သဘာဝ ပစ္စည်းတွေသုံးတဲ့ SPA ပို့(စ) ရေးမယ် ဆိုပြီး ကင်းကောင်လေးနဲ့ တာတူး လေးကို ကတိတွေ စွတ်စက်ပေးထားတာ ၃ နှစ်ရှိပြီ။

အဟီးးဟီးး

ခု အဲ့ဒီ ပို့(စ) မဖြစ်ခင် အပိုင်းခွဲလို့ ပြောလို့ရမဲ့ ပင်လယ်ဆား ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ အကြောင်း ပြောပါမယ်။

ဆားအမျိုးအစားများ ထဲကမှ SPA ပို့(စ) အတွက် အဓိက ရှာထားတာမို့ ပင်လယ် ဆား (Sea Salt) ကို အသုံးပြုနိုင်ပုံကိုသာ ပြောသွားပါ့မယ်။

Sea Salt

များသောအားဖြင့် ပင်လယ်ဆားက အခဲလေးတွေပဲ ဝယ်လို့ရတာကြောင့် ကျနော်က အမှုန့်ပြန်လုပ်ပြီးမှ သိမ်းထားလေ့ရှိပါတယ်။

ခက်ခက်ခဲခဲမကြိုးပမ်းရတဲ့ အလွယ်ထိရောက်တဲ့ နည်းတွေကိုသာ ထုတ်နှုတ်ထားပါတယ်။ ကျနော်ကတော့ ရေချိုးခန်းထဲမယ် ရေလုံလေလုံ ဖန်ပုလင်း အဝကျယ် တစ်ခုထဲ ဆားထည့်ပြီး ထားတယ်။ အဆင်သင့် သုံးနိုင်အောင်ပေါ့။

~~~~~~~~~~~~~~~~

ဆံပင် အတွက်

—————–

  • ဘောက် အတွက်ဆိုရင် ရေမချိုး ခေါင်းမလျှော်ခင် ဆံပင်ရေမစိုခင် ကို ခွဲကြောင်းလေးတွေ ဖီးပြီး ဆားမှုန့်လေးတွေ ဖြူးပြီး ၁၅ မိနစ်လောက် အရင် နှိပ်ပေးပါ။ နောက်မှ ခေါင်းလျှော်ရည်နဲ့ သေချာပြန်လျှော်ချလိုက်မယ်ဆိုရင် အဲ့ဒီ အလေ့အကျင့်လေးဟာ ဆံပင်မှာ ဘောက်မထနိုင်တော့ပါဘူး။
  • ခေါင်းလျှော်ဖို့ ခေါင်းလျှော်ရည်ထဲ ဆား အနည်းငယ်ထည့်လျှော်ပြီး ရေစင်အောင် လောင်းပြီးရင်လည်း ဆံပင်အရောင်တောက်ပပြီး ပျက်စီးမှုလျော့စေပါတယ်။
  • ဆံပင်ရင်းမှ ဆီထွက်သူတွေ ခေါင်းချွေးထွက်တတ်သူတွေဟာ ဆားရည်ကို စပရေးဘူးလွတ်ထဲ ထည့်ကာ ဖျန်းပေးထားရင် ချွေးထွက်လွန်တာမျိုး အနံ့ဆိုးထွက်တာမျိုးကို တားဆီးပေးပါတယ်။
  • ပင်လယ်ဆား နဲ့ ဆံပင်ပျော့ဆေး/ပေါင်းဆေးကို ဆတူရောပြီး ဆံပင်ကိုအရင်းမှ အဖျားထိ မိနစ် ၂၀ ပေါင်းထားပေးပြီးမှ ရေစင်အောင်ဆေးချတာဟာ ဆံပင်ကျွတ် သက်သာပြီးဆံပင်သား ထူဖို့ အားပေးပါတယ်။

~~~~~~~~~~~~~~~~~~~~

ခန္တာကိုယ် အတွက်

——————–

 

မြန်မာနည်း တစ်ခုကတော့ ရေမချိုးခင် ခြေဖဝါး ဆားပွတ်ခိုင်းပါတယ်။ တစ်ချို့ကတော့ ဆားနင်းခိုင်းပါတယ်။

