သွားရောဂါနှင့်ဆေးနည်းတိုများ – ဒေါက်တာတင်လတ်

kaiJuly 31, 20181min3512

 

မိမိတို့၏ သွားများကိုဂရုမစိုက်ဘဲ သွားကျန်းမာရေးကိုလျစ်လျှူရှုထားပါက တနေ့တွင် သွားနှင့်ပါတ်သက်၍ ဝေဒနာမုချခံစားနိုင်ပါသည်။
အထူးသဖြင့် အစပိုင်းတွင် သွားပိုးပေါက်သေးသေးမှ ကြီးကြီးသို့ပြောင်းသွားကာ သွားကိုက် သွားနာဖြစ်စေနိုင်ပါသည်။ အချို့လူများတွင် ကွမ်းစားပြီး သွားရောဂါဘာမှမဖြစ်ဟုဆိုကာ အသက်လေးဆယ် ကျော်လာလျှင် သွားများယိုင်နဲ့လာ၍ သွားများတချောင်းပြီး တချောင်း ဆုံးရှုံးနိုင်ပါသည်။
သွားကိုက်သွားနာဖြစ်ပြီဆိုလျှင် သွားပိုးပေါက်တွင်းသို့ ဆေးမျိုးစုံထည့်တတ်ကြပါသည်။ လေးညှင်းပွင့်၊ ဆော်ဒါမှုန့်၊ အရက်၊ အက်စပရင်မှုန့်၊ ပါရာစီတမောမှုန့်၊ ငရုတ်ကောင်းမှုန့် စသည်ဖြင့် ဆေးနည်းတိုများ ထည့်တတ်ကြပါသည်။ သွားနာပြီး မျက်နှာရောင်လာလျှင် မောရိယမန်းဆေးနှင့် အခြားမြန်မာမန်းဆေး ငန်းဆေးများအပြင်မှာ လိမ်းကြပါသည်။ မည်သည့်ဆေးများသုံးသုံး ရောဂါကိုသေချာစွာ စစ်ဆေးကုသမှုမရှိဘဲ မည်သည့်ရောဂါမှ မပျောက်ဆုံးနိုင်ပါ။ ခဏတာ ဝေဒနာသက်သာနိုင်သော်လည်း အမြဲမပျောက်ပါ။
သွားပိုးပေါက်ဖြစ်ရသည့်အကြောင်းရင်းကို ရှင်းပါမည်။ ကျွန်ုပ်တို့၏သွားတွင် အပြင်လွှာကိုကြွေသွားလွှာ (Enamel) ကိုခေါ်ပါသည်။ အလယ်လွှာကို ဆင်စွယ်နှစ်လွှာ (Dentine) အတွင်းပိုင်းကို မွသား(Pulp) ဟု ခေါ်ပါသည်။ ကြွေသွားလွှာကို လူခန္ဓာကိုယ်တွင် အမာဆုံးအစိတ်အပိုင်းဟု သတ်မှတ်ကြပါသည်။
အလွန်မာသော ကြွေသွားလွှာကို ဖျက်ဆီးနိုင်သည်မှာ ပါးစပ်အတွင်းမှ Bacteria ပိုးတမျိုးဖြစ်သော Lactobacillus acidophilus ဖြစ်ပါသည်။ ထိုပိုးသည် တိုက်ရိုက်မဖျက်ဆီးနိုင်ပါ။ သွားတွင် ကပ်နေသော ် Dental Plaque အောက်တွင် ပါးစပ်တွင်း စားထားသည့် အချိုစာ အကြွင်းအကျန် Carbohydrate အရာကိုအချဉ်ပေါက် Fermentation ဖြစ်စေပြီး Latic Acid ခေါ် အက်စစ်အပျော့တမျိုးက ကြွေသွားလွှာမှ ကယ်လစီ ယမ်ဓါတ်များ((Calcium Appetite )ကို လျှော့နည်းစေပါသည်။ ကယ်လစီယံလျော့နည်းသွားလျှင် သွား၏အားနှုန်းလျော့ကျသွားပြီး စတင်ပျက်စီးလွယ်ပါသည်။ Decalcification ဟုခေါ်ပါသည်။ ထိုအဆင့်တွင် သွားမျက် နှာပြင်ပေါ်၌ အဖြူစက်များ အညိုရောင်များ၊ အမဲရောင်များ စတင်ဖြစ်နိုင်ပါသည်။
ထိုမှ ပိုမိုနက်လာသောအခါ မည်သည့်ကုသမှုမှ မခံယူလျှင် သွားပိုးပေါက်အဖြစ်သို့ ပြောင်းသွားပါသည်။သွား၏ ဆင်စွယ်နှစ်လွှာရောက်လျှင် သွားကျင်ခြင်း၊ ဝေဒနာစပါတော့သည်။ ထိုမှတဆင့် ပိုနက်လာလျှင် အတွင်းပိုင်း မွသားလွှာသို့ ရောက်ကာ သွားကိုက်သွားနာစပါတော့သည်။မွသားလွှာတွင် သွေးကြော၊အာရုံကြောများရှိသည့်အတွက် အစတွင် သွေးအသွားများခြင်း(Hyperae) ဖြစ်ပြီး မကုသဘဲထားပါက မွသားရောင်ခြင်း ( Pulpitis) အဆင့် ရောက်သွားပါတော့သည်။
