သမိုင်းမှတ်တမ်းမြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် ပျူတို့မြို့ပြခေတ် အေဒီ၄ရာစုမှစတွက်သော် သက်တမ်း၁၆၀ဝနှစ်ကျော်ရှိသည့် မြန်မာ့မြေနေလူဦးရေသည် ယခုနှစ်တွင် ၅၃သန်းမျှရှိနေပြီဖြစ်ပါသည်။
လွန်ခဲ့သောနှစ်၁၀၀ဝခန့်က ပထမမြန်မာနိုင်ငံတော်တွင် ပေါင်းလူဦးရေ ၁သိန်း(သာ)ရှိခဲ့သည်ဆိုငြားအံ့။ အလွန်အပြစ်ကင်းကင်း သက်တမ်းပြည့်နေ မွေးဖွားတိုးတက်နှုန်းနှင့်ဆိုပါလျှင်) ကမ္ဘာ့လူဦးရေတိုးနှုန်းပျမ်းမျှ ၁.၂ နှင့် ဖေါ်မြူလာတွင်းထည့်တွက်ကြည့်လျှင် ယခုရာစုနှစ်ဦးတွင်လူသန်း၁၅ဝထက်မနည်းရှိနေရပါလိ့မ်မည်။ သို့ဆိုပါသော် ရှိရမည့်ထဲ လူသန်းပေါင်းများစွာ ဘယ်ဆီလေလွင့် ရောက်ကုန်ပါသနည်း။

“ဂိမာန် ဝဿန် ဟေမာန်”
မြန်မာပြည်တွင် နွေ၊မိုး၊ဆောင်း ရာသီ၃ပါးရှိကာ အီကွေတာနှင့်နီးသဖြင့် နွေတွင် ခြစ်ခြစ်တောက်ပူပြင်းသည်။ နွေခေါင်ခေါင်တွင်ခရမ်းလွန်အန္တရာယ်ရှိစကေး(Ultraviolet index 11+) ဖြင့် ဖြာကျနေသော နေရောင်ခြည်သည် သက်ရှိဆဲလ်များကိုလောင်မီးကျသွားလောက်သည်။ မိုင်၁၂၀ဝ ပင်လယ်ကမ်းနှင့်ဆက်စပ်ပင်လယ်ပြင်ကြီးရှိငြား ဖမ်းလာသမျှ သားငါးတို့နေ့မကူးနိုင်၊ ပုပ်သိုးရိကျကုန်သည်။ လူသားတို့စွမ်းအားဖြင့် တည်ဆောက်ထားသော ပစ္စည်းဟူသမျှ နေရောင်အောက်တွင်ကျွတ်ရွပျော်ကျ၍ သက်တမ်းတိုစေသည်။
ထို့အတူ မိုးရာသီ၏မုတ်သုန်မိုးကြီးသည် သွန်ချသလိုရွာကာ ရှိသမျှပျိုးပင်ပျိုးပေါက် မျိုးကောင်းများအားပျက်စီးစေပြီး”Survival of the fittest”တော်နေ-ရှော်သေ နိယာမအရ အကြမ်းခုခံနိုင်သည့်မျိုးများသာပေါက်ရောက်ရှင်သန်သည်။
မြစ်ချောင်းအင်းအိုင်တို့ပြည့်လျှံကုန်ကာ ရေစီးလမ်းတလျှောက် တိုက်စားတွန်းဖျက်သွားသည်။ ယာခင်း၊တောင်ပြိုတွင် ရွံ့ဗွက်နှင့်နွံတောကြီးများသာ ကျန်ရစ်စေခဲ့သည်။ ဗူးလေးရာဖရုံဆင့်ဆိုသလို ပြင်းထန်သည့်ဥတုရာသီကို ခံနိုင်ရည်ဝနေသည့်အင်းဆက်၊ပိုးမွှား၊ဗိုင်းရပ်စ်၊ဗက်တီးရီးယားများ ကူဖြည့်ဖျက်ဆီးလွန်းရကား ပိုးသတ်ဆေးမကူလျှင်သီးပင်စာပင်မှကောင်းကောင်းကန်းကန်းဘာမှထွက်မလာ။ သို့နှင့်မြန်မာ့လယ်ယာထွက်ကုန်တို့မှာဓါတုဆေးဝါးကျားကန်ထားသည်များဖြစ်လာသည်။ စိုထိုင်းဆမြင့်တွင် ပူနွေးနေသဖြင့်လူကိုဒုက္ခပေးနိုင်သော ခြင်၊ယင်၊ကြွက်တို့၏မျိုးပွားပျော်မြူးရာသီဥတုပါလေ။
ဆောင်းမှာမူကား ဘီလီယံချီသောပိုးဖလံမျိုးတို့၏အကြိုက်တည်း။ ကျေးလက်တောရွာမဆိုထားနှင့်၊ မန္တလေး၊ရန်ကုန်မြို့၏မာကျူရီ၊အယ်လ်အီးဒီ မီးတိုင်များအောက်ဝယ် အမျိုးအမည်မသိရသည့် အင်းဆက်မျိုးစုံ အုံလုံးလိုက်ကြီးမီးတိုးကစားနေသည်ကိုမြင်ကြရမည်။ သိုလှောင်သိမ်းဆည်းထားရာ စားရေရိက္ခာ၊ ကုန်စည်စလယ်တို့သာမကလူသားတို့ပင် ပုန်းရှောင်မရဖြစ်ချေသည်။ အအေးမကြမ်းသော်ငြား မြန်မာ့ မြူနှင်း၏ဆောင်းအောက်ဝယ် ဘယ်ပန်းလှရယ်မှစွင့်လန်း၍လည်းမပွင့်နိုင်ပေ။
ဥတုရာသီကြမ်းလွန်းရကား အိမ်လည်းမခံနိုင်။ လမ်း၊တံတားလည်းမဟန်နိုင်။ နေပြင်းတွင် ကျွတ်ရွနေသော ကွန်ခရစ်၊ကျောက်ခင်းလမ်းမသည်လည်း မုတ်သုန်မိုးသွန်ချလိုက်သောအခါ အစိတ်စိတ်အမွှာမွှာ။
The Global Climate Risk မှတ်တမ်းများအရ မြန်မာပြည်သည် အရှေ့တောင်အာရှတွင် နံပါတ်၁ သာမက ကမ္ဘာတွင်ဟွန်ဒူးရပ်စ်၊ ဟေတီပြည်တို့နှင့်အတူ သဘာဝဘေးဒဏ်အခံရဆုံးတိုင်းပြည် (၁၉၉၆-၂၀၁၇)တခုဖြစ်သတည်း။

