အယ်ဒီတာ့သင်ပုန်း – ဇူလိုင်လ ၂၀၁၈

kaiJune 28, 20181min1651

In this May 19, 2018 photo tourists line up before boarding the Green Line Trips bus in the Hollywood section of Los Angeles. Recreational marijuana sales became legal in California this year, and the industry is targeting tourists as well as locals, with tours, shops, lodging and ads. And there are cannabis bus tours, too, like Green Line Trips, with stops at local pot dispensaries and Griffith Park or Santa Monica. (AP Photo/Richard Vogel)
“တရားဝင်သင့်/မဝင်သင့်..”
မြန်မာပြည် ဇွန် ၂ဝရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)၏ဆေးခြောက်နှင့်စိတ်ကျန်းမာရေး ဆောင်းပါးဖေါ်ပြကာ ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “ဆရာကတော့ နိုး (No) ပါပဲ”ဟု ပုဂ္ဂလိကထင်မြင် ယူဆချက်ပေးခဲ့သည်။ ဆရာဝန်/တာဝန်ရှိခဲ့သူဖြစ်၍ သူသိသောသူ့အလုပ်သူလုပ်သည်ဆိုရမည်ဖြစ်သော်ငြား အဆိုပါအချက်တို့ကို ယခုခေတ်ကမ္ဘာနှင့်ချိန်ဆကြည့်နိုင်ရန် မြန်မာဥပဒေပြုအမတ်တို့တွင်တာဝန်ရှိလာပါသည်။
သို့ဆိုသော် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တို့၏ အသိဉာဏ်ရေးရာကြွယ်ဝမှုနှင့် နိုင်ငံရေးပါးဝမှုတို့သည် တိုင်းပြည်အနာဂတ်အတွက်လွန်စွာအရေးကြီးသောအခြေအနေရောက်နေသည်။

“Cannabis, Coca, Poppy & Methamphetamine”
ဆေးခြောက်၊ ဟိုးယခင် ကိုကာကိုလာအဖျော်ရည်ပေါ်စဉ်က တွင်ထည့်ခဲ့သုံးခဲ့သည်ဆိုသော ကိုကာရွက်(ကိုကင်းထုတ်ရာအရွက်) နှင့် မြန်မာတို့၏ ရွှေတြိဂံနယ်မြေမှ ကမ္ဘာ့တန်းအထုတ်ဆုံးဖြစ်ခဲ့ဖူးသည့် ဘိန်း တို့သည် သဘာဝအပင်ထွက်များဖြစ်ကြ၍ ယာဘ-မြင်းဆေးမှာမူ ဓာတုဆေးဝါးဖြစ်သည်။ အဝတ်လျှော်စက်တလုံးစာမျှသာအရွယ်ရှိသော စက်များဖြင့် မြန်မာနယ်စပ်ရွာများတွင် Meth မူးယစ်အဆိပ်ဆေးဝါးများထုတ်ကြသည်မှာ မြန်မာသည်ကမ္ဘာ့အထုတ်ဆုံးတိုင်းပြည်သွားဖြစ်နေ၏။ သဘာဝပေးမဟုတ်မူ၍ပြင်းထန်သောသက်ရောက်မှုရှိကာ သုံးသူတို့မျိုးကန်းနိုင်သည်။
ရောင်းရငွေမဲဝင်ငွေတို့ဖြင့်လည်း လက်နက်တို့ဝယ်ကာ ဂိုဏ်းဖွဲ့ ထပ်ထုတ်၊ကာကွယ်တိုက်သိမ်း စစ်နှင့်ဘေးသံသရာလည်သည်။ အပြန်အလှန်နယ်မြေလု၊ပစ္စည်းလုကြစစ်ဖြစ်ကြကာ ငြိမ်းချမ်းရေးပျက်သည်။

