အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၂၅) – ပါမောက္ခမျိုးကျော်မြင့်

kaiApril 30, 20182min1892

ယခုလမှာ နှစ်သစ်ကူးနဲ့လည်းကြုံနေတော့ ဒုက္ခရောက်နေချိန်မှာ ကယ်တင်နိုင်မယ့် Structure လေးတွေကို လေ့လာကြရအောင်။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ အမှားအယွင်း တစ်ခုခုလုပ်မိပြီဆိုပါစို့။ ဒုက္ခတွေ့ပြီပေါ့၊ ကဲ ဒီဒုက္ခကို ဘယ်လို ကျော်လွှားရမလဲလို့ စဉ်းစားတဲ့အခါ – have, make, Get ဆိုတဲ့ ဝေါဟာရလေးသုံးခုကို သတိရလိုက်ပါ။ အောက်ဖော်ပြပါ Structure လေးကိုလည်း သတိရလိုက်ပါလေ။
Subject + have / make /+object + base from
ဥပမာ- The boss made me do this
the boss had me do it
ကောင်းတော့ မကောင်းဘူးပေါ့ ။ ဒါပေမယ့် ဒီလိုသုံးတတ်ရင် ကိုယ့်အပြစ်ကနေ boss အပြစ် ဖြစ်သွားပြီပေါ့။ သူခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့ သဘောပေါ့။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဒုက္ခကိုကျော်လွှားနိုင်ပြီလေ။ နောက်မှ boss ကို တောင်းပန်ချင် ရင်တော့ တောင်းပန်လိုက်ပါ။ ဖြစ်ပါတယ်။ ဒီ structure လေးကို တစုံတယောက်က တစုံတယောက်ကို တခုခုလုပ်ခိုင်းတဲ့အခါမှာ သုံးလေ့ရှိပါတယ်။
ဥပမာ- I had the students do some homework.
We made him repaint the room.
Have တို့ made တို့နှင့် ဆင်တူရိုးမှားသုံးလေ့ရှိတဲ့ ဝေါဟာရလေးကတော့ get ပါ။ သို့သော် get ကို သုံးတဲ့ အခါမှာ structure က နည်းနည်းလေးပြောင်းလဲသွားပါတယ်။ Get ရဲ့နောက်မှာ base from verb မဟုတ်ဘဲ infinitive တနည်းအားဖြင့် to+ base from verb ကိုသုံးရပါတယ်။
ဥပမာ- Subject+get+object+infinitive
She got him to lend her some money.
အထက်ဖော်ပြပါ Structure လေးမှာ base from အစား infinitive သို့မဟုတ် to+base from ကို သုံးရတာကို သတိပြုမိပါစေ။ ဒီနေရာမှာ make, have, get စသဖြင့် ကြိယာလေးများကို သုံးစွဲသည့်အခါ made, had, got သို့မဟုတ် will make, will have, will get စသဖြင့် form အမျိုးမျိုးပြောင်း၍ သုံးလို့လည်းရပါတယ်။
ဥပမာ- Jim got the employees to work overtime by paying them a bit more.
Mom got dad to fix the faucet by bribing him with chocolates.
My wife will get me to fix the light.
Get ကို သုံးတဲ့အခါ have ကို make တို့နဲ့ အဓိပ္ပာယ် အတန်ငယ် ကွာခြားတာကို နားလည်ဖို့ လိုပါတယ်။ have တို့ make တို့က ခိုင်းတဲ့သဘောသက်သက်ပါ။ get ကတော့ အင်္ဂလိပ်လို persuade မြန်မာလိုတော့ လုပ်ချင်လာအောင် ပြောပြီးခိုင်းတယ်ပေါ့၊ တနည်းအားဖြင့် ချော့ပြီးခိုင်းတဲ့ သဘောပါ။
ဥပမာ- My dad had me do my homework.
My mother made me clean my room.
My wife got me to buy her a gold bracelet.
ပထမဝါကျနှစ်ခုမှာ အဖေနဲ့ အမေ တို့က သဘာဝကိုသုံးပြီး ခိုင်းတယ်ပေါ့။ တတိယဝါကျမှာတော့ “အကိုရေ၊မောင်ရေ မီးလေးပြင်လိုက်ပါဦးကွယ် “ဆိုပြီး ချိုချိုသာသာလေး ချော့ခိုင်းတယ်ပေါ့။ တစ်ချို့က ဒီလို ချိုချိုသာသာလေးချော့ခိုင်းရင်”ကျားမြီးတောင် ဆွဲရဲ”သတဲ့။ ဒါ့ကြောင့် သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ်။နောက်ကျပြီး အလုပ်ကပြန်လာတဲ့အခါ ဇနီးသည်က ” သေချင်းဆိုး နင်ဘာလို့နောက်ကျနေတာလည်း” ဆိုရင် ဘယ်လိုမှမနေဘူးတဲ့။ အဲ “ကိုကိုရယ် နောက်ကျလိုက်တာကွယ်” ဆိုတဲ့ ချိုသာ တဲ့ နှုတ်ဆက်သံလေးကြားရရင်တော့ အလုပ်ကိုတောင် ပြန်ပြေးချင်စိတ်ပေါက်တယ်တဲ့။ ဟုတ်တယ်လေ ချိုချိုသာသာနဲ့ မသေရုံတမယ် အခိုင်းခံရတော့မယ်မဟုတ်လား။ တကယ်တော့ ဒုက္ခရောက်မှဟိုလူံကိုပုံချ ဒီလူ့ကိုလွှဲချလုပ်ရတာ မကောင်းပါဘူး။ဒီတော့ အလုပ်မှာဖြစ်စေ၊ကျောင်းမှာဖြစ်စေ အရေးကြီတဲ့ကိစ္စတခုခုလုပ်မယ်ဆိုရင် ခွင့်ပြုချက်တောင်းပြီးမှ လုပ်ချင်တာလုပ်တာ ပိုကောင်းပါတယ်။ အပြစ်မဖြစ်နိုင်ဘူးပေါ့နော်။ ဒီနေရာမှာ permission ရဖို့ သုံးရတဲ့ဝေါဟာရလေးက Let ပါ။သုံးရမယ့် structure လေး ကိုလည်း ဖော်ပြထားပါတယ်။
Subject+Let+object+base form
The teacher let us use the dictionary.
ဆရာကကျောင်းသားတွေကို စာမေးပွဲမှာ အဘိဓာန် သုံးခွင့်ပြုတယ်ပေါ့။ ဒါကို မေးခွန်းအဖြစ် ပြောင်းလိုက်ဖို့ လွယ်ပါတယ်။
ဥပမာ- Will the teacher let us use the dictionary?
Will you let me drive the car?
Will you let me work overtime?
Will you let me sell my book?
– ဒီလိုခွင့်တောင်းပြီးမှ လုပ်စရာရှိတာကိုလုပ်ရင် အားလုံး အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ ခွင့်မတောင်းမိလို့ ဒုက္ခရောက်နေပြီဆိုရင် ဟိုလူဒီလူပုံချနေမယ့်အစား အကူအညီသာတောင်းဖို့ပြင်ပါလေ။ အကူအညီဆိုတာကလည်း တောင်းတတ်ဦးမှနော်။ဖော်ပြပါ Structure လေးကို သုံးတတ်အာင် လေ့ကျင်ထားပါ။
Subject+help+object+base from
Subject+help+object+to+ base from/Infinitive
အထက်ဖော်ပြပါ Structure နှစ်ခုစလုံးမှန်ပါတယ်။ အဓိပ္ပာယ်လေးအတူးတူပဲ ဆိုပါစို့။
She helped me cook dinner. လို့ပဲရေးရေး She helped me to cook dinner. လို့ပဲရေးရေး အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ ဒီ Structure ကိုလည်း မေးခွန်းအဖြစ်ပြောင်းလိုက်ဖို့ သိပ်ကိုလွယ်ပါတယ်။
ဥပမာ- Will you help me do my homework?
Will you help me fix the light?
-တခုသတိထားဖို့ကတော့ ပိုက်ဆံပေးရတဲ့ အလုပ်မျိုးတွေကိ်ု ဒီ Make, have စသည့် ကြိယာလေးတွေနဲ့သုံးတဲ့အခါမှာ Structure ကို နည်းနည်းလေးပြောင်းလိုက်ရပါတယ်။ ခိုင်းတဲ့သဘောမဟုတ်ဘဲ၊ လုပ်အားကို ဝယ်ယူတဲ့သဘောဖြစ်သွားပါတယ်။ ဥပမာ- သချင်္ာမှာ မလိုက်နိုင်လို့ အိမ်မှာကျူရှင်ဆရာခေါ်ပြီး သင်ယူရတယ်ပေါ့။ ဒီလိုအခါမှာ-
We had the teacher explain the match problem
လို့သုံးရင် နည်းနည်းရိုင်းသွားတာပေါ့။ အလားတူ ဆံပင်ညှပ်တာကို Dry Clean လုပ်တာတို့ကိုလည်း ဒီပုံစံနဲ့သုံးရင် ရိုင်းပါတယ်။ ဒီတော့ ဒီ structure လေးတွေကို passive အဖြစ်ပြောင်းလဲပြီး သုံးရပါတယ်။
ဥပမာ- I had the barber cut my hair.(not so good)
I had my hair cut.(better)
I got the washing lady to wash my clothes.(not so good)
I got my clothes washed.(better)
– ဒီနေရာမှာ Passive ဝါကျတွေမှာ Have နဲ့ get ကို အတူတူပဲ သုံးထားပါတယ် လုံးဝမခြားနားတာကို သတိပြုမိပါစေတဲ့။ မြန်မာနှစ်သစ်ကူးမှာ စာဖတ်သူအားလုံး အေးချမ်းသာယာကြပါစေ။ စီးပွားတိုးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

2 comments

  • Thint Aye Yeik

    May 14, 2018 at 10:44 am

    ဗဟုသုတ တိုးစေပါ၏
    ကျေးဇူးလည်း တင်နေပါ၏

Leave a Reply