” ရှိစေသင့်၏ မသင့်၏ “

“ရှိစေ သင့်၏ မသင့်၏ “

အခုရက် မဟာ ဖွဘုတ်တော်မှာ မြန်မာပြည်ကဆယ်လီများရဲ့ သတင်းတွေကလှုပ်လှုပ်ယှားယှားရှိလှပါတယ်။
အဆိုတော်လေးကို မော်ဒယ်လေးက ရေချိုးပေးခိုင်းတဲ့ သတင်းကို
အမေ့စကားနားထောင်ပြီးအဝတ်အစားပြောင်းလိုက်မှ ကင်မရာကောင်း ကောင်းတွေကြောင့် မပေါ်သင့်တာပေါ်သွားတဲ့သတင်းက ကျော်လွှားနေတုန်းနေဆဲမှာ
တော်လှန်ရေးသမားကြီးကို အလိုမတူဘဲလှန်ပါတယ်ဆိုပြီး တိုင်ခံရတဲ့ သတင်းက အနိုင်ယူလိုက်ပါတယ်။
တကယ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သာ သိနိုင်တဲ့ကိစ္စဖြစ်လေတော့
ဘယ်သူကမှားပြီး ဘယ်သူက မှန်တယ်ဆိုတာကို တော့ ဘေးလူအနေနဲ့ပြောပြဘို့ခက်ပါတယ်။
ဒါပေမယ့် ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ အိမ်အကူ အမျိုးသမီးရဲ့ သတင်းထောက်များနှင့်
တွေ့ဆုံခြင်း ဗီဒီယို ဖိုင် မဟာဖွဘုတ်တော်ပေါ်ရောက်ရှိလာချိန်မှာတော့ ငွေကြေးတတ်နိုင်သူမိသားစု အတော်များများမှာမရှိမဖြစ်လိုအပ်နေသောလူတန်းစားတစ်ရပ်ဖြစ်တဲ့ အိမ်အကူ
အမျုးိသမီးတွေနဲ့ပါတ်သက်ပြီး အိမ်ထောင်ရှင်မတွေ့ရဲ့ရင်ဖွင့်သံ အတော်များများကို နားဆင်ခံစားရပါတော့တယ်။