နှိုင်းယှဉ်ရပါလျှင် အမေရိကား၏သဲကန္တာရမြေဟုခေါ်ဆိုထိုက်သော ကယ်လီဖိုးနီးယားပြည်တွင်း အိမ်ခြံဝင်း၌သုံးမကုန်စားမခန်းအသီးအနှံများပေါက်ထွားကြီးပွားနေသဖြင့် အိမ်နီးချင်းများသာမက အဝေးမှမိတ်ဆွေများကိုပင်မျှဝေရ၏။ ရေလောင်းယုံမျှနှင့် သီးနှံတို့ဖြစ်ထွန်းကြသည်မှာ ပင်လုံးညွှတ်မျှ၊ ကယ်လီဖိုးနီးယား၏ အလယ်ပိုင်းမိုးမရွာ သွေ့ခြောက်ဒေသတွင် စပျစ်၊ လိမ္မော်မျိုး၊ သီဟိုဌ်စေ့၊ နတ်(Nut)မှသည် ဟင်းသီးဟင်းရွက် မျိုးစုံလင်ကို ဆည်ကန်အသီးသီးမှရေသွယ်စိုက်ပျိုးအောင်မြင်စွာထုတ်ရောင်းနိုင်သည်မှာ အမေရိကားပြည်လုံးကျော်၍ အခြားကမ္ဘာ့နိုင်ငံများသို့ပင်တည်း။
ဝါရှင်တန်ပြည်နယ်တွင်လည်း နွှဲ၍ရွာသော မိုးအေးကြီးတို့နှင့် ပန်းသီး၊ဘယ်ရီ၊ဂျုံ၊အာလူး၊ကော်ဖီ၊ကိုကိုးစိုက်သမျှသီးကာ ဆောင်းဦးနွေဦးတို့ဝယ် ပန်းအလှစုံစုံ တောခင်းကြီးသဖွယ် မျက်စိတဆုံးငှားစွင့်ပွင့်ကြပါသည်။
ကယ်လီဖိုးနီးယားရှိ လူနေအိမ်များမှာလည်း နှစ်၅ဝသက်တမ်းအသာလေးသွားနိုင်ကြကာ ၁၀ဝနှစ်သက်တမ်းများအထိ မတ်တည်ခိုင်ခန့်နေဆဲ။ ဖရီးဝေးလမ်းမကြီးတို့သည် သမမျှတသောဥတုရာသီအောက်တွင် နှစ် ၅ဝ မကခံကြသည်။ သို့နှင့်
ထိမ်းသိမ်းတည်ဆောက်စရိပ်များစွာသက်သာသွားကာ တိုင်းပြည်အတွက်အကျိုးရှိသည့်ဖက်သို့ ဒေါ်လာငွေဘီယီယံပေါင်းများစွာခံကျသုံးစွဲနိုင်သည်။
အမေရိကား၏အမျိုးသားသစ်တောကြိုးဝိုင်းများတွင် နှစ်ထောင်ချီသက်တမ်းရှိသော အမြင်ပေ ၃၀ဝကျော် လုံးပတ် ၃ဝပေမျှရှိအပင်ကြီးများသန်းချီပေါက်ရောက်ရှင်သန်ထိုးထွက်နေဆဲတည်း။ တောရိုင်းတိရစ္ဆာန်များမှာ တောမှထွက်ကာမြို့ထဲသို့ပင်လွန်ကျူးဝင်ရောက်ရဲကြသည်။ (အခြေခံဥပဒေအရ )လူတိုင်းသေနတ်ကိုင်ဆောင်ပစ်ခတ်နိုင်သူ အမေရိကန်များအားကြောက်လည်းမကြောက် ။ ကြောက်ရန်လည်းမလို၊ ပျော်ပါးကျက်စားလျှက်ရှိကြကုန်၏။

