” မနိုင်သောပဲကြီးများ” “

“မနိုင်သော ပဲကြီးဟင်းများ “

ဒီနေ့မနက် မူဆယ်ကနေ ကျယ်ခေါင်ဘက်ကို ဝင်ဘို့
ဆင်ဖြူပေါက်ရောက်တော့ ဆိုင်ကယ်တန်းက ရှည်လျားစွာရှိနေလေသည်။
လင်းရောင်ခြည်လမ်းဟုခေါ်တွင်သောလမ်းလေးခွဆုံကိုကျော်ပြီးအတော်ဝေးဝေးအထိရောက်နေပေသည်။
ဆိုင်ကယ်များက ရုပ်ရှင်အနှေးပြကွက်လို တအိအိသာရှေ့သို့ ချီတက်နေ၏။
ဒီအထဲမှာမှ တန်းစီနေသူတို့သည်နောက်မှရောက်လာသောမိတ်ဆွေတို့ကိုအားရပါးရ
လှမ်းခေါ်ပြီးဝင်စေလေသောအခါ တန်းစီနေသောဆိုင်ကယ်များသည်
အမိူက်များဖြင့်ပြည့်နေသောရေမြောင်းလို တအိအိနှင့်သာမရွေ့ချင်ရွေ့ချင် ရွေ့နေလေတော့သည်။
သည်းခံခြင်းတရားဖြင့်ပြည့်စုံပြီးအလွန်တစ်ရာကူညီတတ်သူများကြောင့်လည်း
နောက်မှရောက်လာပြီးကြားဖြတ်ဝင်သူများမှာအခက်အခဲမရှိ အချိန်မကုန် လူမပန်းဘဲ
အလွယ်တကူ ရှေ့သို့ရောက်တော်မူလေ၏။
စည်းကမ်းမဖောက်ဘဲ စံနစ်တကျတန်းစီနေကြသော
နိုင်ငံကြီးသားပီသသော သူတို့ မှာမူ ရှေ့သို့အတော်နှင့်မရောက်ဘဲရှိနေလေသည်။
ဆိုင်ကယ်တန်းစီနေသောသူသာများသည်မထင်ပါနှင့်။
လမ်းလျောက်ပြီးဝင်ကြမည့်သူများမှာလည်း နှစ်တန်း တန်းလျှက် လူရာချီ၍ တန်းစီနေကြလေသည်။
အများအပြောအရ တစ်ခါဝင်လျှင် တစ်နာရီကျော် နှစ်နာရီနီးပါး တန်းစီရသည်ဟု ဆိုကြလေသည်။
အလိုအလျောက်ဝင်ခွင့်ကဒ်ပြားကို လက်ဝယ်ရှိထားသူများကတော့ တန်းစီစရာမလိုဘဲတန်းဝင်နိုင်သော်လည်း
စာအုပ်အနီနှင့် တစ်ခါသုံးကဒ်အစိမ်းကိုင်ဆောင်ထားသူများကတော့တမေ့တမော မတ်တပ်ရပ်ကာ
မိုးရွာအစို နေပူအခြောက် စောင့်ကြရလေသည်။
ထိုတန်းစီနေသူများကြားထဲတွင်လဲ ကြားဖြတ်ဝင်သူများက ရိုးရာမပျက်ရှိကြလေသည်။
လူမျိုးမတုံးအောင်စောင့်ရှောက်နေသူများနှင့် ကူညီပါရစေဟု တောင်းပန်နေသူတို့သည်ကား
သတ်မှတ်ထားသော နေရာမှ တစ်ဖဝါးမှမခွာဘဲ ပွတ်သဘင်ပွဲကို သဲကြီးမဲကြီးဆင်နွဲနေကြလေသည်။
တရုတ်ပြည်ဘက်က ဝန်ထမ်းများကတော့ သနားစရာ။
သူတို့မှာ ထိုင်စရာ ခုံလုံလောက်ဟန်မတူပါ။
ထို့ကြောင့် အဝင်အထွက်ဂိတ်တွင်လမ်းသလားနေကြကုန်၏၊
သူတို့ကားစပ်လဲအလွန်စပ်စုပေသည်။
လာသမျှ ဆိုင်ကယ်ကို ဖင်ထိုင်ခုံ လှန်ခိုင်းပြီးကြည့်သည်။
ခရီးဆောင်အိတ်တွေ လွယ်အိတ်တွေကိုလည်း ဖွင့်ကြည့်သည်။
သုံးဘီးပေါ်တင်လာသမျှကိုလည်းလှန်လှောကြည့်သည်။
အိတ်ကိုဖောက်ကြည့်သည်။
ကားမှန်သမျှကိုလည်းနောက်ဖုံးဖွင့်ကြည့်သည်။
သူတို့စိတ်ကျေနပ်အောင်စပ်စုပြီးမှဝင်ခွင့်ပေးသော်လည်းအချို့ကိုကား ဒီအတိုင်းဝင်ခွင့်မပေး။
ပါလာသောပစ္စည်းများကို ချခိုင်းပြီး ယာဉ်အလွတ်ဝင်ခိုင်းသည်ရှိသလို
အဝင်မခံဘဲနောက်ပြန်လှည့်ပြိးထွက်ခိုင်းခြင်းမျိုးလဲရှိပေသည်။
ဆိုင်ကယ်များ နံပါတ်ပြားမပါလျှင်ဝင်မရ။
တန်းမစီဘဲ ဟိုကျော်ဒီခွဝင်လာသူများကိုလည်း နောက်ဆုံးမှပြန်၍တန်းစီစေ၏။
လမ်းလျှောက်ဝင်လာသူဖြစ်စေ ဆိုင်ကယ်ဖြင့်ကားဖြင့်ဝင်လာသူဖြစ်စေ
မျက်မှန်ချွတ် ဦးထုပ်ချွတ် မျက်နှာဖုံးချွတ်ခိုင်းပြီး
မရီမပြုံးသောမျက်နှာဖြင့်ခပ်တည်တည်ကြည့်လေသည်။
ပြီးလျှင်စာအုပ်ကိုသေချာစွာစစ်။
လူကို အကြိမ်ကြိမ်အဖန်ဖန်ကြည့်။
သေချာပြီဆိုမှ
ကွန်ပြူတာထဲတွင်စာရင်းသွင်း ပြီးသကာလ တံဆိပ်တုံးကို ဒုန်းကနဲထုကာ
(အချို့ကားမြန်မာစကား ဖြင့် “သွား” ဟု မပီမသပြောကာ) ပြည်တော်ဝင်ခွင့်ပြုလေသည်။
ကျနော်တို့ဘက်ကလူများက မစပ်စုတတ်။
ဘာသိဖာသာ နေတတ်လေသည်။
ဝင်လာသူကို ရှိုးတိုးရှန့်တန့်မဖြစ်ရလေအောင် မျက်နှာကိုလည်းစေ့စေ့မကြည့်။
သူတို့ဘာတွေသယ်လာသည်ကိုလဲ မစပ်စု။
တရုပ်ပြည်တွင်းသို့တစ်ကြိမ်ဝင်ခြင်းအတွက်လူတစ်ဦးလျှင်ငွေ၃၀ဝယူကာ
တံဆိပ်တုံးကိုညင်သာစွာထုပေးတတ်လေသည်။
အလွန်တရာ သဘောထားကြီးသောသူများဖြစ်ပေသည်။