ဟိုအရင် အရင်းရှင် ခေတ်ကတော့ အစေခံ
ဆိုရှယ်လစ်ခေတ်မှာတော့ ူ အိမ်ဖော်
အခုနောက်ပိုင်းမှာတော့ အိမ်အကူ လို့ အမည်ပြောင်းလဲခေါ်တွင်စေခဲ့တဲ့လူတန်းစားတစ်ရပ်ကတော့ ခိုင်ခိုင်မာမာတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လို့နေပါတယ်။
ဆင်းရဲသားလူတန်းစားကို ဦးစားပေးခဲ့တဲ့တစ်ခေတ်မှာတော့ ချမ်းသာကြွယ်ဝသူ အိမ်ရှင်များကို
ဗီလိန်အဖြစ်ထားပြီး အိမ်အကူလူတန်းစားကို သနားစရာကောင်းအောင်ဖန်တီးခဲ့ကြတဲ့
ဆောင်းပါး ဝတ္တု ရုပ်ရှင် ပြဇာတ်တွေသီချင်းတွေဟာ အတော်လေး ဈေးကွက်ဝင်ခဲ့သလို လူတွေအများစုရဲ့စိတ်ထဲမှာ ဓနရှင်လူတန်းစားကိုမုန်းတီးခဲ့ကြပါတယ်။
အားနည်းသူဘက်က နေပြီး ဇွတ်အတင်းကို ရပ်တည်ခဲ့တဲ့ တစ်ခေတ်မှာတော့အိမ်အကူနဲ့အိမ်ရှင်ပြဿနာဖြစ်ခဲ့ရင်
မှားမှား မှန်မှန် အိမ်ရှင်ခံပါဘဲ။
အပြင်လက်တွေ့မှာလည်း
အတော်ဆိုးတဲ့အိမ်ရှင်တွေ
အနိုင်ကျင့်နှိပ်စက်တဲ့အိမ်ရှင်တွေ
မတော်မတရားစော်ကားတဲ့အိမ်ရှင်တွေမရှိဘူးလားမေးရင် ရှိတယ်လို့ဘဲဖြေရမှာပါဘဲ။
ကူညီစောင့်ရှောက်ပေးတဲ့ အိမ်ရှင်တွေ
ဖေးမညှာတာထောက်ထားတတ်တဲ့ အိမ်ရှင်တွေမရှိဘူးလားမေရးရင်လဲ ရှိတယ်လို့ဘဲဖြေရမှာပါဘဲ။
စိတ်ထားကောင်းခြင်းဆိုးခြင်းဆိုတာ လူမျိုးတွေ ကိုးကွယ်တာတွေနဲ့ မသက်ဆိုင်ဘဲ လူတစ်ဦး
တစ်ယောက်ခြင်းနဲ့သာသက်ဆိုင်လို့ဘဲဖြစ်ပါတယ်။
ဒါပေမယ့် မှားတာ မှန်တာ အပ ထား အားနည်းသူဘက်က သာရပ်တည်မယ်လို့
အမြဲဦးထိပ်ထားကြတဲ့ ကျနော်တို့နိုင်ငံမှာတော့ အိမ်ရှင်မကောင်းတာ ဆိုးတာကို
မီးမောင်းထိုးပြတတ်ကြပေမယ့် အိမ်အကူ တွေ ဘက်က ဆိုးသွမ်းတာကိုတော့ ပြောပြချင်ရင်တောင်မှ
လက်ခံလေ့မရှိကြပါဘူး။
အိမ်ရှင်အတော်များများမှာ ဒီ အိမ်အကူ တွေနဲ့ပါတ်သက်တဲ့လေးတွေရှိကြပါတယ်။
အချို့အဖြစ်အပျက်က ရီရအခက် ငိုရအခက်
အချို့အဖြစ်အပျက်က မထွေးနိုင်မအံနိုင်
အချို့အဖြစ်အပျက်က အံ့ဩဒေါသထွက်
စုံတကာစေ့လို့နေပါတယ်။
အခ ုအိမ်အကူ ပြဿနာတက်တာတွေကိုတွေ့လာရတော့ ဟိုးအရင်နှစ်များက
ကျနော်နဲ့ခင်မင်ရတဲ့ အစ်မကြီးတစ်ယောက် ပြောပြခဲ့ဘူးတဲ့ အိမ်အကူ ကိစ္စလေးတွေကိုသတိရမိပါတယ်။
သူပြောပြနေပုံက နာနာကျည်းကျည်း ပစ်ပစ်ခါခါ မဟုတ် သူကြုံခဲ့တာလေးကိုရီစရာစွက်ပြီးပြောတာပါ။
သူတို့အိမ်က သူတို့ လင်မယားရယ်သားတစ်ယောက် သမီးတစ်ယောက် စုစုပေါင်းလေးယောက်ဘဲရှိတဲ့အိမ်ပါ။
အိမ်သားကလဲ နိုင်ငံတာဝန်ထမ်းဆောင်နေသူ သူကတော့အနုပညာသည် သားနဲ့သမီးက ကျောင်းပြီးလို့
အလုပ်ကိုယ်စီဝင်နေကြတဲ့အချိန်ပေါ့။
သူတစ်ယောက်ထဲ အိမ်မူ့ကိစ္စမနိုင်တာရယ် စကားပြောဖော် လိုတာရယ်ကြောင့်အိမ်ဖော်ကိုမဖြစ်မနေငှားရပါသတဲ့။
မဟာရန်ကုန် ထုံးစံအတိုင်းပွဲစားတွေက တစ်ဆင့်ဘဲငှားကြရတာပေါ့။
ပထဆုံးစ ငှားတဲ့အခေါက် က အိမ်လိုက်ပြီးအလုပ် လုပ်မယ့်သူရဲ့ အင်တာဗျူးတာကိုဖြေခဲ့ရပါသတဲ့။
ကျနော်ကို အမြပြန်ပြောခဲ့တာလေးကိုသတိရမိပါတယ်။