“ဒေါင်းလည်ပြန်”
ယခု၂၀၁၈သည် နာဂစ်မုန်တိုင်းကြီး၏ ၁ဝနှစ်ပြည့်နှစ်ဖြစ်ပါသည်။ လူ၁သိန်း၄သောင်းမျှသေကြေပျက်ဆီးခဲ့ရကာလူ၂သန်းခွဲဘဝကိုထိခိုက်စေခဲ့သော နာဂစ်ကြောင့်မြန်မာတို့၏လူနေမှုဘဝပုံစံပင် ပြောင်းကုန်သည်ကို သတိထားမိပါသည်။
၁ဝနှစ်လွန်၍ လည်ပြန်သုံးသပ်ကြည့်ပါသော် ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းဒေသတို့မှ ကျန်ရစ်သူတို့ မြို့ကြီးများဆီပြောင်းရွေ့ခိုလှုံလာကြရကာ အလုပ်အကိုင်ရှာနေထိုင်လာသည်ကိုတွေ့ရမည်။ သို့နှင့်၁၈၅၃က အင်္ဂလိပ်တို့လူသိန်းဂဏန်းအတွက်အကွက်ချတည်ထားသော သက်တမ်း ၁၅ဝကျော်ရှိရန်ကုန်အား လူဦးရေရသန်း+နှင့် ဝန်နှင့်အားမမျှမြင်ကြရသည်။
မြန်မာပြည်ကိုသယံဇာတကြွယ်ဝသည့်တိုင်းပြည်ကြီးတခုဟု ဆိုခဲ့ကြသည်။အမေရိကားတွင်အနေကြာလာသည်နှင့်အမျှ အမေရိကန်တို့လုပ်ပုံကို သတိထားမိလာသည်။ ဥရောပနိုင်ငံများတွေးပုံကိုရိပ်မိလာသည်။ ကျင်ယူရန်ပင်မလို ကောက်ယူနိုင်လောက်အောင် ရွေများထွက်သည့်
ရွေကြောကြီးများနှင့်ကယ်လီဖိုးနီးယား၊ မထိ။မကိုင်မတူးမဖေါ်။ကြီးမားကျယ်ပြန့်လှသော မြောက်အမေရိကတိုက်ကြီးတခုလုံးနီးပါးမျှ ခွထိုင်ထားလျှက် သယံဇာတအစုံတူးဖေါ်နိုင်သော မြေကြီးအားမထိမတို့။ တကယ်တော့ သက်တမ်း နှစ်သန်း၄၅၀ဝကျော် ဤမြေကမ္ဘာကြီးတွင်ေြ မကြီးအောက်တူးဖေါ်ပါက ရွေ၊ငွေကြေးသတ္တု၊ ကျောက်သံပတ္တမြားရတနာ တမျိုးမဟုတ်တမျိုး ထွက်ပါသည်ဆိုခြင်းမှာ အဆန်းရာလော။ မြေရှိသည့် နိုင်ငံတိုင်း သယံဇာတကြွယ်ဝပါသည်။ ထုတ်ယူခြင်းနှင့်မယူခြင်းသာ ကွာမည်ဟူ၍။