ကျနော်ဂိတ်အဝင်ဝအရောက်လက်ထဲသို့ စာရွက်လေးတစ်ရွက်ရောက်လာခဲ့လေသည်။
ပြည်တော်ဝင်ခွင့်မပြုသောပစ္စည်းများကို ဖော်ပြထားသောလက်ကမ်းစာစောင်လေးဖြစ်နေပေသည်။
အသားနှင့်ပါတ်သက်သောထုတ်ကုန်
ရေထွက်တိရိစ္ဆာန်များ
သက်ရှိသတ္တဝါများ
ဥနှင့်ပါတ်သက်သောထုတ်ကုန်များ
လတ်ဆတ်သောသစ်သီးနှင့်ဟင်းသီးဟင်းရွှက်များ
နို့နှင့်နို့ထွက်ပစ္စည်းများ
ဆန်(လူတစ်ယောက်ကီလို50ထက်မပိုရ)
မျိုးစေ့များ ဓတ်မြေဩဇာမြေဆီမြေနှစ်များ
ပစ္စည်းအဟောင်းများ ကို တရုပ်ပြည်ထဲသို့ ဝင်ခွင့်မပြုသည့်အကြောင်းအခွန်ဦးစီးမှကြေငြာထားသော
စာရွက်လေးဖြစ်လေသည်။
လက်ကမ်းစာစောင်လေးဖတ်ကြည့်မိသောအခါမှတန်းစီသောလူနှင့်ဆိုင်ကယ်တွေများပြီး သုံးဘီးကယ်ရီသမားတွေအရင်လိုအဝင်အထွက်မရှိ့ရသည့်အကြောင်းရင်းကို သိရလေတော့သည်။

