆိုင်ရှေ့မှာ သွားနားကြတယ်လေ။ ပန်းဆိုင်ရှင်က မျက်နှာရှစ်ခေါက်ချိုးနဲ့ထွက်လာပြီး မောင်းတော့ ခိုတွေလည်း ထပ် ပျံပြေးကြရတာ…မီးခိုးရောင် သားမွေးစကြီး လေထဲမျောသွားသလိုမျိုး။

ဆိုင်ထဲမှာတော့ တစ်ယောက်မှ ရှိဟန်မတူဘူး။ နည်းနည်းထပ်စောင့်ပြီးရင် ထပြန်သွားဖို့ ကျမ စိတ်ကူးထားတယ်။ ဒါပေမဲ့ ကျမ ဒီမြို့ရောက်တာ မကြာသေးတော့ နောက်ထပ် ကိတ်မုန့်ဆိုင် ကောင်းကောင်း ဘယ်မှာ ရှိမယ် မသိဘူး။ မုန့်တွေထည့်ထားတဲ့ မှန်သေတ္တာခုံးခုံးက အလင်းဖျော့ဖျော့လေး ပြန်နေတယ်။ အထဲက မုန့်တွေကို ကျမငေးကြည့်မိ။ မုန့်ကလေးတွေ အကုန်လုံးလှ။ ထိုင်နေရတဲ့ ခွေးခြေကလေးကလည်း အတော် သက်တောင့်သက်သာ ရှိ။ ဒီနေရာလေး ကျမ သဘောကျမိပါရဲ့။ ဈေးဝယ်သူကို စောင့်ခိုင်း ထားတာ တော့ မကြိုက်ပေါင်။

 

ပုပုဝဝ အမျိုးသမီး တစ်ယောက် ဆုံလည်တံခါးကို တွန်းဖွင့်ဝင်လာတော့ အပြင်ကအသံတွေ ဝေါခနဲထိုးဝင် လာပြီး တံခါးပိတ်လိုက်တော့ ပြန်တိုးသွားရော။

“ဘယ်သူရှိလဲဟဲ့…။”

သူအော်ခေါ်ကြည့်တယ်။

“ကလေးမ ဘယ်သွားပါလိ်မ့်..။”

သူ့ဟာသူ ပြောရင်း ကျမဘက်လှည့်ပြီး ပြုံးပြတယ်။

“ကလေးမ ဟိုနားသည်နား ခဏသွားတာ ဖြစ်ပါလိမ့်မယ်။ မကြာပါဘူး ပြန်လာမှာပါ။”

အမျိုးသမီးက ကျမဘေး ဝင်ထိုင်တော့ ကျမလည်း သာသာလေး ဦးညွတ်လိုက်တယ်။

“ရှင့်ကို ကျမ ရောင်းပေးလို့ရတယ်နော်။ ဒီဆိုင်မှာ ဘယ်လိုရောင်းရ ပြုရတယ်ဆိုတာ ကျမ ကောင်းကောင်း သိတယ်။ သူတို့မုန့်ဆိုင်က လိုအပ်တဲ့ပစ္စည်းလေးတွေလည်း ကျမတို့ဆိုင်က ဝယ်နေကြလေ။ ”

သူက အဲဒီလိုပြောတော့ ကျမလည်း ငြင်းလိုက်တယ်။

“နေပါစေရှင်..ကျေးဇူးတင်ပါတယ်။ ကျမလည်း အလျင်မလိုပါဘူး။”

 

ကျမတို့လည်း အတူတူ စောင့်ကြတာပေါ့။ အမျိုးသမီးက ဂနာမငြိမ်ဘူး။ လည်စီးကို ပြင်စီးလိုက်။ ခြေလှုပ် လက်လှုပ်လိုက်၊ ပိုက်ဆံအိတ်ကို ဖွင့်လိုက် ပိတ်လိုက်နဲ့။ စကားစရှာနေတာ ဖြစ်မယ်။

နောက်ဆုံးတော့ မနေနိုင်ဘူး။

“ဒီက ကိတ်မုန့်တွေ သိပ်အရသာ ရှိတာ။”

ဆိုပြီး စတာ။

“ကုန်ကြမ်းပစ္စည်း..အနံ့မှုန့်၊ အရသာမှုန့်ကအစ ကျမတို့ဆီက ဝယ်တာလေ။ ဆိုတော့ ဒီထဲမှာ ဘာပါတယ်ဆိုတာ ကောင်းကောင်း သိသပေါ့။”

“ဒီလိုဆိုတော့လည်း စိတ်ချရတာပေါ့ရှင်။” ကျမလည်း ပြန်ဖြေရတာပေါ့။

“ဒီဆိုင်က လူတော်တော်စည်တာ..။ အဆန်းသား..ဒီနေ့ဖြင့် ရှင်းလို့ပါလား။ ဝယ်သူတွေ တန်းစီရတာများ ဆိုင်အပြင်တောင် ရောက်တာ။”

