အညွန့်ခူးစားခံရခြင်း
******************
ဒီနေ့ ဂုဏ်ထူးတွေပလူပျံနေတဲ့ ဘော်ဒါတစ်ခုရဲ့ အောင်စာရင်းကို ရှယ်တဲ့သူကရှယ်.. အားကျတဲ့သူကအားကျပေါ့.. ကိုယ်တွေကတော့ အတွေးတစ်မျိုးရယ်..
အစကတည်းက ဝင်ခွင့်နဲ့စစ်ချပြီး တော်တဲ့သူတွေပဲ ရွေးခေါ်သင်တဲ့ကျောင်းက အောင်ချက်ကို စိတ်မဝင်စားတာတော့ အမှန်ပါပဲ.. ကိုယ်တိုင်လည်း စာသင်တဲ့ဆရာမ လုပ်ခဲ့ဖူးတော့ စာတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်နဲ့ စာမတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်ကို ကောင်းကောင်းသိပါတယ်..
ပြီးတော့ ဒီကျောင်းသားတွေအကုန်လုံး ဒီလိုတော်အောင် တကယ်ပျိုးထောင်ပေးခဲ့တာ သူတို့မဟုတ်ပါဘူး.. ကျောင်းသားတွေရဲ့ ငယ်ဆရာတွေပါ..
ကိုယ် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်.. ဆယ်တန်းနှစ်မှာ စာတော်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောင်းပြောင်းသွားခဲ့တယ်… ငါးတန်းကတည်းက တက်လာပြီး ဆယ်တန်းမှ ပြောင်းသွားတော့ ဆရာ ဆရာမတွေ ရင်နာကြတာ.. သူက ဂုဏ်ထူးတွေအများကြီးထွက်မှာ သေချာတဲ့သူ.. တစ်သက်လုံး ကိုယ်တွေပျိုးထောင်လာခဲ့ပြီး တကယ်တမ်း ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှ တစ်ခြားကျောင်းကို ပြောင်းသွားခဲ့တာလေ..
ခုလည်း ဒီလိုပါပဲ… ငယ်ငယ်ကတည်းက အခြေခံပါအောင်.. အပင်ပန်းခံသင်ပေးခဲ့ကြလို့ စာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာပြီးမှ တစ်ခြားကျောင်းက အညွန့်ခူးစားလိုက်တာပါ… တကယ်တော်တဲ့သူက ဘယ်မှာပဲ သင်သင်၊ ဘယ်သူနဲ့ပဲသင်သင် တော်ပါတယ်..
ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်.. ဆယ်တန်းနှစ်မှာ ဂိုက်ဆရာမခေါ်တော့ ပထမ ကိုယ်ခေါ်တဲ့ဆရာမက မသင်ပေးနိုင်ဘူးတဲ့.. ဒါကြောင့် နောက်ဆရာမတစ်ယောက်နဲ့ သင်ရပါတယ်.. အဲဒီဆရာမက ကိုယ့်ကို အများကြီးအားစိုက်ပြီး မသင်ပေးခဲ့ရပေမယ့် စာကျက်ပျင်းပြီး အအိပ်မက်တဲ့ကိုယ့်ကို အိပ်ရေးအပျက်ခံ. အမုန်းခံပြီး စာကျက်ချိန်မှန်အောင် လုပ်ပေးခဲ့တာပါ.. ဆရာမသာ ဘေးက မတင်းကျပ်ရင် ကိုယ်လည်း အပျင်းကြီးနေဦးမှာပါပဲ..
ဒါပေမယ့် အောင်စာရင်းထွက်ပြီး ကိုယ်ဂုဏ်ထူးတွေပါတော့ ပထမ ခေါ်တဲ့ဆရာမက ကိုယ့်ဂိုက်ဆရာမကို ပြောတယ်တဲ့.. သူသာ ကိုယ်လာခေါ်တုန်းက လက်ခံလိုက်မယ်ဆိုရင် ခုလိုအချိန် အောင်ပွဲခံနေရမှာက သူပဲဖြစ်မှာတဲ့..
ပြောချင်တာက ဆရာ ဆရာမ လုပ်တဲ့သူတွေဟာ စာတော်တဲ့သူတွေကိုပဲ သင်ချင်ကြပါတယ်.. ဒါပေမယ့် စာညံ့တဲ့သူတွေကိုလည်း ငြင်းခွင့်မရှိပါဘူး.. ဒါကြောင့် စာတော်တဲ့သူတွေကိုပဲ ရွေးခေါ်ပြီး စာညံ့တဲ့သူတွေကို ငြင်းတဲ့ကျောင်းကို အထင်ကြီးလို့မရတာတော့ မတတ်နိုင်ပါဘူး..
ကိုယ့်မြို့လေးက မောင်လေး ညီမလေးတွေကိုလည်း ပြောချင်ပါတယ်.. မြို့မှာ အရည်အချင်းရှိတဲ့ဆရာတွေ ရှိပါတယ်.. ထူးချွန်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးပါတယ်.. ဒါကြောင့် မြို့ဂုဏ် ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှာမှ မြို့လေးကို စွန့်ခွာမသွားကြဖို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်..
လုံမလေးမွန်မွန်
၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်
လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010