“အိမ်ပွဲစားက မေးစရာ ရှိတာမေးဆိုလို့ အစ်မ က မေးမယ်လို့ ပါးစပ်ပြင်ကာ ရှိသေးတယ်
အလုပ်လုပ်မယ်ဆိုတဲ့ ကလေးမက အစ်မ ကိုစက်သေနပ်ပစ်သလိုမေးတော့တာပါဘဲ။
လူဘယ်နှစ်ယောက်ရှိလဲ ကလေး ပါလား သက်ကြီးရွယ်အိုပါလား
(လူများရင် မလိုက်ချင် ကလေးပါရင် တာဝန်ကြီးလို့ မလိုက်ချင် သက်ကြီးရွယ်အိုပါရင် ဗာရီယများလို့ မလိုက်ချင်)
မနက် စောစော ထရမှာလား ညဘယ်အချိန်အိပ်ရမလဲ
(အစောကြီးမထနိုင်ပေမယ့် စောစောအိပ်ချင်တဲ့ အကျင့်ရှိတယ်)
ထမင်းကိုဘယ်လို ကျွေးမှာလဲ တိုင်းကျွေးမှာလား အဝစားလား
တစ်နေ့ကို ဘယ်နှစ်ကြီမ်ကျွေးမှာလဲ
(ဒါကတော့ သူတို့ခဗျာ ဘယ်လိုအိမ်ရှင်နဲ့တွေ့ခဲ့မှန်းမှမသိတာကိုး)
ည ကို တီဗွီကြည့်ရမှာလား ကြည့်တဲ့အခါ ကိုရီးယားကားကြည့်မှာလား ဘာတွေကြည့်မှာလဲ
(ဒီ မေးခွန်းရောက်တော့ နည်းနည်းလေးတော့ တင်းသွားတယ်)
အပြင်ထွက်ခွင့်ရှိလား နားရက်ပေးမှာလား
(ဒါကတော့ သူမေးပိုင်ခွင့်ရှိသပေါ့)
အဲ့အချိန်က ကိုယ်က လဲ အိမ်အကူ အခုမှစထားမှာဆိုတော့ ဘာမဆိုလိုက်လျောဘို့အဆင်သင့်ဖြစ်နေတာကိုး။
အိမ်မှာ ကလေးလဲ မရှိသက်ကြီးရွယ်အိုလဲမရှိ ကို်ယ်ကိစ္စကိုယ်ရှင်းနိုင်တဲ့အရွယ်တွေဘဲရှိတဲ့အကြောင်း
မနက်ခြောက်နာရီလောက်ထရင်အဆင်ပြေကြောင်း ညကတော့ ၉နာရီလောက်ဆို အိပ်လို့ရကြောင်း
အစားအသောက်ကတော့ ကြိုက်သလို စိတ်တိုင်းကျစားနိုင်ကြောင်း
တီဗွီကိုလဲအလျဥ်းသင့်သလိုကြည့်နိုင်ကြောင်း
အပြင်ကတော့ တစ်ယောက်ထဲပေးမထွက်ကြောင်း အစ်မဈေးသွားရင် ခေါ်သွားမယ့်အကြောင်း
နားရက်ကတော့ တစ်လ တစ်ရက်ပေးမယ်ဆိုတဲ့အကြောင်း ဝန်ခံကတိပေးလိုက်မှ
မပျော်ရင်တော့ ပြန်မှာနော်ဆိုတဲ့ အဖြေရလိုက်တာ။
နောက်ရက်ပွဲစားက အိမ်လာပို့တော့ အစ်မ ဖြင့်စိတ်တွေချမ်းသာလို့။
ငါတော့ သက်သာပြီပေ့ါနော်၊
တကယ်လက်တွေ့မှာ တော့ လူကတော့ သက်သာပါရဲ့ စိတ်တိုင်းမကျလို့ ပြောရဆိုရ
တာက အာပေါက်နေတာဘဲ။
ရုံးချိန်အမှီထမင်းဘူးထည့်ပေးဘို့ အဆင်သင့်ဘယ်တော့မှမဖြစ်
အဝတ်လျှော်စက်ထဲက အဝတ်တွေ ကိုအပြင်ထုတ်မလှန်းဘဲမေ့လို့မေ့
အမိူက်လှည်းပါဆိုရင်လည်း ခုံအောက်တွေဆို မလှဲ
အစားအသောက်စားပြန်ရင်လည် မကုန်နိုင်မခမ်းနိုင်ထည့် ပြီးသွန်ပစ်
သူတို့ကြိုက်တဲ့ ကိုရီးယားကားလာခါနီးရင်ဘာမှ ခိုင်းမရ ထမလုပ်
နှစ်လ လဲပြည့်ရော မပျော်လို့ပြန်ပါရစေတဲ့။
ပွဲခလေးတော့ကြေအောင်နေပါအုံးလို့တောင်းပန်ပြီးထားရတယ်။