မြန်မာစံတော်ချိန်၈နာရီ၁၅မိနစ် ကစတင်တန်းစီခဲ့သောကျနော်သည်
၉နာရီကျော်ကျော်တွင် ပြည်မကြီးထဲသို့ ဘေးမသီရန်မခ ကျနော်ရောက်ရှိလေသောကြောင့်
ဝင်ရန်ကြာချိန်မှာ၄၅မိနစ်ဖြစ်လေသည်။
အကယ်၍ ဆိုင်ကယ်သာမပါခဲ့ပါက ကျနော်လည်း အလိုအလျောက်ဝင်ခွင့် ကဒ်သုံးပြီးဝင်လျျင်
တန်းစီစရာမလိုသောကြောင့် အခုလိုအချိန်ကုန်စရာအကြောင်းမရှိပေ။
လွန်ခဲ့သောခြောက်လခန့်ကဖြစ်မည်ထင်ပါသည်။
နန်းတော်ပေါက်မှနေ၍ မြန်မာပြည်ထဲသို့ ထွက်ဘို့တန်းစီနေချိန်တွင် တရုတ်လဝကတစ်ယောက်က
သူနဲ့လိုက်ခဲ့ဘို့ခေါ်သောအခါ ကျနော်စိတ်ထဲမှဒိန်းကနဲဖြစ်သွားလေ၏။
ရုံးခန်းထဲရောက်သောအခါ ထိုင်ခိုင်းပြီး မှတ်ပုံတင်တောင်းလေ၏။
ဘာပြဿနာများရှိပါလိမ့် ဆိုသောစိုးရိမ်စိတ်က ငယ်ထိပ်သို့ရောက်လေ၏။
ခဏနေသော် ကျနော်နာမည်အဖနာမည် မှတ်ပုံတင်အမှတ် မွေးသက္ကရာဇ်တစ်ခုခြင်းမေးပြီး
မှတ်ပုံတင်နှင့်တိုက်ဆိုင်စစ်ဆေးလေ၏။
ပြီးလျင် လက်ဗွေပုံစံကိုလက်ဆယ်ချောင်းလုံးယူ၏
ထို့နောက်ဓါတ်ပုံရိုက်၏။
အားလုံးပြီးစီးသောအခါ ခဏစောင့်ဟုပြောပြီး၍ မကြာမှီမှာပင်ကျနော်လက်ထဲသို့ကဒ်လေးတစ်ကဒ်ရောက်လာလေသည်။
ကျနော်ကိုလာခေါ်သောသူကပင် လျှောက်လမ်းတစ်နေရာကိုခေါ်သွားပြီး ဒီကဒ်ကိုအသုံးပြုပုံကိုသင်ပြလေသည်။
၎င်းကဒ်ဖြင့်ဝင်ထွက်ပါက အများနည်းတူ တန်းမစီစရာမလိုသည်ကိုသိလိုက်ရသောအခါမှသာရင်ထဲမှအလုံးကြီးသည်အောက်သို့ပြုတ်ကျလေ၏။

ပြီးခဲ့သောမတ်လမှာ ဆင်ဖြူပေါက်နားတွင်ယာယီရွက်ဖျင်တဲလေးတစ်ခုရောက်လာလေသည်။
လူတွေဝင်ကြထွက်ကြ သည်ကိုမြင်ရတော့မေးကြည့်သည့်အခါ အလိုအလျောက်ကဒ်လုပ်ပေးသည်ဟုသိရလေသည်။
နောက်မကြာမီရွက်ဖြင်တဲ့လေးနေရာတွင်ယာယီရုံးခန်းလေးဖြစ်လာသည်။
အဝင်အထွက်ပြုရသောဂိတ်ပေါက်တွင် လျှပ်စစ်အလုပ်သမားများ အလုပ်များနေကြ၏။
နောက်ရက်များမကြာမီမှာပင် အလိုအလျောက်ထွက်သောကဒ်ကိုအသုံးပြုပြီးဝင်နိုင်ထွက်နိုင်သည်ကိုတွေ့ရလေသည်။
အလိုအလျောက်ဝင်ထွက်ခွင့်ကဒ်ကို နန်းတော်ပေါက်နှင့်ဆင်ဖြူပေါက်တွင်သာအသုံးချနိုင်လေသည်။