“စစ်နှင့်ယစ် War on Drugs”
အမေရိကအစိုးရမှဦးဆောင်ကာ War on Drugs ကို ၂ဝရာစုဆန်းတွင်စခဲ့သည်။ ၁၉၁၉တွင် သုရာရည်အရက်ကိုပင် ထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းအား ဥပဒေထုတ်ပိတ်ပင်ခဲ့ဖူးပါသည်။ ၁၉၇၁ခုဇွန်လလယ်တွင်ကား သမ္မတရစ်ချက်နစ်စင်မှ “Public enemy number one” အထိပင်ကျေညာကာ မူးယစ်ဆေးတို့အား စစ်ပွဲဆင်နွှဲတိုက်ထုတ်ခဲ့သည်။
United Nations Office on Drugs and Crime (UNODC) မှအချက်အလက်များအရ ကမ္ဘာ့မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတန်ဖိုးသည် တနှစ်လျှင် ၄၃၅ဘီလီယံဒေါ်လာရှိနေ၏။ ထိုအထဲတွင် မြန်မာပြည်၌ ယာဘဟုအသုံးများသော Methamphetamine ဆေးပြားမျိုးစုံသည် မှောင်ခိုရောင်းဝယ်မှုအများဆုံးနံပါတ်တစ်နှင့် ၂၄%၊ ကိုကင်းမှုန့် ၂၄%နှင့် ဆေးခြောက်သည် ၂၂ရာခိုင်နှုန်းဝေစုတို့ဖြစ်သည်။
ရာစုနှစ်တခုကုန်၍ပြန်လည်ဆန်းစစ်ကြသည်ရှိသော် အမေရိကား၏ War on Drugs ပေါ်လစီမှာ အောင်မြင်ခြင်းမရှိသည်ကို တွေ့ရမည်။

မူးယစ်ဆေးအသစ်အသစ်တို့ထွက်လာမြဲ။ သုံးစွဲသူဦးရေ တက်နေဆဲ၊ ရာဇဝတ်မှုတိုးကာပိုလာဆဲ။ အစိုးရအနေဖြင့်ကား ငွေသာကုန်သည်။ အခွန်ငွေမရသည့်အပြင် မှောင်ခိုလုပ်ငန်းကြောင့် ဂိုဏ်းနှင့် ဆေးရောင်းဝယ်သူများ ဖြိုး၍ချမ်းသာကုန်ကာ ဒုစရိုက်မှုတို့သာတိုး၍တက်လာသည်ကို တွေ့ကြရသည်။ အလယ်အမေရိကနိုင်ငံများဖြစ်သော အယ်လ်ဆာဗေဒို၊ ဂွာတီမာလာ၊ တို့မှ မူးယစ်ရာဇာနှင့်ဂိုဏ်းများကြောင့် အသက်လုပြေးလာကြသည့် မိသားစုနှင့်ကလေးများဖြင့် အမေရိကားသည် အကြီးဆုံးလူဝင်မှုကြီးကြပ်ရေးပြဿနာကြီးနှင့်လည်း ယခုရင်ဆိုင်နေရလေပြီ။

စစ်နှင့်ယစ်မူးဆေးတိုက်ပွဲတွင် အမေရိကားမှတနှစ်လျှင် ၅၁ဘီလီယံဒေါ်လာကုန်ကျခဲ့ရသည်။ ထိုအထဲတွင် မူယစ်ဆေးကြောင့် ဆက်စပ်သော ရာဇဝတ်မှုများ၊ ဂိုဏ်းဖွဲ့ရမ်းကားမှုများကို ကာကွယ်စောင့်ရှောက်ရသည်များမပါသေး။
တပြိုင်တည်းတွင် မူးယစ်ဆေးပျော့ဖြစ်သော ဆေးလိပ်နှင်အရက်မှ တနှစ်ဘီလီယံ ၄ဝမျှ အခွန်ငွေရနေရကား ဥပဒေတို့ကိုချိန်ဆတတ်ပါလျှင် အကျိုးရှိသည်ကိုလည်မြင်သာထင်ရှားနေပါ၏။

“အများအမြင်တွင် မှားလျှင်ပြင်”
သက်ပြည့်လူကြီးအမေရိကန်တဝက်ကျော်မှာ မူယစ်ဆေးသုံးစွဲဖူးသူချည်းဖြစ်သည်ဟုစစ်တမ်းများကဆိုသည်။ သို့ဆိုသော် သင်၏ရင်းခြာဆွေမျိုးတဦးဦးသည် သေချာပေါက်ပါဝင်ပတ်သက်ဖူးသည်လည်းဖြစ်နေသည်။ အဆိုပါ အပြစ်ဟူသည်ကြောင့် ဘဝတသက်တာမှတ်တမ်းကျန်သွားနိုင်သော အကျဉ်းအချုပ်ကျ။ ထောင်ကျ ရာဇဝတ်ကောင်မှတ်တမ်းဝင်ခြင်းဖြစ်ထိုက်ပါ၏လော။ စစ်တမ်းအရ အမျိုးပေါင်းလေးသောင်းကျော်သော အလုပ်အကိုင်အခွင့်အလန်း၊ လိုင်စင်ယူ။သက်မွေး ပညာရှာလိုမှုစသည့် လုပ်ငန်းကိစ္စတို့ကို ရယူလျှောက်ထားပါဝင်ပါတ်သက်ခြင်းတို့တွင် ထိုရာဇဝတ်မှုမှတ်တမ်းဝင်သူအတွက် ငြင်းပယ်ခံရကာ ထိခိုက်နစ်နာသွားသည်ဆိုပါသည်။ ထိုထိုပါတ်သက်သူ ရာဇဝတ်သားတို့အားထောင်ချ၊ အချုပ်ချရာတွင်လည်း အစိုးရမှ ဒေါ်လာ ၈ဝဘီလီယံကို နှစ်စဉ်သုံးစွဲနေရသည်လည်းဖြစ်သည်။