“သုဉ်းကျိန်စာ”
မြန်မာ့သမိုင်းတလျှောက်ဝယ် အနောက်-အရှေ့မြောက်ဖက်နေ လူဦးရေသန်း ထောင်ချီရှိသော အိနိ္ဒယ၊ချိုင်းနားပြည်တို့ဖက်မှ ရေကြည်ရာမြက်နုရာ ဧရာဝတီ၊ စစ်တောင်း၊ချင်းတွင်း၊သံလွင်မြစ်ကြီးများအတိုင်း ဆင်းချလာမည်မှသေချာသည်။ ပင်လယ်ထွက်ပေါက်ရှိသည်ဖြစ်၍ သားငါးဖားရှာစား၊ စိုက်ပျိုးကြမည်မှာလည်း သေချာပါသည်။ ထိုမျှသေချာလျှက်ကယ်နှင့် ဤနယ်ဒေသတွင် လူဦးရေထူထပ်မကျန်ရစ်သည်မှာ မျိုးပြုန်းစေသည့်အကြောင်းအချက်ကြီးများ ရှိနေသည်ဟု အသေအချာပြောရပေမည်။ အလွန်ကြမ်းတမ်းသော ဥတုရာသီနှင့်သဘာဝဘေးအန္တရာယ်တို့ရှောင်ရင်း ကျန်ရစ်သည့် ရေကြည်ရာမြက်နုရာဒေသကျဉ်းကျဉ်းကို နယ်မြေလုရင်းစစ်ခင်းကြရခြင်းသည် ဆင့်ကဲ လူသုဉ်းအကြောင်းရင်းတခုဖြစ်ပေလိမ့်မည်။
ရေငွေ့စိုထိုင်းဆများလွန်းသဖြင့် အမေရိကားတွင် ၁ဝနှစ်ထား ဘာမှမဖြစ်သည့် Magnetic Tape ခွေများ၊ စီဒီ၊ဒီဗွီဒီပြားများမြန်မာပြည်တွင်ရက်ပိုင်းနှင့်မှိုတက်ပျက်စီးကုန်သည်။ အမေရိကားမှ PC Laptop သည် ဖိနပ်စင်ဘေးတွင်ပစ်ထားသည်မှာ ၁ဝနှစ်ရှိငြား ယခုကြိုးတပ်ကောက်ဖွင့်လျှင် Windows XP ပြန်တက်လာသည်။ ရန်ကုန်ရောက်အမျိုးတူ PCမှာကား ၂နှစ်နှင့် ပြန်လမ်းမရှိတော့ပြီ။ လှစ်ဖွင့်ကြည့်လျှင် ဆားကစ်ဘုတ်များ ဆွေးပွနေသည်ကိုသာမြင်ရမည်။
အီလက်ထရောနစ်ပစ္စည်းများ၊ ယာဉ်၊စက်၊ယန္တယားများ ပျက်စီးဖေါက်ပြန်စေသည့် မည်သည့်အခြေအနေများရှိနေပါသနည်း။