  • ဆားကြမ်း လက် ၂ ဆုပ်စာလောက်ရှိရင် လုပ်နိုင်ပါပြီ။ ရေဖဝါးကနေ အခိုးထုတ်တယ်လို့ ကြားဖူးပါတယ်။ ဆားပွတ်ပြီး ၁၅မိနစ်လောက်မှ ရေချိုးရင် ခြေထောက်ကအရင် စလောင်းပြီး ချိုးပါ။ နေရတာပေါ့ပြီး မျက်လုံးလည်း ကြည်ပါတယ်။
  • ရေချိုးရင်း ဆပ်ပြာမတိုက်ခင် ဆားအမှုန့်တွေနဲ့ ခန္တာကိုယ်ကို ပွတ်သပ်ချိုးရင် အခိုးပွင့်ပြီး ခန္တာကိုယ်ပေါ်က ချေးညှော်အဟောင်းတွေ စင်ကြယ်စေပါတယ်။ ချိုင်း၊ ဂုတ်၊ ခြေဖနောင့်၊ တွေမှာ ပွတ်ချိုးရင် အနံ့အသက်ဆိုး ကင်းစေပါတယ်။

ဒီထက်မှ အချိန်ရရင် အိမ်လုပ် Body Scrub နဲ့ ရေချိုးလို့ရပါသေးတယ်။

  • ဆား ခွက် ၄ ပုံ တစ်ပုံ ကို သံလွင်ဆီ(သို့) အုန်းဆီ ခွက် တစ်ဝက် အချိုးနဲ့ ရောစပ်ထားတဲ့ အနှစ်ကို ဆပ်ပြာမတိုက်ခင် ခန္တာကိုယ်ကို နှိပ်နယ်ချိုးပေးရင် သွေးလည်ပတ်မှုကောင်းပြီး အရေပြားပေါ်က ဆဲ(လ) အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါမှမဟုတ်

  • ဆား ခွက်တစ်ဝက်စာ, ရှားစောင်းလက်ပတ်ကခြစ်ယူထားတဲ့ အရည် ခွက် ၄ပုံ ၁ပုံ, သံလွင်ဆီ ခွက် ၄ပုံ ၁ပုံ အချိုးနဲ့ ရောစပ်ထားတဲ့ အနှစ်နဲ့ ဆပ်ပြာမတိုက်ခင် ခန္တာကိုယ်ကို နှိပ်နယ်ချိုးပေးရင် အသားအရည် အစိုဓာတ် နဲ့ ဆဲ(လ) အသစ်ဖြစ်ပေါ်နှုန်းကို အားပေးပါတယ်။
  • ရေချိုးကန်ရှိရင် ပင်လယ်ဆားလက်တစ်ဆုပ်လောက်ကို ရေနွေးနွေးနဲ့ စပ်ပြီး နာရီဝက်လောက် စိမ်နိုင်ရင် ခန္တာကိုယ် ကို အင်မတန်သက်တောင့်သက်သာဖြစ်စေပြီး အရေးအကြောင်းလျော့ကျစေပါတယ်။

~~~~~~~~~~~~~~~~~~~~

မျက်နှာအတွက်

—————-

 

  • မျက်နှာအဆီပြန်တတ်လွန်းရင် ပင်လယ်ဆား ထမင်းစား တစ်ဇွန်းနဲ့ ရေ ၄ အောင်စ ကို ဆားတွေ အရည်ပျော်တဲ့ထိရောပြီးမှ မျက်နှာကို (မျက်လုံး ဧရိယာ ရှောင်ပါ) ဖြန်းပေးရင် အဆီထွက်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။
  • ပင်လယ်ဆား ၂ ဇွန်းကို ပျားရည်စစ်စစ် ၄ ဇွန်းနဲ့ ရောမွှေပြီး သန့်ရှင်းပြီးစ ခြောက်သွေ့ပြီးသား မျက်နှာမှာ (မျက်လုံး ဧရိယာ ရှောင်ပါ) လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ ရေစင်အောင် ဆေးချလိုက်ပြီး မျက်နှာကို နှိပ်ပေးနိုင်ရင် သွေးလည်ပတ်မှုကောင်းပြီး အရေးအကြောင်းလျော့နည်းစေပါတယ်။