စစ်နှင့်ယစ်ပေါ်လစီအရှုံးပြနေခြင်းတည်း။ တိုးတက်ထွက်လာဆဲဖြစ်သော မူးယစ်ဆေးတို့အား အရည်အတွက်စိစစ်တွက်ချက်ရန်လက်လှမ်း၍မမှီ။ နောက်ကွယ်မှောင်ခိုရောင်းဝယ်မှုတို့ကြောင့် အခွန်ငွေကြီးစွာဆုံးရှုံးသည်။ မှောင်ခိုငွေတို့သည် ငွေမဲများနှင့်အတူ မူးယစ်ရာဇာများကိုသာ
ချမ်းသာကြီးထွားစေကာ အစိုးရဝန်ထမ်းများကို အကျင့်ပျက်ချစားစေသည်။ ထိုထိုမူယစ်ရာဇာတို့မှတိုးပွားဖြစ်ထုတ်လာသော ရာဇဝတ်မှုများသာထူပြောလာသည်။

ဥရောပမှ ပေါ်တူဂီနိုင်ငံသည် ၂၀၀၁ မှ စပြီးမူးယစ်ဆေးသုံးစွဲရောင်းဝယ်ဖောက်ကားသူများအား ရာဇဝတ်မှုမြောက်ခြင်းအဖြစ်မှပယ်ဖျက်ခဲ့သည်။ ၁ဝရက်စာဆေးခြောက်နှင့်ဘိန်းဖြူလက်ဝယ်မိသူကို ဒဏ်ငွေအနည်းငယ်ချခြင်းဖြစ်သာအရေးယူသည်။ ကျန်းမာရေးကိုမေးမြန်းတာဝန်ယူပေးသည်။
၁ရနှစ်ကြာပြီး သမင်လည်ပြန်ဆန်းစစ်ကြည့်သော် ပေါ်တီဂီနိုင်ငံ၏ မူးယစ်ဆေးသုံးစွဲသူဦးရေ၊ ဆေးကြောင့်သေဆုံးနှုန်း၊ မူးယစ်ဆေးကြောင့်HIV ကူးဆက်နှုန်း၊ ဆက်စပ်ရာဇဝတ်မှုအကုန်ကျဆင်းသွားနေသည်ကို တွေ့ကြရသည်။

အမေရိကပြည်ထောင်စုတွင် ဆိုင်ရာဒေသခံအမေရိကန်များ၏ အများဆန္ဒကောက်ယူကာ မဲပေးဆုံးဖြတ်ခဲ့သဖြင့် ယခုနှစ်အထိတွင်ကယ်လီဖိုးနီးယားအပါအဝင် ပြည်နယ်၈ခုတွင် ဆေးခြောက်အပျော်တန်းသုံးခြင်းတရားဝင်ခဲ့ပြီ။ ကျန် ပြည်နယ်၂ဝတွင် ဆေးဝါးသုံးအဖြစ်တရားဝင်ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံရေးသမားတို့ရှိနေရာ ဝါရှင်တန်ဒီစီတွင်လည်း အပျော်တန်းတရားဝင်ဖြစ်နေပေရာ ဖယ်ဒရယ်မှ နိုင်ငံလုံးဆိုင်ရာအဖြစ် ဆေးခြောက်ကိုအပျော်တန်းသုံးအသိအမှတ်ပြုရန်မဝေးတော့ဟုယူဆမိပါသည်။
ယခုလကုန်တွင်ပင် ဖယ်ဒရယ်ရှေ့နေချုပ်မှတောက်လျှောက်ကန့်ကွက်နေသော ဆေးခြောက်တရားဝင်ပြုမှုကို သမ္မတထရမ့်မှမီးစိမ်းပြပြောဆိုလာသည်မဟုတ်လော။