လူတွေ ဆိုင်ရှေ့က  ဖြတ်သွားကြတာပဲ။ လူငယ်စုံတွဲတစ်တွဲ၊ အဘိုးကြီးတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ၊ ကင်းလှည့်နေတဲ့ ရဲသားတစ်ယောက်။ ဘယ်သူမှ ကိတ်မုန့်ဆိုင်ကို စိတ်ဝင်စားကြဟန်မတူပါ။ အမျိုးသမီးက ရင်ပြင်ဘက် လှည့်ကြည့်ရင်း သူ့ခေါင်းက လှိုင်းတွန့်ဆံပင်တွေကို လက်ချောင်းတွေနဲ့ ဖွနေတယ်။ သူ့ခုံပေါ်မှာ လှုပ်လိုက်တိုင်း အနံ့တစ်မျိုးရနေတာ။ ရိုးရာ ဆေးဝါးနံ့တွေနဲ့ သူ့ရှေ့ဖုံးခါးစည်းပေါ်က အမှည့်လွန်သစ်သီးနံ့ နှစ်ခုပေါင်း ရောထွက်လာတဲ့ အနံ့မျိုး။ အဲဒီအနံ့က ကျမကို ဘာသွား သတိရစေသလဲ ဆိုတော့ – ငယ်ငယ်က ကျမဖေဖေ သစ်ခွတွေပျိုးတဲ့ ပလတ်စတစ်မိုး ပျိုးအိမ်ထဲက အနံ့လေ။ ဖေဖေကတော့ ကျမကို ပျိုးအိမ်ထဲ လုံးဝ မဝင်ခိုင်းပါဘူး။ တစ်ခါတော့ ဖေဖေမသိအောင် ပျိုးအိမ်ထဲ ကျမ ခိုးဝင်တယ်။ သစ်ခွနံ့တွေကတော့ အကုန်လုံး မနှစ်သက်စရာရယ် မရှိဘူးလေ။ အဲဒီလို အနေအထားက ကျမ ကိုယ် ကျမ အရွယ်ရောက်မိန်းမ တစ်ယောက် ဖြစ်အောင် လုပ်လိုက်သလိုပဲ။

“ဒီမှာ စတော်ဘယ်ရီ ကိတ်မုန့်ချိုလေးတွေ မြင်တော့ ကျမ ဝမ်းသာသွားတယ်။”

ကိတ်မုန့်တွေ ထည့်ထားတဲ့ မှန်အိမ်ထဲ လက်ညှိုးထိုးရင်း ကျမ ဆက်ပြောမိတယ်။

“အဲဒါမှ တကယ့်အစစ်။ ဂျယ်လီတွေလည်း မပါဘူး၊ အသီးတွေကိုလည်း ကိတ်မုန့်အပေါ်မှာ စုပြုံထည့်မထားဘူး။ အနေတော်ပဲ။ စတော်ဘယ်ရီနဲ့ ခရင်မ်ကလေ။”

အမျိုးသမီးကလည်း –

“ဟုတ်ပ..အဲဒီကိတ်တွေ ကောင်းတယ်။ ဒီဆိုင်မှာဖြင့် အကောင်းဆုံးပေါ့။ အာမခံတယ်။ ကိတ်မုန့်လုပ်တာ ကျမတို့ရောင်းတဲ့ အထူးစပါယ်ရှယ် ဗယ်နီလာနဲ့ကိုးရှင့်။”

“ကျမက ကျမသားလေးအတွက် လာဝယ်တာလေ။ ဒီနေ့က သူ့မွေးနေ့ပေါ့။”

“အော်..ဟုတ်လား..ပျော်စရာမွေးနေ့လေး ဖြစ်ပါစေရှင်။ ဒါနဲ့ ကလေးက ဘယ်နှစ်နှစ်တုန်း။”

“ခြောက်နှစ်…အမြဲတန်း ခြောက်နှစ်ပါပဲ..။ သူ ဆုံးသွားပြီလေ။”

 

**************************************************************************

 

ကျမသားလေး လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က ဆုံးသွားခဲ့တာ။ အသုံးမပြုတော့တဲ့ ရေခဲသေတ္တာ အဟောင်းထဲ ဝင်ဆော့ရင်း အသက်ရှုကြပ်ပြီး ဆုံးသွားတာပေါ့..။ သူ့ကို စစတွေ့ချင်း သေ..အင်း..အသက်မရှိတော့ဘူးလို့ ကျမ မထင်မိဘူး။ သူ အိမ်ကနေ သုံးရက်လောက်ပျောက်သွားတော့ ကြောက်ပြီး ကျမကို မကြည့်ရဲတာလို့ ထင်နေတာ။

ကျမ တစ်ခါမှ မတွေဘူးတဲ့ အဘွားကြီးတစ်ယောက် အဲဒီနားမှာ သူ့ကိုရပ်ပြီး ငေးကြည့်နေတာ။ သားလေးကို အရင်ဆုံးတွေ့တာ သူပဲ ဖြစ်မှာပါ။ ဆံပင်စုတ်ဖွား၊ မျက်နှာဖြူလျော်လျော် နဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန် လို့။ ကျမသားထက်တောင် အသက်မဲ့တဲ့ပုံမျိုး။

“သား…မေမေ စိတ်မဆိုးဘူးနော်..လာလာ..မေမေ ချီမယ်။ သားအတွက် မွေးနေ့ကိတ်လေး မေမေ ဝယ်လာတယ် သားရဲ့..လာ အိမ်ပြန်ကြမယ်နော်..။”

သားက လုံးဝမလှုပ်ပါဘူး။ ရေခဲသေတ္တာထဲ သူခွေခေါက်ဝင်နေပုံက ခပ်ဆန်းဆန်းဖြစ်နေသလိုမျိုး။ သူ့ခြေထောက်လေး နှစ်ဖက်ကို သေချာခွေခေါက်ထားပြီး မျက်နှာလေးက ဒူးနှစ်လုံးကြားထဲ မြုပ်ဝင်နေတယ်။ ကွေးနေတဲ့ သူ့ကျောရိုးက ကျဉ်းကျဉ်းကျုတ်ကျုတ် မဲမဲမှောင်မှောင် နေရာထဲ လျှောဝင်နေတာ ဖြစ်မယ်။ ကျမ သေချာမမြင်ရဘူး။ ဖွင့်ထားတဲ့ ရေခဲသေတ္တာတံခါးကနေ ဝင်လာတဲ့ အလင်းရောင်က သူ့လည်ကုတ်ကလေး ပေါ်ကျနေတာ။ နူးညံ့ ချောမွတ်နေတဲ့ အသားလေး။ ကျမ ကောင်းကောင်း သိတာပေါ့။