နောက်စဉ်းစားမိတာက တစ်ယောက်ထဲထားမယ်ဆိုရင် မပျော်ဘူးဖြစ်နေမယ်တွေးမိလို့
ပွဲစားကို နှစ်ယောက် မှာလိုက်တယ်။
ပွဲစားကလဲ တစိမ်းနှစ်ယောက်ဆို မတည့်တာမပြုတာ ရှိမယ် ညီမနှစ်ယောက်ဆို
အဆင်ပြေတယ်ဆိုပြီး ပြောတော့ ပို့လိုက်ပေါ့။
အစကတော့ ဟုတ်တုတ်တုတ်၊
တစ်ရက် အစ်မတို့ အလှူတစ်ခုသွားကြတာသူတို့ကိုအိမ်စောင့်ထားခဲ့တာပေါ့။
အိမ်လဲပြန်ရောက်ရော အမောကိုဆို့သွားတာဘဲ။
ထမင်းစားခန်းတစ်ခုလုံးလဲပွထ။
ပန်းကန်တွေလဲကွဲ အားလုံးအလဲလဲအပြိုပြို။
အိမ်များ ဝင်အနုကြမ်းစီးသွားသလားပေါ့။
အဲ့ဒါနဲ့ သူတို့ နေတဲ့အခန်းထဲကမန်းကတန်း ဝင်ကြည့်လိုက်တော့
နှစ်ယောက်လုံးအဝတ်အစားတွေကလဲစုတ်ပြဲ
မျက်နှာတွေမှာလဲ ကုတ်ရာခြစ်ရာတွေနဲ့၊
ဘာဖြစ်တာလဲ မေးတော့ သူ့မေးငါ့မေးနဲ့။
နောက်ဆုံး ချော့မော့မေးမှာ ညီမနှစ်ယောက်လုံးက ယောက်ျားလေတစ်ယောက်ထဲကို
ဝိုင်းကြိုက်နေပြီး သတ်တော်မူကြတာ။
အဲ့တော့ဆက်မေးတာပေါ့။
နောက်ဆုံးမှ အဖြေပေါ်တော်မူတယ်။
အဲ့သကောင့်သားနဲ့က မြင်လဲ မမြင်ဘူးတွေ့လဲမတွေ့ဘူး ဘူး။
ဖေစ်ဘုတ်ပေါ်က ချစ်သူဖြစ်နေတာသိရတော့ငိုရအခက်ရီရအခက်။
အဲဒါနဲ့ဘဲပြန်ပို့ပြီး ဒီတစ်ခါတော့အသက်ကြီးကြီးခေါ်မယ်ဆုံးဖြတ်ပြီးခေါ်လိုက်တယ်။
မဆိုးပါဘူး ရုပ်ရည်လဲသန့်သန့်ပြန့်ပြန့် အသက်ကလဲ ၄ဝလောက်။
အလုပ်လုပ်တာကိုင်တာကလဲသန့်သန့်ပြန့်ပြန့်။
စိတ်ချမ်းသာပြီပေါ့။
နောက် နှစ်လလောက်အကြာ ရေချိုးခန်းထဲမှာ သူ့ကိုသွေးတွေနဲ့မြင်တော့လန့်ဖြန့်သွားတာပေါ့။
ဘာဖြစ်တာလဲ မေးတော့ လစဉ်ကိစ္စပါဖြေတယ်။
ဒါပေမယ့်အစ်မလဲ စိတ်ပူတာနဲ့ သူ့ကိုအဝတ်အစားလဲခိုင်း သမီးလေးကိုအဖော်ခေါ်ပြီး
ဆေးခန်းသွားပြတော့ ဟိုက သူတို့ရေးပေးလိုက်တဲ့ဆေးရုံကိုသွားပါဆိုထပ်ညွှန်တော့ ပြေးရတာပေါ့။
ဆေးရုံရောက်တော့ ဆေးရုံတင်မှဖြစ်မတဲ့၊
ဘာဖြစ်တာလဲမေးတော့ ကိုယ်ဝန်ပျက်ကျတာဆိုတော့ အမလေးတပြီး ရင်ဖိထားရတယ်။
ဒါပေမယ့် သူ့ကိုမေးတော့ အပျိုကြီးစစ်စစ်က တစ်ပြားမှမလျှော့ဘူး ဆရာဝန်တွေမှားတာလို့ ဇွတ်ပြောပါတယ်။
ဒါနဲ့ဘဲသူဆေးရုံဆင်းတော့ ပြန်ပို့လိုက်ရတယ်။
အစ်မကတော့ ၂သိန်းနီးပါးလောက် ကုန်သွားတာပေါ့။
အသက်တစ်ချောင်းကယ်ကောင်းပါတယ်လို့ဘဲစိတ်ဖြေလိုက်ရပါတယ်။
အဲဒါနဲ့ အိမ်အကူကို စိတ်ကုန်သွားတာနဲ့ မခေါ်ဘဲထားလိုက်တာ။
သားအိမ်ထောင်ကျပြိး မြေးဦးလေးရတော့ မခေါ်လို့မဖြစ်တာနဲ့ခေါ်လိုက်ရရော။