“ဘီလီယံချီဈေးကွက်သစ်”
ကနေဒါနိုင်ငံသည်လည်း ယခုဇွန်လတွင်ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ဥပဒေပြုလိုက်ပြီဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတို့တွင် ဥရုဂွေးနိုင်ငံပြီးလျှင်ဒုတိယမြောက်နှင့်စက်မှုထိပ်သီး G7တွင် ပထမဖြစ်လာလေသည်။ တကယ်တော့ အိမ်နီးချင်းနိုင်ငံဖြစ်သော အမေရိကား၏ပြည်နယ်တချို့တွင် တရားဝင်ဖြစ်နေသဖြင့် ကနေဒီယန်များ အမေရိကားပြည်ထဲအထိလာကာ သုံးစွဲနေကြသည်သာဖြစ်၏။ ဤသည်ကို နိုင်ငံရေးသမားတို့က ဈေးကွက်စီးပွားရေးအရ တွက်ချက်ကာ တိုင်းပြည့်ထွက်ငွေကို ဝင်ငွေဖြစ်အောင် ကစားလိုက်ခြင်းလည်းမည်သည်။ သို့ဖြင့် ကမ္ဘာချမ်းသာပြီးနိုင်ငံတို့မှလည်း အလည်လာရင်းသုံးစွဲသူများရှိမည်။ ထိုမှ ဝင်ငွေရမည်၊ ဆေးသိပ္ပံပညာထွန်းကားပြီးဖြစ်ရကား ဆေးခြောက်နှင့်ဆက်စပ်ပစ္စည်း ဆေးဝါးများထုတ်ကာ ကမ္ဘာသို့တင်ပို့ဝင်ငွေသဲ့ယူနိုင်မည်မဟုတ်ပါလော။

ယခုဇွန်လကုန်ပိုင်းတွင် အမေရိကား၏ FDA မှကမ္ဘာ့ပထမဆုံး ဆေးခြောက်ဓာတ်ပါသည်ဆေးကို ထုတ်လုပ်ရောင်းဝယ်ခွင့်အသိအမှတ်ပြုခဲ့သည်။ အစရှိလျှင် နောင်ဆက်ပါလိမ့်မည်။ ကယ်လီဖိုးနီးယားကဲ့သို့ နည်းပညာ၊စမ်းသပ်စစ်ဆေးဓာတ်ခွဲခန်းနှင့်ပညာရှင်များသောပြည်နယ်တွင်တရားဝင်သည်မူ၍ မကြာမှီနှစ်များတွင် အချိုရည်၊ သကြားလုံး၊ ကွတ်ကီ။ ပီကယ်များကဲ့သို့ နေ့စဉ်သာမာန်သုံးများတွင်ပါ ဆေးခြောက်ဓာတ်ပါသည်တို့ တန်းစီထွက်လာကာ ကမ္ဘာအနှံ့ခြေဆန့်ပါဦးမည်။ ဆေးခြောက်ဟင်းထမင်းစာဖွယ်ရာတို့လာပါလေဦးမည်။ ဒေါ်လာဘီလီယံချီသော စီးပွားရေးဈေးကွက်ကြီးတခုပေါ်လာပေဦးမည်။

သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ထေရဝါဒတို့၏ဂရုသီလတခု ဖြစ်ပါသည်။
သုရာမေရိယ အကျယ်ဖွင့်တွင် ရှောင်ရမည်၌ အရက်သာမကယစ်မူးစေသောအရာများကိုထည့်ထားသော်လည်း သီလကျုးပေါက်/မပေါက်ရန်မှာ အင်္ဂါလေးပါးနှင့် ထပ်ဆင့်ထိမ်းထားပါသည်။ ဇမ်ဗုဒ္ဓဘာသာတွင်မူ စိတ်ညစ်နွမ်းယစ်မူးစေသည်အထိ စာဖတ်၊စကားပြောအပါအဝင်မည်သည့်အရာကိုမျှ လွန်ကျူးမပြုလုပ်ရဟုတားမြစ်ထားသည်။
သို့ဆိုသော် မြန်မာပြည်မည်သို့အခြေအနေရှိပါသနည်း။ ဆန်းစစ်ကြည့်ကြစို့..