“မဟုတ်ဘူး…မဖြစ်နိုင်ဘူး…ကျမသားလေး အိပ်ပျော်နေတာ…သူ..သူ ဘာမှမစားရသေးဘူးလေ…သူ..သူ ပင်ပန်းပြီး..အိပ်ပျော်သွားတာ ဖြစ်မှာ..သူ့ကို အိမ်ပြန်သယ်သွားမယ်။ မနိုးစေနဲ့..။ အိပ်ပါစေ။ သူအိပ်ချင်သလောက် အိပ်ပါစေ..နော်။ နောက်ကျ သူနိုးလာမှာ…။ ကျမ သိတယ်။ သေချာတယ်။”

အနားက အဘွားကြီးကို ကျမ တတွတ်တွတ် ပြောနေမိတော့တာပဲ။ အဘွားကြီးကတော့ မလှုပ်ချောက်ချက်နဲ့။

 

 

ကိတ်မုန့်ဆိုင်ထဲ တွေ့တဲ့အမျိုးသမီးကတော့ ကျမ အဖြစ်အပျက်ကို ပြောပြတဲ့အခါ တုန့်ပြန်ပုံက တစ်ခါမှ မကြုံဖူးဘူး။ အရင်ကဆို ကျမသားအကြောင်း သူများတွေ ပြောပြတဲ့ အခါ ဒီလိုဘယ်ဟုတ်ပါ့မလဲ။ သူကဖြင့် စာနာ ဂရုဏာသက်တာလည်း မရှိ၊ အံဩထိတ်လန့်တာလည်း မပြ။ သူ အေးစက်စက်ပုံဖမ်းနေတယ် ဆိုရင် တောင် ကျမ သိမှာ။ ကျမသားကို ဆုံးရှုံးလိုက်ရတဲ့ အတွေ့အကြုံက လူတွေရဲ့ အရိပ်အကဲကို ကောင်းကောင်း ဖတ်တတ်အောင် သင်ပေးခဲ့တာပဲ။ ကျမ တန်းပြောရဲတယ်..ဒီအမူအရာက သူ့အမူအရာ အစစ်အမှန်ပဲ။ ကျမ ကို မေးမိတဲ့အတွက် နောင်တရတဲ့ ပုံလည်း မပေါ်ဘူး။ လူစိမ်းတစ်ယောက်ကို ကိုယ့်အကြောင်း တွေ  လျှောက်ပြောသလို ဖြစ်သွားတဲ့ ကျမကိုလည်း အပြစ်မတင်ဘူး။

“ကဲပါလေ…ဒီဆိုင်ကို ရွေးဝင်ဝယ်တဲ့ ရှင်ကတော့ ကံကောင်းပါတယ်။ ဒီမယ်တော့ ကိတ်မုန့်ဆိုင်ဆို ဒီဆိုင်က အကောင်းဆုံးပဲလေ။ မွေးနေ့ဖယောင်းတိုင်တွေလည်း အလကားရဦးမှာနော်။ အရောင်စုံ ဖယောင်း တိုင်လေး တွေ..အနီ၊ အပြာ၊ ပန်းရောင်၊ အဝါ..ပြီးတော့ ပန်းပွင့်လေးတွေ၊ လိပ်ပြာလေးတွေ၊ တိရိစာ္ဆန်ရုပ်လေးတွေ နဲ့ အလှဆင်ထားတာလေးတွေလည်း ပါတယ်။ ရှင့်သားလေးတော့ သဘောကျမှာ သေချာပါတယ်။”

ပြီးတော့ သူက ကျမကို ခပ်ဖျော့ဖျော့လေး ပြုံးပြတယ်။ ကြည့်ရတာ သူ့အပြုံးနဲ့ တိတ်ဆိတ်နေတဲ့ ကိတ်မုန့်ဆိုင်နဲ့ ဟပ်မိနေသလို။ ကျမကတော့ ကျမပြောတာ သူသေချာရော နားလည်ရဲ့လားလို့ တွေးနေမိတယ်။ ကျမသားလေး ဆုံးသွားတယ်ဆိုတာရော..သူ သဘောပေါက်မှာပါ။ ဒါမှမဟုတ်..သူက လူတွေသေကြတဲ့အကြောင်းတွေ ကောင်းကောင်းသိနေလို့ပဲလား။

 

 

ကျမသားလေး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုတာ သဘောပေါက်ပြီး အတော်ကြာတဲ့အထိ ကျမတို့ သားအမိ အတူတူစားဖို့ ဝယ်လာခဲ့တဲ့ စတော်ဘယ်ရီ ကိတ်ချိုလေးကို ကျမ သိမ်းထားတုန်းပဲ။ အဲဒီကိတ်မုန့်လေး တဖြည်းဖြည်း သိုးပျက်ယိုယွင်းလာတာကို ထိုင်ကြည့်ရင်း ရက်တွေကုန်လွန်ခဲ့တာ။ ပထမဆုံး ခရင်မ်တွေက ညိုပုပ်လာပြီး အဆီတွေထွက်လာတယ်။ ကိတ်မုန့်ကို ပတ်ထားတဲ့ ပလတ်စတစ်စကို စွန်းလာတာပေါ့။ နောက် စတော်ဘယ်ရီသီးတွေ..ခြောက်သွေ့ ရှုံ့တွလာတာ ပုံပျက်နေတဲ့ ကလေးပေါက်စရဲ့ ဦးခေါင်းလိုပဲ။ ကိတ်မုန့်သားတွေကတော့ မာကြွပ်လာတာ။ နောက်ဆုံး မှိုတွေပေါက်လာရော။