မြေးလေး ၃လသားလောက်အရောက်မှာ နေမကောင်းဖြစ်ရော။
အဲ့တော့ တစ်အိမ်လုံးပျာယာတွေခပ်။
အိမ်ရှိလူကုန် ဆေးရုံနဲ့အိမ် ဆေးရုံမှာနေတဲ့အချိန်များပြီး အိမ်အကူမလေးဘဲအိမ်စောင့်ထားခဲ့ရတာပေါ့။
ကလေးဆေးရုံတက်ပြီးတစ်ပါတ်လောက်အကြာ အဲ့ကလေးမကပြန်ပါမယ်ဖြစ်ရော။
ခဏလေးစောင့်ပေးပါအုံးဒီမှာလဲ ကလေး ဆေးရုံတက်နေလို့ပါပြောတာကိုဇွတ်ပြန်မယ်လုပ်တော့။
သမီးငယ်က ကဲ ဒီလောက်ပြန်ချင်လဲပြန်ဆိုပြီး နင့်အဝတ်အစားတွေယူခဲ့ပွဲစားအိပ်လိုက်ပို့မယ်ပြောလိုက်တာပေါ့။
သူလဲ သူ့ အဝတ်အစားထုတ်တွေအပြင်ထုတ်လာရော သမီးငယ်က ချဆိုပြီး အကုန်ဖွင့်စစ်တော့
အစ်မ က အားတွေ နာနေတယ်။
စစ်မိတာတောင်မှန်သွားတယ် သမီးငယ်ရဲ့ အဝတ်အစားအကောင်းတွေ
အလှပြင်ပစ္စည်းတွေ ထွက်လာတယ်။
ဒါတင်ဘယ်ကမလဲ အစ်မ ရင်ထိုးလေးတစ်ခုက သူ့သနပ်ခါးဘူးထဲမှာတွေ့တယ်။
အစ်မတို့အိမ်က အခန်းတွေသော့ခတ်လေ့မရှိတာ အမှားဖြစ်သွားတယ်။
မယ်မင်းကြီးမ ပြန်မယ်ပြောတာ တောင်ခပ်ကောင်းကောင်း ၊
ဒီထက်ကြာရင် တစ်အိမ်လုံးအခွံ ဘဲကျန်မယ့်သဘောရှိတယ်။
ဒါနဲ့ဘဲပြန်ပို့လိုက်ရတာပေါ့။
တစ်ပါတ်ဘဲထားပြီး ပြန်ပို့လိုက်ရတဲ့ အိမ်အကူလဲ ရှိဘူးပါရဲ့။
အသက်ကတော့ ၂ဝလောက်။
ရုပ်ရည် ခန္ဓာကိုယ်အနေအထားကလဲ အတော်လှတယ်။
လုပ်တာကိုင်တာကတော့ အကောင်းကြီးမဟုတ်ပေမယ့် အပြောလွတ်အောင်တော့လုပ်တယ်။
တစ်ရက် သမီးငယ်က ပြောလာတယ်
အမေ ညည ဆို ကောင်မလေးကအိမ်အပြင်ထွက်တယ်ထင်တယ်ပေါ့။
ဒါနဲ့ တစ်ရက် ချောင်း ဖမ်းရတော့တာပေါ့။
ည ၁၁ နာရီလောက်မှာ နောက်ဖေးတံခါးဖွင့်အပြင်ထွက်ပြီး သူ့ကောင်လေးနဲ့ခြံထောင့်မှာချိန်းတွေ့ကြတာ။
တစ်နာရီနီးပါးလောက်ကြာတော့အပေါ်ပြန်တက်လာတယ်။
အစ်မတို့သားအမိ ကို မြင်တော့မျက်နှာပျက်သွားတယ်။
ဒါနဲ့ဘဲမနက်ရောက်တော့ ပစ္စည်းတွေသိမ်းခိုင်းပြီး ပွဲစားအိမ်ပြန်ပို့ပေးလိုက်ရတယ်။
မတော်လို့များ သူတစ်ခုခု တိုးပွားလာခဲ့ရင် အိမ်က ယောက်ျားနှစ်ယောက် လွှဲချရင်ဖြေရှင်းရခက်မယ်။
သူနဲ့ကြိုက်နေတဲ့လူက ဘယ်လိုလူစားလဲမသိ ။
အိမ်မလုံခြုံတော့ဘူး။
အဲဒီကစပြီး ညည ဆို အိမ်တံခါးတွေ အကုန်သော့ပိတ်။
သော့ကိုအိပ်ခန်းခေါင်းရင်းမှာထားအိပ်တဲ့အလေ့အကျင့်ရသွားပါလေရော။
အိမ်အကူအကြောင်းကတော့ ပြောမယ်ဆိုမကုန်ဘူး။
အစ်မအမျိုးသားကတော့ ပြောရှာပါတယ်။
“ အရင်ဘဝက သူတို့အပေါ် ညည်းတို့ မကောင်းခဲ့တာတွေပြန်ဆပ်ရတာ “