မိုးကောင်းသဖြင့် အားကောင်းမောင်းသန်ရှင်သန်ကြီးထွားနေကြသော မြက်ပင်များ၏စားကျက်ကောင်းများနှင့်အလိုက်သင့်မွေးမြူနိုင်သည့် ကျွဲနွားကဲ့သို့သော နို့၊အသားထုတ်နိုင်သည့်သတ္တဝါများကို ကျေးဇူးရှင်ဟူ၍သတ်မစားနိုင်ကြခြင်းမှသည် တဆင့်တက် တိရစ္တာန်မွေးမြူရေးကိုပင် အကုသိုလ်အလုပ်ဟူ၍ အယူတိမ်းရှေးရိုးရာတို့တွင်နစ်လျှက် ကျိန်စာမိကြပြန်သည်။ တကယ့်အဖြစ်မှန်တွင်တော့ အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ၏ရွှေစက်တော်သွား-တောလားတွင် ဖေါ်ပြခဲ့သည် မျောက်၊ဒေါင်း၊ကျား၊သစ်ကြုတ်၊ဝံပုလွေ၊သမင်၊ဆင် တို့ ထိုထိုဒေသတွင်တကောင်တမျိုးမှမရှိတော့သည်ကို ထိုခရီးဤခေတ်သွားဖူးသူတိုင်းမျက်ဝါးထင်ထင်တွေ့ကြရမည်။ တောရိုင်းတိရစ္ဆာန်များတောထဲတွင်ဘေးကင်းစွာမနေနိုင်။ တောနက်ဆိုသည်လည်းမရှိသလောက်ဖြစ်ခဲ့ပြီ။ လျှပ်စစ်မီး၊ဓာတ်ငွေ့မီးလောင်စာမရှိ/မရသဖြင့် ထင်းလောင်စာသုံး သစ်ခုတ်ဖြုတ်ကြကာ ကမ္ဘာ့တောအပြုတ်ဆုံးစာရင်းလည်းဝင်၊
သစ်ငုတ်ပင်မကျန်ထုတ်ခဲ့ကြလေပြီ။ ကျွဲနွားမှလွဲ၍ အခြားသတ္တဝါများအား လွတ်လပ်စွာ သတ်စားပေါ်စားရဲသူများလက်ထဲတွင်ရှားပါးတောရိုင်းတိရစ္ဆာန်တို့ အတုံးအရုံးမျိုးပြုန်းခဲ့ကြလေပြီ။

“တောင်မှတွင်းသို့”
မြန်မာပြည်မြောက်ဖက်ဒေသတွင် ကျောက်စိမ်းနှင့်ရွေတူးထုတ်ကြသည်မှာ ဆယ်စုနှစ် ၂ခုမျှနှင့် ဧရာမတောင်ကြီးများမဟာချိုင့်ဝှမ်းကြီးဘဝရောက်ကုန်သည်။ စည်းကမ်းစနစ်ဥပဒေသမရှိမူ၍ တပြည်လုံးပိုင်ကို ဦးသူပိုင်ဟူ၍ဗရမ်းဗတာတူးချင်တိုင်းတူးနေသော မြန်မာ့မြေဝယ် မြေပြိုကျ၍ သေသူများ၊ မူးယစ်ဆေးနှင့်သေသူများလည်းတွက်ပင်မကြည့်ရဲလောက်။ သေသူများ၏အရွယ်မှာ ယောက်ျားသန်မာတိုင်းပြည်အတွက်တန်းဖိုးထားစရာ အရွယ်ကောင်းချည်းတည်း။
သို့သော် ကျောက်စိမ်းမြေ ဖားကန့်မှ အရှေ့ဖက်မိုင်၁၀ဝ အတွင်းရှိ မြစ်ဆုံစီမံကိန်းများဟုဆိုသော ရေချိုဖမ်းဆည်လျှပ်စစ်ထုတ်စီမံကိန်းကြီးများမှာ တန်းလန်းနှင့်ရပ်နေပါသည်။ ယခင်ဦးသိန်းစိန်အစိုးရမှရပ်သွားသည်ထားဦး၊ ဒီမိုကရေစီအစိုးရဟုခေါ်ထိုက်သော လူအများစုမဲဆန္ဒနှင့်တက်လာသည့်အစိုးရမှာလည်း ပြတ်သားသော်ဆုံးဖြတ်ချက်မကျ၊မချ။

“ရေချိုနှင့်လျှပ်စစ်”
ဖားကန့်ဖက်တူးခဲ့ကြသည့် အဆိုပါတွင်းချိုင့်ကြီးမျိုး ဒီမှာဖက်ထိုယန္တယားကြီးများသုံးကာ တူးလိုက်ကြလျှင်ပင် ရေချိုဆည်ကန်ကြီးဖြစ်ကာ အသက်ငင်နေသည့် တိမ်ကော မြစ်ဧရာဝတီကို ကယ်တင်ပြီးဖြစ်လိမ့်မည်ကို မသိသားဆိုးဝါးလှလေရော့သလား။?
နွေတွင်ရေရှားကာ မိုးတွင်းရေလျှံသော ဧရာဝတီမြစ်ဘေးနေ၍ ဖယောင်းတိုင်ကိုင်ကာဆန္ဒ ဆန္ဒာ ဘာမှန်းမသိပြနေသူများအားပြည်သူ့မဲဆန္ဒနှင့်တက်လာသည့် အစိုးရကြောက်ရှာလေရော့သလား။?
ကမ္ဘာအကြီးဆုံးပြတ်ရွေ့တခုဖြစ်သည့် မိုင်၇၅ဝရှည် San Andreas Fault ဒေသပေါ်တွင် ဆည်ပေါင်း၁၄၀ဝနှင့်ရေလှောင်ကန် ပေါင်း၁၃၀ဝ တည်ဆောက်ထားသော ကယ်လိဖိုးနီးယားပြည်၏ အဖြစ်ကိုမသိစစ်ကိုင်းပြတ်ရွေ့နှင့်ခြောက်ပြသည်ကို ကြောက်ကြလေရော့သလား။?
အရှည်မိုင် ၁၃၄၈ ဧရာဝတီမြစ်နှင့် အလျှားမိုင်အနည်းငယ်ပို ကိုရိုရာဒိုမြစ်(၁၄၅ဝမိုင်)ပေါ်တွင် တည်ထားသောလျှပ်စစ်ထုတ်ဆည်ကြီး၂၅ခုအား ပြောင်ပြဟန်လုပ် လေရော့သလား?