“မှိုလေးတွေက လှတော့ လှသားနော်။”

ကျမယောက်ျားကို လှမ်းပြောလိုက်တယ်။ မှိုပွင့်လာတဲ့ အပျောက်ကလေးတွေက ပွားပွားလာတာ။ ကိတ်မုန့် တစ်ခုလုံး ပြည့်လာတာ အနုစိတ် အကွက်ဖော်ထားသလိုမျိုးလေ။

“လွှင့်ပစ်လိုက်စမ်းကွာ။”

ကျမယောက်ျားက အော်ထည့်လိုက်တယ်။ သူစိတ်ဆိုးမယ်ဆိုတာ ကျမသိတယ်။ ဒါပေမဲ့ ကျမ နားမလည်တာ က ကျမတို့သားလေးရဲ့ မွေးနေ့ကိတ်မုန့်အကြောင်းကို သူဘာလို့ ဒီလို ပက်ခနဲ ပြန်အော်ပြောတာလဲ ဆိုတာ။ အဲဒါနဲ့ သူ့မျက်နှာကို ကိတ်မုန့်နဲ့ ပစ်ပေါက်ထည့်လိုက်တာပေါ့။ သူ့မျက်နှာတွေ၊ ဆံပင်တွေ အကုန် ပေပွကုန်ရော။ အခန်းထဲမှာ အနံ့ဆိုးကြီးပါ ထောင်းခနဲ ပျံ့သွားတာပဲ။

 

****************************************************************************

 

မှန်ခန်း အပေါ်ဆုံးထပ်မှာ တင်ထားတဲ့ စတော်ဘယ်ရီ ကိတ်မုန့်ချိုလေးတွေက တော်တော် လတ်ဆတ်ပုံပဲ။ စတော်ဘယ်ရီသီး သုံးလုံးကို ထိပ်မှာ တင်ထားတယ်။ ခြမ်းထားတာ မဟုတ်ဘူးနော်။ အလုံးပြည့်လေးတွေ ချည်းပဲ။ အဲ..မှိုတွေ ဘာတွေလည်း တက်မနေပါဘူး။

“ကိုင်း..ကျမတော့ သွားမှနဲ့တူတယ်။”

အမျိုးသမီးက ထရပ်ပြီး သူ့ရှေ့ဖုံးခါးစည်းကို ပြန့်ပြန့်ရန့်ရန့်ရှိအောင် ဆွဲဆန့်နေတယ်။ ပြတင်းပေါက်ကနေ ရင်ပြင်ဘက် တစ်ချက်ကြည့်ပြီး နောက်ဆုံးအနေနဲ့ ကိတ်မုန့်ဆိုင်က ကလေးမကို ရှာဟန်တူတာပဲ။

“ကျမတော့ နည်းနည်း ထပ်စောင့်လိုက်ဦးမယ်။”

“ရှင်စောင့်ဦးမယ်လား..။”

သူက ပြောပြီး ကျမလက်ကို ညင်ညင်သာသာလေး လာကိုင်တယ်။ သူ့လက်တွေက ကြမ်းတမ်း ရှုံ့တွနေတာပဲ။ သူ့အလုပ်ကြောင့် ဖြစ်မှာပါ။ လက်သည်းတွေမှာလည်း ချေးတွေနဲ့။ ဒါပေမဲ့ သူ့လက်တွေက နွေးထွေးပါတယ်။ အင်း…သူပြောခဲ့တဲ့ မွေးနေ့ဖယောင်းတိုင်လေးတွေရဲ့ အပူကြောင့်များလား မသိဘူး။

“ကိုင်း…ကျမ ဟိုနားသည်နား လျှောက်ပြီး ကလေးမကို ရှာလိုက်ဦးမယ်။ တွေ့ရင် ဆိုင် တန်းတန်းပြန်ဖို့ ပြောလိုက်ပါ့မယ်။”

“ဟုတ်ကဲ့…ကျေးဇူးပါရှင်..။”

“ရပါတယ်…သွားပြီနော်။”

သူ့ပိုက်ဆံအိတ်လေး ချိုင်းကြားညှပ်လို့ ထသွားရော။ ဆုံလည်တံခါးကို သူတွန်းဖွင့်ပြီး ထွက်တဲ့အချိန် သူ့ရှေ့ဖုံးခါးစီးကြိုး ပြေကျသွားတာ ကျမ မြင်လိုက်တယ်။ သူ့ကို သတိပေးဖို့ လုပ်တဲ့အခါ နောက်ကျသွား ပါပြီ။ ရှေ့ရင်ပြင်ထဲက လူအုပ်ထဲ ရောနှောပြီး ပျောက်ကွယ်သွားပါတော့တယ်။ အဲလိုနဲ့ ကျမ တစ်ယောက် တည်း ဆိုင်ထဲမှာ ကျန်ခဲ့တာပဲ။

 

**************************************************************************

 