ရှေးမဝေးကာလက မြန်မာပြည်သည် ရွှေတြိဂံမှတဆင့် ဘိန်းအထုတ်ဆုံးတိုင်းပြည်ဖြစ်ခဲ့သည်။ အမေရိကပြည်ထောင်စုမှလည်း ဘိန်းနှိမ်နင်းရေးအတွက် ငွေကြေးသာမက သတ်ဆေးဖြန်းလေယာဉ်အထိအကူအညီရဖူးသည်။ သို့သော် ဘိန်းထုတ်နှုန်းကျမသွားသည့်အပြင်တောက်လျှောက်တက်လာရာ ယခုနှစ်တွင်လည်းပထန်စစ်မင်းများလွှမ်းမိုးအုပ်ချုပ်ရာ အာဖဂန်နစ္စတန်ပြီးလျှင် တနှစ် ၁-၂ဘီလီယံဒေါ်လာဝင်ငွေရသည်အထိ ကမ္ဘာ့ဒုတိယ ဘိန်းအထုတ်ဆုံးမျှပင်တည်း ။ လွန်ခဲ့သောဆယ်စုနှစ်များက ပြည်တွင်းတွင်ဆေးခြောက်နှင့်ဘိန်းနှိမ်နင်းရေးများအပြင်းအထန်ပြုစခဲ့ရာမှ ထုတ်လုပ်မှုသက်သာလွယ်ကူသော ယာဘခေါ် ဆေးပြားများထုတ်လုပ်ဖြန့်ချီလာကြသည်။ Methamphetamine ဆေးပြားထုတ်လုပ်မှု တွင် မြန်မာပြည်သည် ကမ္ဘာ့နံပါတ်၁ ဖြစ်သည်။ ယခုအခါတွင် အစိုးရ၏ပေါ်လစီညံ့များကြောင့် ပြည်တွင်းသို့လည်းမျက်စိလည်ဝင်လာကာမြန်မာလူငယ်လူရွယ်များ စွဲလမ်းသုံးစွဲနေကြပြီ။ တိုင်းပြည်တွင်းသမရိုးကျစိုက်ပျိုးကုန်ထုတ်လုပ်မှုများ ကျဆင်းသည်ဖြစ်၍ အဆိုပါမူးယစ်ဆေးနှင့် သဘာတွင်းထွက်ရတနာတို့သည် မြန်မာလူထုအား ထမင်းကျွေးထားသော တိုင်းပြည်၏အဓိကဝင်ငွေတခုပင်ဖြစ်မှန်းမသိဖြစ်လာနေပုံရသည်။ NGO Global Witness ၏စစ်တမ်းအရ ကျောက်စိမ်းသည် တနှစ် ၃၁ဘီလီယံဒေါ်လာဖြင့် မြန်မာ့ပထမဝင်ငွေဖြစ်နေကာ အဆိုပါဝင်ငွေတို့ကို အဓိကထိမ်းချုပ်ထားသူတို့မှာ မူးယစ်ဆေးဝါးထုတ်လုပ်သူသူပုန်တို့ဖြစ်သည်ဆိုပါသည်။

ထိုထိုအခြေအနေတွင် ဥပဒေပြုသူများသည် နိုင်ငံရေး။ ဒေသန္တရအခြေအနေတို့နှင့်ချိန်ဆကာ အပျော့အမာ မူးယစ်ဆေးတို့ကို တရားဝင်ဖြစ်အောင် ဥပဒေပြု ချိန်ဆသင့်သည့်အခြေအနေဖြစ်ပါသည်။
လုံးဝမနိုင်တော့သည်အခြေအနေကိုထိန်းချုပ်နိုင်ရန် မူးယစ်ဆေးများအား ရာဇဝတ်မှုထားခြင်းမှပင်လျှော့ချသင့်သည်။
ပေါ်တူဂီနိုင်ငံတွင်အောင်မြင်နေသည်။ အမေရိကားလည်း စပြင်ဆင်နေပြီ။

