“မင်းတိုင်းကျေ”

“မင်းတိုင်းကျေ “

ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။
တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ
“ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ
ကြားရမြဲဖြစ်လေသည်။
သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။
ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။
ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော
“မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။
ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။
အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။
သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။
ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။
အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။
ကြာညို့ဆိုလျှင်လည်းထို့အတူ။
အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။
ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ
ကြာညို့ဖြစ်စေ အတူတူ ပင်။
ထို့ကြောင့် ကျနော်နေထိုင်ရာ ၂၅လမ်းနှင့်ပိုနီးသော ၂၂စီလမ်းမှ ကိုကျင်စိန် စက်မှသာ
သွားဝယ်လေ့ရှိသည်။

ကျနော်ဝယ်လာသော ပဲငံပြာရည်ကို အဖွားမြည့်းကြည့်ပြီးလျျင် ကျနော့်ကိုမျက်စောင်းတစ်ချက်လှမ်းထိုးပြီး
“ ငပေါက်ကတော့ မင်းတိုင်းကျေ လုပ်လာပြန်ပြီ “ဆိုသောအသံထွက်လာစမြဲ။
ကျနော့်အဖွားသည်အရာရာကို
တိတိကျကျ သတ်သတ်မှတ်မှတ် စည်းနှင့်ကမ်းနှင့်လုပ်သည်ကိုနှစ်သက်သောသူဖြစ်လေသည်။
အဖွားခိုင်းလိုက်သည့်အခါတိုင်း သူဖြစ်စေချင်သည့် အတိုင်း ကျနော်မလုပ်ခဲ့သည့်အခါတိုင်း
သူစိတ်တိုင်းမကျသည့် အခါတိုင်း
“မင်းတိုင်းကျေ “ဆိုသောစကားသည်အဖွားထံမှ ထွက်ကျလာစမြဲ။
သူ့နောက်ဆက်တွဲအဖြစ်
“ အလုပ် လုပ်တာ စေတနာ လေး ထည့် မလုပ်ဘူး “ဆိုသောစကားက ကပ်ပါလာစမြဲ။
“မင်းတိုင်းကျေ “ ဆိုသောစကားသည် ဘယ်နေရာမှစတင်ဆင်းသက်ခဲ့သည်ကို ကျနော်မသိပါ။
ပြီးစလွယ်လုပ်သည်
ဝတ္တရားကျေရုံမျှလုပ်သည်
အဖြစ်လုပ်သည်
အပြောလွတ်ရုံလောက်သာလုပ် သည်
ဆိုသောအဓိပ္ပါယ်သက်ရောက်သည်ကိုတော့ ကျနော်သိနေပေသည်။

ကျနော်လုပ်ငန်းခွင်သို့ရောက်ရှိလာသောအခါလူအများနှင့်ဆက်ဆံရသောအခါတွင်လူအမျုးိမျိုးနှင့်တွေ့ဆုံရလေသောအခါ ငယ်စဉ်က အဖွားထံမှ ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “
ဆိုသောစကားရပ်ဖြင့်ချိန်ထိုးကြည့်မိလေသည်။
ထိုအခါတွင်
အလုပ်နှင့်ပါတ်သက်လျှင် စေတနာပါပါ လုပ်ဆောင်စေလိုသောစိတ်ရှိသူ
“မင်းတိုင်းကျေ “မျှသာလုပ်ဆောင်တတ်သူ
တစ်ဦးနှင့်တစ်ဦးဆက်ဆံပြောဆိုရာတွင်ဖြစ်စေစိတ်ပါလက်ပါပြောဆိုတတ်သူနှင့်
အပေါ်ယံသဘောဖြင့် “မင်းတိုင်းကျေ “မျသာပြောတတ်သူ

ခိုင်မာသောအပြုံးကို ဆောင်ထားသူ
“မင်းတိုင်းကျေ “မျှှသာပြုံးပြတတ်သူများကို ခွဲခြားတွေ့မြင်လာပါတော့သည်။
ခိုင်မာသောအပြုံးဆိုသည်ကိုတော့ ပြောပြချင်ပါသေးသည်။
အချို့သောသူများပြုံးသည့်အခါ မျက်နှာနည်းနည်းလေးလွှဲသည်နှင့် အပြုံးသည်ပျောက်ကွယ်သွားလေသည်။
ခိုင်မာသောအပြုံးသည်ကား ပြုံးပြပြီးအချိန်အတန်ကြာသည်အထိ ပျက်ပြယ်မသွား။