ကျမသားလေးက ဉာဏ်သိပ်ကောင်းတာပဲ။ သူကြိုက်တဲ့ ကာတွန်းစာအုပ်လေးတွေ အစကနေ အဆုံးအထိ အမှားအယွင်း မရှိ အော်ဖတ်နိုင်တယ်။ ဇာတ်ကောင်တွေရဲ့ အသံအမျိုးမျိုးကိုလည်း လုပ်ပြသေးတာ။ ဝက်ပေါက်လေးအသံ၊ မင်းသားလေးအသံ၊ စက်ရုပ်အသံ၊ အဘိုးကြီးအသံ။ သားက ဘယ်သန်။ နဖူးကျယ်ကျယ်နဲ့ နားပန်လေးမှာ မှဲ့လေးတစ်လုံးပါသေးတယ်။ ကျမ ညစာပြင်နေတဲ့ အချိန်မျိုးဆို ကျမ ဘယ်လိုဖြေရမယ် မသိတဲ့ မေးခွန်းတွေ တစ်မျိုးပြီး တစ်မျိုး မေးနေတော့တာ။ တရုတ်စာကို ဘယ်သူထွင် ခဲ့သလဲတို့။ လူတွေက ဘာလို့ အသက်ကြီးသွားကြတာလဲလို့။ လေဆိုတာ ဘာလဲတို့။ သားတို့သေရင် ဘယ်ရောက်သွားကြလဲတို့ပေါ့။

သားမရှိတော့တဲ့ နောက်ပိုင်း ဝမ်းနည်းစရာ အဖြစ်တွေနဲ့ သေဆုံးရတဲ့ ကလေးတွေ အကြောင်း သတင်းစာ၊ ဂျာနယ်တွေမှာ ပါရင် ညှပ်ယူထားပြီး သိမ်းထားတယ်။

ဆယ့်တစ်နှစ် သမီးလေး မုဒိန်းကျင့်ပြီး အသတ်ခံရ။ ပြီးတော့ တောအုပ်တစ်ခုထဲမှာ မြှုပ်ထားခံခဲ့ရတယ်။ ကိုးနှစ်သားလေး တစ်ယောက်ကို အရူးတစ်ယောက်က ဖမ်းသွားတယ်။ နောက်တော့ ဝိုင်စည်တစ်ခုထဲမှာ ပြန်တွေ့တယ်။ ခြေထောက်နှစ်ဖက်လုံး ခြေကျင်းဝတ်ကနေ ဖြတ်ထားတာခံရတယ်။ ဆယ်နှစ်ကလေး တစ်ယောက် သံရည်ကျိုစက်ရုံကို လေ့လာရေးသွားရင်း သံရည်ကျိုကန်ထဲ ပြုတ်ကျ။ အဲဒီ ဆောင်းပါးတွေကို ကျမ အကျယ်ကြီး အော်ဖတ်တယ်။ ကဗျာတစ်ပုဒ်လို ရွတ်ဆိုတယ်။

 

**************************************************************************

အဲ…ကျမ ဘာလို စောစောက သတိမပြုမိတာလဲ မသိဘူး။ ကျမထိုင်နေတဲ့ ခုံကနေ ကောင်တာ နောက်ဘက် ကို အသာကဲကြည့်မိတယ်။ ကောင်တာနောက်က မီးဖိုခန်းတံခါးက တစ်ဝက်လောက် ပွင့်နေတာပဲ။ မီးဖိုထဲထိ ကျမ လှမ်းမြင်နိုင်တယ်။ ကောင်မလေးတစ်ယောက် မတ်တပ်ရပ်နေတာ တွေ့တာ။ မျက်နှာကတော့ တစ်ဖက် လွှဲလို့။ ကျမလည်း ခေါ်တော့မယ် လုပ်ပြီးမှ မခေါ်ဖြစ်တော့ဘူး။ သူ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာ ဖြစ်မယ်။ ပြီးတော့ ငိုနေတာ။

ဘာမှတော့ မကြားရဘူး။ ဒါပေမဲ့ သူ့ပုခုံးလေးတွေ တသိမ့်သိမ့်ခါနေတာ ကျမ မြင်ရတယ်လေ။ မသေမသပ်နဲ့ ဆံပင်တွေကို ဦးထုပ်ဖြူလေးအောက်မှာ စုစည်းထားတယ်။ ခရင်မ်တွေ ချောကလက်တွေ စွန်းနေပေမဲ့ သူ့ရှေ့ဖုံး ခါးစည်းကတော့ သပ်ရပ်လှပါတယ်။ ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ်လေးဆိုတော့ ကလေးမလေး တစ်ယောက်နဲ့ ပိုတူနေတာ။

ကျမလည်း ခွေးခြေလေးပေါ် ပြန်ထိုင်ရင်း ရင်ပြင်ဘက်ကို လှမ်းငေးနေမိတယ်။ ပူပေါင်းရောင်းတဲ့သူကတော့ အရုပ်ကလေးတွေ ခုထိ လုပ်ရောင်းတုန်း။ ခိုတွေကတော့ ဟိုနားတစ်စု သည်နားတစ်စု ပြန့်ကျဲနေကြတယ်။ ခုံတန်းရှည်ပေါ်က အမျိုးသမီးကတော့ ခုထိ ချည်ထိုးတုန်းပဲ။ စောစောကအတိုင်း ဘာမှ မပြောင်းလဲ သလိုပဲ။ အဲ..နာရီစင်ရဲ့ အရိပ်ကတော့ ရှည်လျား သေးသွယ်လာတာပေါ့။