~~~~~~~~~~~~~~~~~~~

လက်သည်း ခြေသည်း အတွက်

———————————-

  • အရောင်ဆိုးပါများလို့ ခြေသည်းလက်သည်းတွေ ဝါကျင်ကျင်ဖြစ်နေရင် ဆားရယ်, ဘိတ်ကင်းဆိုဒါရယ်, သံပုရာရည်ရယ် လက်ဖက်ရည် ဇွန်း၁ ဇွန်းစာ ကို ရေနွေးနွေး ခွက်တစ်ဝက်စာ အချိုးနဲ့ စပ်ပြီး ခြေသည်းလက်သည်းတွေကို ၁၀ မိနစ်စိမ်ပေးရပါမယ်။ ပြီးရင် သွားပွတ်တံအဟောင်းလေးနဲ့ တိုက်ပြီး ဆေးကြောနိုင်မယ်ဆိုရင် လက်သည်းခြေသည်းတွေ ဖြူဖွေးတောက်ပဖို့ နည်းလမ်းကောင်းပါ။

~~~~~~~~~~~~~~~~~~~

 

သွား နဲ့ ခံတွင်း အတွက်

————————–

ဒါကတော့ ကျနော်တို့ ရိုးရာနည်းမှာလည်း ရှိပြီးသားပါ။

မျက်စိမှာ ရည်

နားမှာ ဆီ

ဒန္တီမှာ ဆား

ဝမ်းမှာ ခါး” စတာမှာ ခံတွင်း အတွက် ဆား အသုံးက ရှိပြီးသားပါ။

ဆားရဲ့ သတ္တိကိုက အညှီအချွဲကင်းစေတာမို့ သားငါးဆေးရင် ဆားနဲ့ ပွတ်ဆေးသလိုပဲ သွား၊လျှာ နဲ့ ခံတွင်း အတွက် ဆားကို သုံးသင့်ပါတယ်။

  • ပင်လယ်ဆား အမှုန့်ညက်ညက်နဲ့ တစ်ပတ် ၂ ကြိမ်လောက် သွားအံဖုံး အတွင်းထဲထိ လက်နဲ့ပဲ ယူတိုက်ကြည့်ပါဦး။ အနည်းဆုံးတော့ သွားတိုက်တံ မရောက်နိုင်တဲ့ အံဆုံး အတွင်းပိုင်းတွေထိ သန့်ရှင်းပါတယ်။ အနံ့အသက်ကင်းပါတယ်။ ပုံမှန်လုပ်ရင် သွားဖုံးနဲ့ သွားကြားမှာရှိတဲ့ ချိုးတွေပါ ကွာကျပါတယ်။
  • ဒါမှမဟုတ် ဖန်ခွက်လေးထဲ ဆား တစ်ဇွန်းနဲ့ ရေနွေးနွေးလေးဖျော်ပြီး အစားစားပြီးချိန် ပလုပ်ကျင်း အာလုပ်ကျင်း နိုင်ရင်ရော မကောင်းဘူးလားနော့။ သွားနာ သွားကိုက်မဖြစ်ပါဘူး။ ဖြစ်နေရင် သက်သာသွားပါတယ်။
  • အနောက်တိုင်း နည်းကတော့ ဆား နဲ့ baking soda powder အချိုး ၁း၂ ရောစပ်ပြီး သွားပွတ်တံနဲ့ ယူပြီး သွားတိုက်နိုင်ရင် သွားဖြူပါသတဲ့။
  • အဲဒီ အချိုးကိုပဲ ရေနဲ့ ရောပြီး ပလုပ်ကျင်းလို့လည်း ရပါသေးသတဲ့။

အလှအပအတွက် ဆီ အမျိုးစုံ အသုံးကတော့ သဘောလောက်ရေးဖူးတယ်။ အကျယ်ရေးဖို့တော့ ရွာထဲက ဆီသည် အမျိုးတွေ ပေးမဲ့ စပွန်ဆာ စောင့်လိုက်အူးမယ်။

ဟိ။

ကိုးကား-

https://www.womenshealthmag.com/beauty/a19953014/salt-beauty-uses/

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120