အလိုအလျောက်ဝင်ထွက်ခွင့်ကဒ်များကို တရုပ်ပြည်ဘက်မှ အခမဲ့လုပ်ပေးနေသော်လည်း ကဒ်လာလုပ်သောသူမှာနေ့စဉ်ဝင်ထွက်နေသောဦးရေထက် များစွာနဲလေသည်။
ယခုလို ကဒ်လုပ်ပေးနေသည်ကို ကျနော်တို့ရွှေမြန်မာများ ကကိုယ်နှင့်မသက်ဆိုင်သလိုသာနေကြလေကုန်၏။
သင်္ကြန်ပြီးသိပ်မကြာခင်ကာလမှာ ဆင်ဖြူပေါက်မှ ဝင်ခြင်းထွက်ခြင်းကိုယာယီရပ်ဆိုင်းလေသည်။
ထိုအခါ ဝင်ထွက်လိုသူများသည် နန်းတော်ပေါက်နှင့်မန်ဝိန်းပေါက်ကိုသာအသုံးချရလေသည်။
ထို့ကြောင့် ၎င်း ဂိတ်နှစ်ခုတွင် လူတွေဆုံနေလေတော့သည်။
တစ်ရက်တွင် လျှပ်စစ်မီးပျက်ခြင်းနှင့်၎င်းတို့အသုံးပြုသောကွန်ပြူတာချို့ယွင်းခြင်းတို့ကြောင့်
ဆင်ဖြူပေါက် က အဝင်အထွက်ပိတ်လိုက်သောအခါ နန်းတော်ပေါက်သို့ မြန်းရလေသည်။
ဆင်ဖြူ ပေါက်မြန်မာလဝကဘက်မှာဝင်ခွင့်တံဆိပ်နှိပ်၍ငွေ၃၀ဝကျပ်ပေးပြီးသော်လည်းနန်းတော်ပေါက်မှ
ပြောင်းလဲ၍ ဝင်သောအခါ နောက်တစ်ကြိမ်တံဆိပ်တုံးထပ်ထုရ၍မေးကြည့်သောအခါ
ဂိတ်ခြင်းမတူ၍ ထပ်မံပေးဆောင်ရမည်ဟု ဆိုကာမြန်မာငွေ၃၀ဝနောက်ထပ်တစ်ခါကုန်လေတော့သည်။
တရုတ်ပြည်ဘက်မှ ဝင်ပေါက်ဝတွင် လူများ ရာချီ၍ရှိနေလေ၏
ကျနော်ကဒ်ကိုအသုံးပြုပြီး ဝင်သောအခါ ကျနော်ကဒ်မှာသက်တမ်းကုန်နေပြီ ဖြစ်၍တံခါးမပွင့်သောကြောင့် ဝင်ခွင့်မရ။
ထို့ကြောင့်အများနည်းတူ ဝင်၍တန်းစီရလေသည်။
ဝင်ပေါက်အဝတွင်စံနစ်တကျတန်းမစီဘဲစုပြုံတိုးလေသောအခါ တရုတ်လဝကမှဝန်ထမ်းများ ထွက်လာပြီးအဝင်မှန်တံခါးကိုပိတ်ပြီးဝင်ခြင်းကိုရပ်ဆိုင်းလိုက်လေသည်။
အတော်ကြာမှ စစ်သားတစ်ယောက်နှင့်လဝက တစ်ယောက်ထွက်လာပြီးတန်းစီဘို့ပြောလေသည်။
ဒီလိုပိတ်ထားတာတောင်မှ ရွှေမြန်မာများက ဟိုဘက်တိုး ဒီဘက်တိုး နှင့်ယွစိထိုးကာတကြွကြွလုပ်နေသေးသည်။
တစ်နာရီကျော်ကြာအောင်တန်းစီပြီးသောအခါမှ နိုင်ငံခြားသို့ကျနော်ရောက်ရလေသည်။
နောက်နေ့မနက်တွင် ကဒ်လုပ်သောနေရာသို့ အပြေးအလွှားသွားကာကဒ်အသစ်လုပ်သောအခါ
ကဒ်လုပ်သောနေရာတွင် သုံးလေးယောက်သာရှိလေသည်။
မှတ်ပုံတင် စာအုပ်နီ ကဒ်အဟောင်း တို့ကို တောင်း
လက်ဗွေနှိပ် ဓါတ်ပုံရိုက် ပြီး သိပ်မကြာခင်မှာပင်လက်ထဲသို့ ကဒ်အသစ်တစ်စောင်ရောက်လာလေသည်။
ကဒ်တစ်ကဒ်၏သက်တမ်းမှာစာအုပ်အနီသက်တမ်းနှင့်တူလေသည်။
ကဒ်တစ်ကဒ်ရ ရန် စုစုပေါင်းကြာချိန်မှာ ၁၅မိနစ်သာရှိလေသည်။
ကဒ်အသစ်ကို ချက်ခြင်းအသုံးပြုရန် မှာကြားပြီး တစ်ကြိမ်စမ်းသပ်ပြီးထွက်စေ ဝင်စေလေသည်။
အချို့မှာလက်ဗွေပုံစံမထင်ရှားပါက ဝင်ထွက် ၍မရဟုသိရလေသည်။