မုန့်ဖုတ်တဲ့ မီးဖိုချောင်ကလေးကလည်း ရှေ့ခန်းလို သပ်ရပ် သန့်ရှင်းလို့ပဲ။ ပန်ကန်းလုံးတွေ၊ ဓားတွေ၊ မွှေစက်တွေ၊ ဂျုံအိတ်တွေ၊ ဇကာတွေ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် ထားတယ်။ ပန်းကန်စင်ကလေး ကလည်း ခြောက်ခြောက်သွေ့သွေ့ပါပဲ။ ကြမ်းပြင်ကလည်း အစွန်းအကွက် မရှိ။ အဲဒီအလယ်မှာ ကလေးမက ရပ်လို့။ ကျမ ဘာမှတော့ မကြားရဘူး။ သူရှိုက်လိုက်တိုင်း ဆံပင်လေးတွေ လှုပ်ရမ်းသွားတာတော့ တွေ့တယ်။ စားပွဲကို ငုံ့ကြည့်ပြီး လက်တစ်ဖက်က လက်သုတ်ပုဝါကို ဆုတ်ခြေနေတာ။ သူ့မျက်နှာ အမူအရာကိုတော့ ကျမ မမြင်နိုင်ပါဘူး။ ဒါပေမဲ့..အံကြိတ်ထားလို့ တင်းနေတဲ့ မေးရိုးရယ်။ ဖြူလျော်လျော် လည်ကုတ်လေးရယ်။ တယ်လီဖုန်းကို တင်းတင်းဆုပ်ထားတဲ့ လက်ရယ်က သူ့ရဲ့ နာကျင်ဝမ်းနည်းမှုကို ထင်ရှားစေတာပါပဲ။

သူငိုကြွေးရတဲ့ အကြောင်းက ကျမအတွက် ဘာမှအရေးမကြီးပါဘူး။ ဘာ အကြောင်းမှ ရှိချင်မှလည်း ရှိမှာပါ။ သူ့မျက်ရည်တွေက အဲ့ဒီလို စင်ကြယ်မှုမျိုး ရှိချင်ရှိမှာပဲလေ။

 

 

အားရှိသလောက်တွန်း တံခါးက မပွင့်ဘူး။ အားရှိသလောက် ထုဦး။ ဘာမှ ဖြစ်မလာဘူး။ ကြိုက်သလောက် အော်လိုက်ဦး။ ဘယ်သူမှ မကြားဘူး။ အမှောင်ရယ်..ဆာလောင်မှုရယ်..နာကျင်မှုရယ်..ပြီးတော့ တဖြည်းဖြည်း ဆို့ကြပ်လာမှုရယ်..။ တစ်ရက်တော့ သားလေးခံစားခဲ့ရပုံမျိုး ကျမတွေ့ကြုံမိချင်လာတယ်။

ပထမဆုံး ရေခဲသေတ္တာကို မီးပိတ်ပြီး အထဲကဟာတွေ ဆွဲထုတ်ပစ်လိုက်တယ်။ မနေ့က ကျန်တဲ့ အာလူးသုပ်၊ ဝက်ပေါင်ခြောက်၊ ကြက်ဥတွေ၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ နွမ်းနေတဲ့ ဟင်းနုနွယ်ရွက်တွေ၊ ဘီယာသံဘူး တစ်ချို့၊ ဝက်သားတွေ..။ အားလုံး ဆွဲထုတ် ပစ်ချပစ်။ အချဉ်ရည်တွေ၊ အချိုရည်တွေ ဖိတ်စင်ပြန့်ကျဲ၊ ကြက်ဥတွေ ကွဲကြေ၊ ရေခဲမုန့်တွေက ပျော်ကျ။ ဒါပေမဲ့ ရေခဲသေတ္တာထဲတော့ လုံးဝရှင်းလင်းသွားတာပဲ။ အသက်ကို ဝဝရှု၊ ဘောလုံး တစ်လုံးကို ကိုယ့်ကိုယ်ကို ခွေခေါက်ပြီး အထဲမှာ ဝင်နေလိုက်တယ်။

တံခါးပိတ်လိုက်တော့ မှောင်မဲသွားရော။ မျက်လုံးပိတ်တာနဲ့ ဖွင့်တာဟာ ဘာမှ မခြားတော့ဘူး။ ရေခဲသေတ္တာ နံရံတွေကတော့ အေးစက်နေတုန်းပဲ။ အင်း…သေခြင်းတရားက ဘယ်က လာမှာပါလိမ့်။

 

*****************************************************************************

 

“မင်း..မင်း ဘာတွေ လုပ်နေတာလဲ။”

ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်ရင်း ကျမ ယောက်ျားက အလန့်တကြားမေးတယ်။

“ကျမ သားလေးနောက် လိုက်မလို့။”

ပြောရင်း တံခါးကို အတင်းပြန်ဆွဲပိတ်ဖို့လုပ်တယ်။

“တော်လောက်ပြီ..။”

သူက ပြောပြီး ကျမကို ရေခဲသေတ္တာထဲက ဆွဲထုတ်တယ်။ ကျမ မျက်နှာကို တစ်ချက်ရိုက်ပြီး ထွက်သွားတော့တာပဲ။

***************************************************************************

 

မုန့်ဆိုင်နောက်က မီးဖိုထဲမှာ ဒီကောင်မလေးငိုနေတာ ရင်ပြင်ထဲကလူတွေ ဘယ်သူမှ မသိကြဘူး။ ကျမပဲ သိတာ..။

ပြတင်းပေါက်က ဖြတ်ဝင်လာတဲ့ နေရောင်တောင် ညို့ရိပ်သန်းလာပြီ။ မြို့တော်ခန်းမ ခေါင်မိုးနောက်ကို နေလုံး ကြီးက ဝင်တော့မှာ။ ပူပေါင်းသည်ဘေးမှာတော့ ကလေးနဲနဲပဲ ရှိတော့တယ်။ နာရီစင်က ငါးနာရီထိုးတဲ့အခါကျ စက်ရုပ်ပြပွဲတစ်ခုရှိလို့ လူတွေက နာရီစင်အောက်မှာ စုလာကြတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်ကြမှာပေါ့။