ကျနော်တွေးကြည့်မိတာက အိမ်သားတိုင်း အိမ်သားတိုင်း ကသာ
ကိုယ့် ကိစ္စကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်ကြမယ်ဆိုရင် အိမ်အကူခေါ်ရတဲ့ပြဿနာ
လျော့ပါးသွားမယ်လို့ထင်မိပါတယ်။
တစ်ကယ်တော့ ကိုယ့်အိမ်ထဲကိုသွေးမတော်သားမစပ် တစိမ်းတစ်ယောက်ခေါ်ထားရတာကတော့
တာ သိပ်တော့အဆင်မပြေလှပါဘူး။
တကယ်မဖြစ်မနေထားရမယ်ဆိုရင်လဲ မနက်လာ ညပြန် ပုံစံလေးဆိုရင်တော့ ကောင်းမှာမှန်ပေမယ့်
ကျနော်တို့ ရွှေမြန်မာများကလည်း အိမ်အကူ ဆိုတာနဲ့နေ့ရောညပါ အချိန်မရွေးခိုင်းဘို့ အဆင့်သင့်ဖြစ်
နေစေချင်တဲ့ စိတ်ကလဲရှိနေပြန်ပါတယ်။
တကယ်လို့များ ဒီအိမ်အကူတွေကို မသုံးတော့ဘဲ ကိုယ့်ဝန်ကိုယ်ထမ်းကြမယ်ဆိုရင်ဖြင့်
မရှိဆင်းရဲတဲ့လူတန်းစားအတွက် ဝမ်းရေးခက်အုံးမယ်လို့တွေးမိပြန်လေတော့
အဖြေခက်ပြန်ရော။
ရှေးအစဉ်အ ဆက် အိမ်အကူ ဆိုတာ အနှိပ်စက်ခံဘဝ ခြေတော်တင်ခံရတဲ့ဘဝမှာဘဲရှိနေကြမလား
ခေတ်သစ် အဖြစ်အပျက်တွေကို ကြည့်ပြီး အိမ်အကူတွေပညာပြတာကိုဘဲခံကြရမလား
လို့စဉ်းစားပြန်တော့ ဘယ်ဘက်က မှ သာလို့နာလို့မဖြစ်ဘူးဆိုတာကိုမြင်လာပါတယ်။
မြန်မာပြည်မှာ အိမ်အကူနဲ့ ပါတ်သက်လို့ အလုပ်လိုအပ်သူနဲ့အလုပ်ပေးသူအကြား
မျှတ တဲ့ တရားဥပဒေ နည်းဥပဒေတွေရှိပါသလားဆိုတာ ကိုတွေးမိပါတယ်။
ဒီအဖြေက တော့ ဥပဒေပညာရှင်တွေကသာသိနိုင်ပါမယ်။
အိမ်အကူ လူတန်းစားတစ်ရပ်ကို မရှိစေသင့်ဘူးလို့ ဆုံးဖြတ်တာထက်စာရင်
ကြားထဲက ခလောက်ဆန်တတ်တဲ့အိမ်ပွဲစားလူတန်းစား ပပျောက်အောင် အရင် လုပ်ဆောင်ရမယ်လို့မြင်မိပါတယ်။

ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-7-18

3 comments

  • kai

    July 29, 2018 at 3:33 pm

    အိမ်အကူ..အိမ်ဖေါ်.. ဘယ်လိုခေါ်ခေါ်… အလုပ်ရှင်/အလုပ်သမား.. မို့.. အဲဒီဥပဒေတွေအတိုင်းရှိရမှာပါ..။
    တရက် ၈နာရီထက်ပို.. အိုဗာတိုင်းမ်ယူရင်.. အချိန်ပိုကြေးပေးပေါ့..။
    ခိုးတာ.. ပညာပြတာတွေလုပ်ရင်.. အလုပ်သမားဥပဒေအတိုင်းပေါ့..။ အလုပ်ဖြုတ်..။ ဒဏ်ကြေးချ..။ လစာဖြတ်..။ ထောင်ထဲထည့်..။
    အိမ်ဖေါ်ဆိုတာ… ကိုယ့်အိမ်မှာနေ.. ပြောတာ..ဆိုတာ.. ပုဂ္ဂလိကအတွင်းရေးတွေ.. ကိုယ်ရေးကိုယ်တာတွေ.. သိနိုင်..ကြားနိုင်သူမို့… . ကြားခံပွဲစားကလိုမှာပါ..။
    ပွဲစားက.. အဲဒီအိမ်ဖေါ်ရဲ့.. ယုံကြည်စိတ်ချရမှုကို.. ကြားကထပ်ဖြည့်..တာဝန်ယူရတယ်လေ..။

  • meechitkyauk

    November 13, 2018 at 10:09 pm

    ကိုပေါက်ရဲ ့ ညီက ရုပ်ရှင် မင်းသား ပြည်ခန် ့ ပါလားခင်ဗျဇရ။ကျွန်တော့် အသိများဖြစ်နေမလားလို့ပါ၊မေးကြည့်တာပါ။

Leave a Reply