ပြီးခဲ့သောမေလ က မွေးရပ်မြေမန္တလေးသို့ကျနော်ခဏပြန်ခဲ့လေသည်။
ကျနော်မန်းမြေမှာနေသည့်အခိုက် တရုပ်ပြည်ထဲသို့ အလွယ်တကူဝင်မရကြောင်း
တစ်ခါဝင်လျှင် ၂နာရီခန့်ကြာကြောင်း
လက်ဗွေပုံစံတွေစစ်ကြောင်း
ပါလာသည့်ပစ္စည်းတွေစစ်သည်မှာအရင်ကထက်ပိုမို တင်းကျပ်ကြောင်းသတင်းပေါင်းစုံကို
ကြားသိရလေသည်။
ထို့သတင်းသာမက မန်းလေးမူဆယ်ကားလမ်းမ မှ ဂုတ်တွင်းတွင်ရေကြီးကြောင်း
လမ်းပိတ်ကြောင်း
မူဆယ်တွင်သော်၎င်း လမ်းခရီးတွင်သော်၎င်း ပစ်ကြခတ်ကြနှင့်အင်အားပြကြကြောင်း မကောင်းသတင်းစုံကိုလည်းနားဆင်ရလေသည်။
သို့သော်မပြန်မဖြစ်သဖြင့် တောင်ပေါ်မြေသို့ ခရီးဆက်ခဲ့ရလေသောအခါ
အများပြောသည်မှာ ဒီတစ်ခါမှန်လေသည်ကိုတွေ့ရပါသည်။

လွန်ခဲ့သော ၂နှစ်ခန့်က တရုပ်ပြည်တော်ဝင်ခွင့်မှာမတင်းကျပ်။
စာအုပ်အနီလည်းမြန်မာငွေကျပ်နှစ်သောင်းဖြင့်ကောင်းကောင်းရနိုင်သည်။
ကျယ်ခေါင်မြို့ပါတ်ပါတ်လည်တစ်ဝိုက်တွင်ခိုးပေါက် ပေါင်းများစွာရှိသည်။
ကျယ်ခေါင်မြို့အနောက်ဘက်ခြမ်းတွင်ခိုးဝင်သောလှေဆိပ်ရှိသည်။
သို့သော် ၂၀၁ရ ခုနှစ်တွင်၎င်းအပေါက်များကို သံဇကာဖြင့်အသေပိတ်ကာ
နေရာအနှံ့တွင်အစောင့်အကြပ်များဖြင့် ကာဆီးလိုက်လေသည်။
ထို့ကြောင့်ပင် မူဆယ်မှ ကျယ်ခေါင်ရွှေလီဝင်ကာကုန်ထမ်းသောမြန်မာအလုပ်သမားများအခက်တွေ့လေသည်။
ပြည်မထဲသို့ဝင်ရောက်ကာ အလုပ်လုပ်ကြသော မြန်မာများ ရခိုင်များ မှာ အထွက်ခက်ကြလေသည်။
(တရုပ်ပြည်ထဲသို့ မြန်မာပြည်ဘက်မှဝင်လျှင် ကဒ်အစိမ်းဖြစ်စေ စာအုပ်အနီဖြစ်စေ ၆ညအိပ် ရ ရက်သာနေထိုင်ခွင့်ရှိလေသည်)