ကျမအနေနဲ့ ကလေးမ လှမ်းခေါ်ပြီး ဝယ်စရာရှိတာ ဝယ်ပြန်ရုံပဲ။ ဒါပေမဲ့ ကျမလည်း ဆုတ်ဆိုင်းဆိုင်း ဖြစ်နေမိတယ်။ ကော်တင်ထားတဲ့ ရှေ့ဖုံးခါးစီးက သူနဲ့ နဲနဲကြီးသလိုပဲ။ အဲဒီတော့ သူက ပိုသေးကွေးပြီး အားနည်း ဖြူဖျော့တဲ့ပုံ ပေါက်နေတာ။ သူ့ ကုတ်နားမှာ ချွေးစို့နေတာတောင် ကျမ သတိထားမိတယ်။ လက်ရှည် အင်္ကျ ီကို လက်ခေါက်ထားတဲ့နေရာက တွန့်နေတာရယ်၊ လက်ချောင်းရှည်ရှည်တွေရယ်..။ ဒီကောင်မလေး အလုပ်လုပ်ရင် ဘယ်လိုများနေမလဲလို့ ကျမတွေးကြည့်မိတယ်။ မုန့်ဖုတ်တဲ့ မီးဖိုထဲက ကိတ်မုန့် တွေ ဆွဲထုတ်နေတာ၊ ခရင်မ်လေးတွေကို အိတ်ထဲထည့်ပြီး ကိတ်ပေါ်မှာ ညှစ်ချလို့ အလှဆင်နေတာ၊ စတော်ဘယ်ရီသီးကလေးတွေကို ဂရုတစိုက်နဲ့ စီနေတာ..အဲဒါမျိုးတွေ မြင်ယောင်ကြည့်မိတယ်။ အင်း…သေချာတယ်..သူက ကမာ္ဘပေါ်မှာ အကောင်းဆုံး စတော်ဘယ်ရီ ကိတ်မုန့်ချိုလေးတွေ လုပ်နိုင်တဲ့သူ ဖြစ်မှာပဲ။

 

****************************************************************************

သားလေးဆုံးတာ နှစ်တွေ အတော်ကြာတော့ ကျမလည်း တစ်ယောက်တည်းလိုလိုပဲ နေဖြစ်တော့တယ်။ အဲဒီလို စနေတဲ့ အချိန် ထူးထူးဆန်းဆန်း ဖုန်းတစ်ခု ဝင်လာရော။ အသံကတော့ မရင်းနှီးပါဘူး။ ဒါပေမဲ့ လူငယ်လေး တစ်ယောက်ရဲ့ အသံဆိုတာတော့ ထင်ရှားပါတယ်။ အသံကတော့ နည်းနည်း ရွံ့တွန့်တွန့် ဖြစ်နေတဲ့ပုံ။ ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေးပါပဲ။ သူက ကျမသားလေး နာမည် စမေးရော။ ကျမလည်း ဘာ ဆိုပြီး ကြက်သေ သေသွားတာပေါ့။ ဟိုဖက်က လူငယ်လေးက ဆက်မေးတယ်။

“သူ အိမ်မှာ ရှိလားခင်ဗျ။”

“ဟင့်အင်း…သူမရှိဘူး။” ကျမလည်း ထိန်းပြောရတယ်။

“ေဩာ်…ဟုတ်လား…အင်း ကျနော်က သူ့ကို ကျနော်တို့ အလယ်တန်းကျောင်းက သူငယ်ချင်းတွေ ပြန်တွေ့ဆုံပွဲလေး အကြောင်းပြောမလို့။ သူ ဘယ်အချိန် ပြန်ရောက်မလဲ ခင်ဗျ။”

ကျမလည်း သားလေး အိမ်မှာ မရှိတဲ့ အကြောင်း၊ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့ အကြောင်း ပြောပြလိုက်တယ်။

“ဟင်…ဟုတ်လား..၊ ကျနော်က သူနဲ့ တွေ့ရမယ် ထင်နေတာ။”

သူ့အသံက တကယ်ကို စိတ်ပျက်သွားတဲ့ပုံ။

“ဒါနဲ့ သားတို့က သူငယ်ချင်းတွေပေါ့။”

“ဟုတ်တယ် ခင်ဗျ။ ကျောင်းတုန်းက ပြဇာတ်အသင်းမှာဆို သူကဥက္ကဌ၊ ကျနော်က ဒုဥက္ကဌ ပေါ့။”

“ကျောင်း ပြဇာတ်အသင်း..ဟုတ်လား။”

“ဟုတ်တယ်လေ..ဒေါ်ဒေါ်ရဲ့..ကျနော်တို့ မြို့နယ်အလိုက်၊ တိုင်းအလိုက် ယှဉ်ပြိုင်ပြီး နိုင်လို့ နိုင်ငံတော် အဆင့်ထိတောင် ပြိုင်ရသေးတယ်လေ။ ဒေါ်ဒေါ် မမှတ်မိဘူးလား။ အဲဒီတုန်းက ကျနော်တို့ မီးတောက်လူသား ဆိုတဲ့ ပြဇာတ်နဲ့ ပြိုင်တာပေါ့။ သူက ဗင်ဂိုး အဖြစ် သရုပ်ဆောင်တယ်။ ကျနော်က သူ့ညီ သီယို အဖြစ် သရုပ်ဆောင်တာလေ။ အင်း..သူက ဇာတ်လိုက်ပေါ့။ မိန်းကလေးတွေရဲ့ အသဲကြော်။ ကျနော်ကတော့ သူ့လက်ရုံးပေါ့လေ။ ဇာတ်ခုံပေါ်တင် မဟုတ်ပါဘူးဗျာ။ အပြင်မှာလည်း ဒီလိုပါပဲ။ အမြဲတမ်း စင်ပေါ်ကလူ။ ဆလိုက်မီးရောင်အောက်က လူပါပဲ။”