“အိုဘယ့်ကုသိုလ်၊အကုသိုလ်”
သေနတ်လက်နက်သည် ပစ်သူမသေ ထိသူသေတတ်၏။ မူးယစ်ဆေးဝါးမှာမူ အလွန်အကျွံသုံးစေဦး သုံးသူသာသေလေသည်။ တနည်းအားဖြင့် ကိုယ့်တာဝန်ကိုယ်ယူကာ ကိုယ်ခံရသည်ဖြစ်ပါသည်။ ထိုအချက်ကို အမိကောက်နိုင်ပါလျှင် မူးယစ်ဆေးကြောင့်ရာဇဝတ်မှုမြောက်သင့်သလော၊ သေနတ်ထုတ်မှုလုပ်မှုမှစစ်ဖြစ်သလောမှသည် အဖြေတခုယူထုတ်န်ုင်စရာအကြောင်းရှိ၏။
မူးယစ်ဆေးကို တရားဝင်ပေးပါလျှင် ရဲ၊ရှေ့နေ၊ စစ်သားအပါအဝင် အစိုးရဝန်ထမ်းများအတွက် လာဘ်စားမှု၊ အကျင့်ပျက်ချစားမှုများလျှော့ကျကာ အစိုးရမှာမူ အခွန်ငွေအပြင် အကျင့်ပျက်ချစားမှုများကြောင့်ဆုံးရှုံးငွေများ ဘီလီယံချီအပိုဆုထွက်လာကာ အရည်အချင်းမြင့်အရည်အသွေးတင့်လူငယ်များစွာလေ့ကျင့်မွေးထုတ်ပေးနိုင်မည်လည်းဖြစ်သည်။

မြန်မာတို့ ဆေးခြောက်အားတရားဝင်ခွင့်ပြုခြင်းဖြင့် တိုးတက်ခေတ်မှီသော မြန်မာ့သမိုင်းသစ် ဖွင့်လှစ်ရမည်ဖြစ်ကာ ဦးစွာလုပ်နိုင်ခဲ့လျှင် အာစီယံနိုင်ငံများသို့ အလည်အပတ်ရောက်လာနေသော တိုးရစ်သန်းပေါင်းများစွာ၏ တိုးရစ်ဇင်ဈေးကွက်သစ်ကို တရားသောနည်းဖြင့် ဆွဲဆောင်ယူငင်နိုင်မည်လည်းဖြစ်ပါသည်။
ထိုဈေးကွက်မှသည် အလုပ်အကိုင်အခွင့်အလန်းသိန်းချီနှင့် တိုင်းပြည်အတွက်အခွန်ငွေဘီလီယံချီရသွားမည်ဖြစ်ကာ လိုအပ်နေသော ပညာရေး၊ ကျန်းမာရေးတို့တွင်ပုံ၍သုံးစွဲနိုင်ပါလိမ့်မည်။
အကယ်၍ အခြားနိုင်ငံ(ဥပမာ) ထိုင်းနိုင်ငံမှ ဦးစွာဥပဒေပြုလုပ်သွားပါလျှင်များစွာနစ်နာရမည့်အခြေအနေပါ။ လောလောဆယ်တွင်ထိုင်းနိုင်ငံသည် ဥပဒေကြောင်းအရ ရှေ့တလှမ်းသာနေပါသည်။ မြန်မာအလုပ်သမား သန်းချီ၍လည်း ထိုင်းနိုင်ငံကိုအလုပ်အကျွေးပြုနေကြရသည်။

သန်းကောင်ထက်ညမနက်ပါ။
ထိပ်ဆုံးမှခေါင်းခံဖြေရှင်းအစမ်းသပ်ခံကြည့်ခြင်းလည်းမဟုတ်ပါ။
မိမိတို့ထက်များစွာ ဆေးသိပ္ပံနှင့်စမ်းသပ်စစ်ဆေးမှုအားကောင်းလှသော ဓနအင်အားချမ်းသာသည့်နိုင်ငံကြီးများမှ နှစ်ပေါင်းများစွာ စမ်းသပ်အဖြေထုတ်ပြီးသည်ကို အဆင်သင့်နင်းတက်လိုက်ယုံသာဖြစ်ပါသည်။
မြန်မာပြည်တွင် ဆေးခြောက်အား တရားဝင်အပျော်သုံးခွင့်ပြုပါရန် ဥပဒေပြုအမတ်တို့အား တိုက်တွန်းလိုက်ပါကြောင်း။ ။

One comment

  • manawphyulay

    August 20, 2018 at 12:09 pm

    Wow! သုံးခွင့်မပြုတာတောင် သုံးနေကြတာ တကယ်လို့သာ အသုံးပြုခွင့်ပေးလိုက်မည်ဆိုလျှင်…. အားလုံးသော လူငယ်လူရွယ်များအတွက် ရင်လေးဖွယ်ပင် ဖြစ်ပါကြောင်း….

Leave a Reply