တရုပ်ပြည်မကြီး ယူနန်ပြည်နယ်၏ နယ်စပ်မြို့များဖြစ်ကြသော ကျယ်ခေါင် ရွှေလီ မြို့များတွင်
နည်းမျိုးစုံလုပ်ကိုင်စားသောက်နေထိုင်ကြသော မြန်မာများ ရခိုင်များ မြန်မာမူဆလင်များ
သိန်းချီ၍ ရှိနေလေသည်။
တရုပ်ပြည်ထဲတွင်အလုပ်သမားမှတ်ပုံတင်မထားပါက တရားဝင်အလုပ်လုပ်ခွင့်မရှိ။
တရားဝင်အလုပ်လုပ် လိုပါက စာအုပ်အစိမ်း ရှိမှ လုပ်ခွင့်ရှိပါသည်.။
ထိုစာအုပ်အစိမ်းသည် ခြောက်လ သက်တမ်းသာရှိပါသည်။
စာအုပ်စိမ်းတစ်အုပ်လုပ်လိုပါက မြန်မာငွေ ၅သောင်းခန့် ကုန်မှရပါသည်။

မကြာခဏဆိုသလိုပင် တရုပ်ပြည်တွင်းတွင်တရားမဝင်နေထိုင်သူ လုပ်ကိုင်စားသောက်သူများကို
တရုပ်လဝက မှ ဖမ်းဆီး၍ မြန်မာလဝက လက်သို့ အပ်နှံလေသည်။
ညောင်ဦးကမ်းပါးပြိုသည် နှင့် စမ္ပါနဂို်ရ်က နွားမ ပေါင်ကျိုးသည်မှာ ပုံပြင်လိုလိုလို
ဟာသလိုလို ရှိနေသည်မှာ နှစ်များစွာကြာပေပြီ။
သို့သော်တရားမဝင်နေထိုင်လုပ်ကိုင်သူများကို တရုတ်လဝကမှဖမ်းဆီး၍မြန်မာပြည်ဘက်
သို့ အပ်နှံသည်ကို မကြာခဏမြင်တွေ့နေရလေသည်။
မဟာရန်ကုန်တွင်ဖြစ်စေ
မန္တလေးတွင်ဖြစ်စေ
မြို့ကြီးပြကြီးများတွင်ဖြစ်စေ
တရားမဝင်နေထိုင်သော လုပ်ကိုင်စားသောက်သော ပြည်ကြီးသားတစ်ယောက်ယောက်ကို
ဖမ်းမိသောအခါ ဥပဒေကြောင်းအရတရားစီရင်ပြီးသည့် သတင်းကိုဖော်ပြလိုက်သည့်အခါ မြန်မာ့မျိုးချစ်အပေါင်းက ဖေစ်ဘုတ်စာမျက်နှာများမှနေ၍
ရဲရဲတောက် ကော်မင်းများ စတေးတပ်များကို မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့်တင်ဆက်ပြီး
များမကြာမီမှာပင် တရုပ်ပြည်တွင်းတွင် လာရောက်အလုပ်လုပ်ကိုင်ကြသော
ရွှေမြန်မာများ ရွှေရခိုင်များကိုဖမ်းဆီးပြီး မြန်မာပြည်သို့ ပြန်လည်ထွက်ခွာစေသည်မှာမကြာခဏ။
အခုလို အဝင်အထွက်မတင်းကျပ်မီ အချိန်ကလေးက မဟာရန်ကုန်မြို့လည်ခေါင်တွင်
ဥပဒေနှင့်မကင်းလွတ်သော အနှိပ်ခန်းများကိုတရားမဝင်ဖွင့်လှစ်နေသော
ပြည်ကြီးပေါက်အမျိုးသား အမျိုးသမီးများကိုဖမ်းဆီးရမိကြောင်း
ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း သတင်းများကို ဖေစ်ဘုတ်မီဒီယာများတွင်
မြင်တွေ့လိုက်ရသည်အခိုက် ဖေစ်ဘွတ်မျိုးချစ်ပုဂ္ဂိုလ်များကလည်း ဝိုင်းဝန်း၍ အားပါးတရ ကလော်တုတ်ကြလေသည်။
ထို့ကြောင့်လည်းဖေစ်ဘုတ်မသုံးသော တရုပ်ပြည်မကြီးကလည်း
မွေးချင်းပေါက်ဖော် မြန်မာညီအကိုအများနှင့် ပြေလည်စေရန်စကားနည်းရန်စဲသဘောဖြင့်
မြန်မာတို့ဘက်မှ တင်သွင်းလာသည့်ပစ္စည်းမှန်သမျှ ပညာသားပါပါ တားဆီးခြင်း
တရားမဝင်နေထိုင်လုပ်ကိုင်စားသောက်သူများကိုတင်းကြပ်စွာအရေးယူဆောင်ရွက်မည်ဟု
ဆိုင်းဘုတ်အတိအလင်းတပ်ကာကြေညာထားခြင်း
လူအဝင်အထွက်ကိုကျနသေချာစွာ စီစစ်ပြီးမှဝင်စေခြင်းတို့ကြောင့်
မူဆယ်မှကျယ်ခေါင်သို့ နေ့စဉ်ဝင်ထွက်၍ဈေးရောင်းချနေသူများ၊
ကုန်တင်ကုန်ချဖြင့်အသက်မွေးဝမ်းကြောင်းနေသူများ
ကျယ်ခေါင်ကျောက်ဝိုင်းအနီးတဝိုက်တွင်
မြန်မာပြည်ထွက် အုံးသီး ငှက်ပျောသီး သင်္ဘောသီး ဒူးရင်းသီးတို့ကိုသုံးဘီးပေါ်တွင်
တင်လျက်ရောင်းချနေသူတို့မှာ အလုပ်လက်မဲ့ဖြစ်ကြလေကုန်၏။
ခါတိုင်းအသီးအနှံများကို လှည့်လည်ရောင်းချနေသည့်အမြဲမြင်နေရ၍မျက်မှန်းတန်းမိနေသော
ဖောက်သည်ကြီးများကို လှည်းဗလာဖြင့် ဆင်ဖြူပေါက်မှာတွေ့မြင်လေသောအခါ
မူဆယ်နှင့်ကျယ်ခေါင် ကုန်စည်ပို့ဆောင်ခြင်းအလုပ်များဖြင့်ဝမ်းရေးဖြေရှင်းနေကြသောအဖွဲများ
အလုပ်မရှ၊ိ၍ ဆင်ဖြူပေါက်နားမှာအခန်းလွတ်ရှေ့တွင်ဖဲရိုက်နေသည်ကိုမြင်ရသောအခါ
ဖင်မနို်င်ဘဲ ပဲကြီးဟင်းမသောက်နဲ့ဆိုသော်စကားပုံကိုသာမျက်စေ့ကနေကြားနေမိလေသည်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
13618