တခြားသူတစ်ယောက် အကြောင်း လူမှားပြီး ပြောပြနေပေမဲ့ ကျမ စိတ်အနှောင့်အယှက် မဖြစ်မိဘူး။ သူ့ကို မဟုတ်ဘူးလို့လဲ ပြောဖို့ မကြိုးစားမိဘူး။ ကျမသားလေးလည်း အရုပ်ပုံစာအုပ်လေးကို ဂျောင်းဂျောင်းပြေး ဖတ်နိုင်ခဲ့တာပဲလေ။ ဟန်နဲ့ ပန်နဲ့ အသံတုတွေတောင် လုပ်ပြခဲ့သေးတာပဲလေ။ တစ်နေ့ ဇာတ်ခုံပေါ်မှာ အဓိက ဇာတ်ဆောင် မဖြစ်ဖူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။ ဖြစ်မှာပေါ့နော်။

“သူ..ခုထိ သရုပ်ဆောင်လုပ်တုန်းလား။” လူငယ်လေးက မေးတာ။

“အေးကွဲ့..။”

“တကယ်…အင်း..ထင်တော့ ထင်သား။ အဲ…ကျနော် သူ့ကို ဖုန်းခေါ်တဲ့အကြောင်းလေး ပြောပေးပါနော်။”

“အေးပါကွယ်..ပြောပေးမှာပေါ့။”

တစ်ဖက်က ဖုန်းချသွားတဲ့အထိ ကျမဖုန်းကို မချဘဲ နား နားမှာကပ်ထားတုန်း။ ဖုန်းထဲက တတူတူ မြည်သံကို အတော်ကြာကြာ နားထောင်နေမိတယ်။ နောက် ဘယ်တော့မှ အဲဒီလူငယ်လေး ဖုန်းမခေါ်တော့ပါဘူး။

 

***************************************************************************

 

နာရီစင်က ခေါင်းလောင်းစထိုးပြီ။ ခိုတွေ ကောင်းကင်ပေါ် ဝုန်းခနဲ ပျံတက်ကြတာပေါ့။ ခေါင်းလောင်း ငါးချက်မြောက် ထိုးပြီးတဲ့အခါကျတော့ နာရီစက်ဝိုင်းအောက်က တံခါးလေးပွင့်လာပြီး အရုပ်ကလေးတွေ လှုပ်တုတ် လှုပ်တုတ်နဲ့ ချာလပတ်လည်ပြီး ထွက်လာတယ်။ စစ်သားရုပ်ကလေးတွေရယ်၊ ကြက်ကလေး တစ်ကောင်ရယ်၊ အရိုးစု တစ်ခုရယ်။ နာရီကလည်း အိုလှပြီ ဆိုတော့ အရုပ်ကလေးတွေကလည်း ဆေးပြယ်လို့ ပေါ့။ အရုပ်ကလေးတွေ လှုပ်ရှားတာလည်း ချောချောမွေ့မွေ့မရှိလှဘူး။ ထောင့်တောင့်တောင့်နဲ့ ကို့ရို့ကားယား။ ကြက်ရုပ်ကလေးက ခေါင်းကလေး ချာချာလည်လို့ အော်တော့မလို၊ တွန်တော့မလိုနဲ့။ အရိုးစုရုပ်ကလေးက က တယ်။ နောက်တော့ နတ်သမီးရုပ်ကလေးက သူ့ရွှေရောင် အတောင်ပံလေး ခတ်လို့ ထွက်လာရော။

မီးဖိုထဲက ကောင်မလေးကတော့ ဖုန်းကို ချလိုက်ပြီ။ ကျမ အသက်အောင့်လိုက်မိတယ်။ ကောင်မလေးက ဖုန်းကို ခဏစိုက်ကြည့်နေသေးတယ်။ နောက်တော့ ပင့်သက်ရှည်ကြီးချပြီး လက်ကိုင်ပုဝါလေးနဲ့ မျက်ရည်စ တွေကို သုတ်နေတယ်။

ကောင်မလေး ကောင်တာနောက် အလင်းရောင်ဖျော့ဖျော့မှာ ပေါ်လာရင် ပြောဖို့စကားကို ကျမ အထပ်ထပ်ရွတ် နေမိတယ်။

“စတော်ဘယ်ရီ ကိတ်ချိုလေး နှစ်လုံးပေးပါကွယ်…။”

 

ဂျပန် စာရေးဆရာမ ယိုကို အိုဂါဝါ ၏ Revenge အမည်ရ ဝတ္ထုတိုများစုစည်းမှုမှ

Afternoon at the bakery ကို ထုတ်နှုတ် ပြန်ဆိုပါသည်။

2 comments

  • ဇီဇီ

    April 4, 2018 at 2:05 pm

    သိပ် မရည်လည်ပေမဲ့
    ဘာရယ်မသိ
    ဖတ်ရတာ စိတ်ထဲဝမ်းနည်းလာသလိုပဲ။

  • manawphyulay

    August 20, 2018 at 12:58 pm

    စိတ်ထဲ ဖတ်ရင်ဒနဲ့ အတော်မကောင်းဖြစ်မိတယ်….။

Leave a Reply