အများနှင့်ဆက်ဆံလုပ်ဆောင်ရသောနေရာအတော်များများတွင် “မင်းတိုင်းကျေ “များကို
အမြဲလိုလိုတွေ့နေရသောအခါ
“ အဖွားအပေါ်လုပ်ခဲ့သမျှ ငါတော့ ဝဋ်လည်တာဘဲ “ဟုသာတွေးမိလေသည်။
စာအုပ်ဆိုင်ရောက်၍ ကိုယ်လိုချင်သောစာအုပ်ကို အရောင်းစာရေးအားမေးသည့်အခါ
စတိုးဆိုင်တစ်ခုခု မတ်ကက်တစ်ခုခုရောက်၍ ကိုယ်လိုချင်သောပစ္စည်းကိုရှာမရ၍
ဝန်ထမ်းများအားမေးသည့်အခါ
စားသောက်ဆိုင်ရောက်၍ ကိုယ်စားချင်သောအရာကိုမေးသောအခါ
မုန့်ဆိုင်ရောက်၍ ကိုယ်လိုချင်သောမုန့်ကိုမေးသည့်အခါ
မသိမရှိဆိုသောစကားကို ကြားရလေသောအခါ “မင်းတိုင်းကျေ “ဆိုသောစကားသည်
ကျနော်နားထဲသို့ ခုန်ဆင်း၍လာလေသည်။
ကျနော်ထံ ပစ္စည်းလာစပ်သောအရောင်းဝန်ထမ်းလေးများအား သူတို့ရောင်းချသော
ပစ္စည်းအကြောင်းကို သိလို၍ စေ့စေ့ပေါက်ပေါက်မေးသောအခါ
အစိုးရလုပ်ငန်းနှင့်ပါတ်သက်သည့် ရုံးကိစ္စများကိုဆောင်ရွက်သည့်အခါ
သိလို၍ မေးသောအခါ
ကျနော်နှင့်အလုပ်တွဲလုပ်နေသောဝန်ထမ်းများကို သူတို့ နေ့စဉ်ဆောင်ရွက်နေသော
လုပ်ငန်းကိစ္စများကို မေးမြန်းသောအခါ
သူတို့ထံမှရလာသောအဖြေများသည် “မင်းတိုင်းကျေ “မျှသာရှိနေသည်ကိုသိရပေသည်။

ဘဝတစ်လျောက်လုံးရေသေမြောင်းထဲတွင်နှစ်ပေါင်းများစွာပိတ်မိနေသောကျနော်တို့အားလုံးသည် ပြောင်းလဲချိန်တန်ပြီဟူသောအသံကိုကြားသည်နှင့်လက်သန်းများကိုအသုံးချကာအပေါ်ထပ်အဆောက်အဦကို
ပြောင်းလဲခဲ့ကြလေသည်။
သို့သော်ကျနော်တို့အားလုံးသည်ပြောင်းလဲချင်စိတ်သာရှိသော်လည်း
ပြောင်းလည်းလာမည့်ရလဒ်ကို တပ်မက်မောကြသော်လည်း ကျနေုာ်တို့ကိုယ်တိုင်ကား
ဘာမှမပြောင်းမလဲနေမြဲအတိုင်းသာရှိနေကြလေသည်။
အပြောင်းအလဲစတင်ကာစကသာ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား။
နောင်ကြာလာသောအခါ အရင်အတိုင်းပင်ရှိနေကြလေသည်။
အပြင်လောက၏လက်တွေ့သရုပ်သကန်ကိုလိုက်လံလေ့လာကြည့်သောအခါ

ဟိုနေရာမှာလည်း “မင်းတိုင်းကျေ “
ဒီနေရာမှာလည်း “မင်းတိုင်းကျေ “
လူငယ်များကလဲ “မင်းတိုင်းကျေ “
လူကြီးများကလည်း “မင်းတိုင်းကျေ “
အစိုးရလုပ်ငန်းများကလည်း “မင်းတိုင်းကျေ “
ပုဂ္ဂလိက လုပ်ငန်းများကလည်း “မင်းတိုင်းကျေ “
ပိုင်ရှင်များကလည်း “မင်းတိုင်းကျေ “
ဝန်ထမ်းများကလည်း“မင်းတိုင်းကျေ “
ဆရာဆရာမများကလည်း “မင်းတိုင်းကျေ “
ကျောင်းသူကျောင်းသားများကလည်း “မင်းတိုင်းကျေ “
နိုင်ငံရေးဦးဆောင်သူများကလည်း “မင်းတိုင်းကျေ “
ကျနော်တို့ပြည်သူပြည်သားများကလဲ“မင်းတိုင်းကျေ “
နေ့ရာအနှံ့“မင်းတိုင်းကျေ “ နေသော ကျနော်တို့ ဘဝတွေရဲ့ရလဒ်သည်လည်း
“မင်းတိုင်းကျေ “ ထက်မပိုနိုင်တာကတော့အသေအချာပင်ဖြစ်လေသည်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
12618

2 comments

  • ဦး လေး မန်း

    June 18, 2018 at 4:56 am

    ဟုတ်ပကိုပေါက်ရေနေရာတကာမင်းတိုင်းကျေတွေကပိုများနေတယ်၊

Leave a Reply