2 comments

  • kai

    June 16, 2018 at 10:01 am

    အမေရိကားနဲ့ မက်ဟီကိုနယ်စပ်လိုဖြစ်နေ.. ဖြစ်လာလိမ့်မယ်..။
    ချိုင်းနားက.. ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်လာပြီကိုး..။
    ဟိုက.. တံတိုင်းကြီးကာမယ်..။ နယ်စပ်မှာ.. တပ်ချစောင့်မယ်..။ လာမယ်..။ မကြာခင်.. .။

    ဆိုတော့..
    မြန်မာပြည်ဖက်က… ခိုးဝင်တွေလည်းများ..။ ကုန်သွယ်တွေလည်းများ.. ။ ရာဇဝတ်မှုတွေလည်းထူ..။
    အချိန်ရှိတုန်း.. အဲဒီနားနယ်စပ်မြို့..ရွာလေးတွေမယ်.. ရင်းနှီးမြုတ်နှံထားပေါ့..။ 🙂

    ပုံထဲ.. လူနေရပ်ကွက်ကို..ခြံစည်းရိုးနားကပ်တည်ထားတာက..မက်ဟီကိုပြည်..။ အိမ်တွေထဲ.. လှိုင်တူးပြီးလည်း အမေရိကား ကူးကြသတဲ့..။

  • ဦး လေး မန်း

    June 18, 2018 at 7:57 am

    အိမ်နီးချင်းနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ကိစ္စတွေပါဘဲ အထူးသဖြင့်စီးပွါးရေးကွာဟရင်ဖြစ်တာပါဘဲ၊ကိုယ့်ဖက်ကလဲဥပဒေလျော့ရဲ၊ အဂတိလိုက်စားမူတွေကလဲများတော့ပိုအထင်သေးစရာပိုဖြစ်လာတော့တာပေါ့၊

Leave a Reply