မေမေ့ကို သတိရလို့ ရေးတဲ့စာ – 3

တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။

မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။

မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။

မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ ပြီး ဆော်ဒါနည်းနည်းထည် ့ပွအောင်နှပ်ထားပြီးမှလုပ်တာ။

ဘယ်အချိန်ရောက်ရောက် တိုရှည်ဆိုင်ရှေ့ရောက်ရင် ပဲဟင်းနဲ့ ပဲမှုန့်ကို ကောင်းမှ စားဖြစ်တော့တယ်။ အခုတော့ တိုရှည်မလုပ်စားဖြစ်တာကြာပြီး မုန့်အိုးလေးကတော့ အိမ်ရဲ့ထောင့်မှာရှိနေတုန်းပါပဲ။

#AungMoeThu
#MyMom
#003

2 comments

  • Shar Thet Man

    April 27, 2018 at 1:25 pm

    ဟင့်ဟင့် မျက်ရည်ဝဲမိ

  • ဇီဇီ

    May 7, 2018 at 3:03 pm

    မိုးသူ ဟင်းချက် မုန့်လုပ်တတ်တာ မေမေ့ဆီက ရတာပေါ့။

    <3

Leave a Reply