“ကယ်ဆေးတပါး”
စေ့စေ့တွေးပါလျှင်မြစ်ဆုံဆည်စီမံကိန်းများမှာ ယခုခေတ်ကာလအခြေအနေအရ တိုင်းပြည်အတွက် အမြန်ဆုံးကယ်ဆေးသာလျှင်ဖြစ်ပုံရသည်။
ရှောင်ဖယ်၍မရသော အိမ်နီးချင်းတိုင်းပြည် ချိုင်းနားနှင့်သင့်မြတ်ချိတ်ဆက်သွားကာ မြန်မာလူထုလည်း ရေချိုနှင့်လျှပ်စစ်ရမည်။ အဆိုပါဒေသ၏ ပြည်တွင်းစစ်လည်း ရပ်မည်။
စူပါပါဝါနှင့်စီးပွားရေးအင်အားကြီးသို့ တက်လှမ်းလာသည့်ချိုင်းနားနှင့်အပြန်အလှန် မှီခိုရာလည်းဖြစ်လာမည်။ လျှပ်စစ်နှင့်အတူစက်မူလုပ်ငန်းများနှင့်အလုပ်အကိုင်အခွင့်အလန်းတို့လည်း သန်းချီလာပေမည်။
အဆိုပါစီမံကိန်းကို ပြန်လည်ညှိနှိုင်း၍ စာချုပ်သစ်နှင့်ဆက်သွားကြရမည်ကို ဘာကိုရွယ်၍ကြောက်ကြသလော မေးမြန်းစုံစမ်းဖူးသည်။ လူထုမကြိုက် Political Suicide ဟူသတတ်။
လူထုရွေးချယ်၍တက်လာသောအစိုးရသည် ကောင်းကျိုး-ဆိုးကျိုးများမြင်နေလျှက်နှင့် ရှေ့မတိုးမျောလျှက်နေပါလျှင်ကြောက်လျှက်ကြီးနှင့် မရဏဇော ၅ကြိမ်ကျကာ ပြုတ်လိမ့်မည်ဟုပင် ပြောလိုပါသည်။

သမိုင်းကပြန်ပြောနေသည့် ရေခံမြေခံဆိုးလှသော ဂမ္ဘီရမြေကို ပြန်ပြောင်းလှန်ပြင်နိုင်စွမ်းရှိသူတို့မှာမြန်မာတို့သာလျှင်ဖြစ်ပေလိမ့်မည်။ ဤမြေပေါ်တွင် ကျန်ရစ်နေနိုင်သူ မြန်မာတို့မှာ “Survival of the fittest” အခြားလူမျိုးခြားများထက်ထူးသောစွမ်းအားရှိကြမည်မှာ မလွဲသေချာပါသည်။
လိုက်လျောညီထွေ သုတေသနတို့လုပ်ကြပါလေ။ ကမ္ဘာ့သိပ္ပံနှင့်ဝိဇ္ဇာ စာအုပ်ကြီးတို့၏ဥပဒေသတို့ သက်ရောက်Apply မလုပ်နိုင်သည့်အဖြစ်ကို မြင်ကြည့်ပါလေ။ မြန်မာတို့ညီညာဖျဖျ “ဤ”ကို”ကျွဲ”ဖတ်ပြယုံနှင့်ရပ်မထား”အား”ကုန်ထုတ်သုံး အလုပ်လုပ်ကြပါစို့။ ။

About kai

Kai has written 1007 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.