မွသားရောင်ခြင်းမှတဆင့် မေးရိုးတွင်ပြည်တည်နာ၊ မေးရိုးအတွင်းပိုင်းရောင်ခြင်း( Osteomyelitis) အဆင့်အထိ ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် မျက်နှာ၊ မေးရိုးတို့၌ ရောင်ယမ်းခြင်းကို ပြင်ပမှ မြင်နိုင်ပါသည်။
နောက်ရောဂါတမျိုးမှာ ရေစီးကမ်းပြို၍ သွားဖုံးရောဂါတမျိူး (Periodontitis) ဖြစ်ပါသည်။ သွားမှန်မှန်မတိုက်သည့်အခါ သွားပေါ်တွင် ကျန်နေသောအလွှာ( Dental Plaque) ၏ အောက်၌ရှိသော (Bacteria) ပိုး များအနက် Bactericides Melanogeticus အပါအဝင် အခြားပိုးများစွာက သွားဖုံးကို ရောင်စေပါသည်။ သွားဖုံးရောင်ခြင်းကိုမကုသဘဲ ထားပါက ရောင်ရမ်းခြင်း (Inflammation)သည် အတွင်းသို့ရောက်ကာ သွားကိုအရိုး တွင်း၌ ခိုင်မြဲအောင် တွယ်ထားသည့် Periodontal Ligament ပျက်စီးကာသွားများ ယိုင်နဲ့စေပါသည်။
သွားများနဲ့လာပါက မြန်မာလူမျိုးများက ဆားဖြင့်သွားတိုက်ခြင်း၊ မီးသွေးမှုန့်နှင့် ရောကာ သွားတိုက်ခြင်း၊ တမာရွက်ပြုတ်ငုံခြင်း၊ ပုဏ္ဏရိပ်ရွက်ပြုတ်ငုံခြင်းကို ပြုလုပ်ခြင်းဖြင့် ရောဂါကို သက်သာအောင်ကုစားကြ ပါသည်၊
ဆေးနည်းတိုဆိုသည်မှာ သိပ္ပံနည်းကျဖေါ်စပ်ထားသော ဆေးများမဟုတ်ပါ။ Dosage အတိအကျမရှိပါ။ အနောက်တိုင်းက ဆေးများကို ဖေါ်စပ်ထုတ်လုပ်ရာ၌ ပထမ တိရစ္ဆာန်တွင် စမ်းသပ်ပါသည်။ ထို့နောက် လူတွင်စမ်းသပ်ပါသည်။ အထပ်ထပ်စမ်းသပ်စစ်ဆေးပြီးမှ လူအများတွင်အသုံးပြုရန် FDA (Food and Drug Administration) မှ အတည်ပြုပါသည်။ ထိုသို့ အတည်ပြုချက်ရရန်အတွက် တခါတရံ နှစ်ချီ၍ ကြာတတ်ပါသည်။
ဥပမာ – ပဋိဇီဝဆေးများ (Antibiotics) ရောဂါကာကွယ်ဆေး (Vaccius) ကင်ဆာရောဂါကုဆေးများ (Anti- Cancer Medications)
ထို့ကြောင့် ဆေးနည်းတိုများကို မည်သူက ဘယ်လောက်ကောင်းကြောင်း၊မည်သို့ညွှန်းညွှန်း မသုံးစွဲရန်တိုက်တွန်းလိုပါသည်။ အကယ်၍ရောဂါတစုံတရာဖြစ်ပါက နီးစပ်ရာသွားဆရာဝန်၊မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ အနောက်တိုင်းဆေးများကို သုံးစွဲပါ။
မိမိတို့တွင် သွားရောဂါရှိမရှိကို ၆ လတကြိမ် သွားဆရာဝန်များနှင့် ပြသတိုင်ပင်မှုခံယူပါ။ သွားပိုးပေါက်များကို ကြိုတင်ဖာထားခြင်းဖြင့် ပိုမိုပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။
သွားပိုးပေါက်အလွန်နက်၍ အတွင်းပိုင်းမွှသားလွှာ (Pulp) အထိရောက်ပါက ပုံမှန်သွားဖာခြင်းဖြင့် ကုသ၍ မရတော့ပါ။ သွားမြစ်တွင် ကုသမှုခံယူရပါမည်။ နောက်တွင် ထိုသွားကိုအပေါ်မှ CROWN ဖြင့်ဖုံးအုပ် ကာကွယ်ခြင်းဖြင့် သွားပဲ့သွားခြင်း၊ ကွဲသွားခြင်းများကို ကာကွယ်နိုင်ပါသည်။
သွားဖုံးရောင်ရောဂါအစတွင် သွားဖုံးမှသွေးထွက်ခြင်းလက္ခဏာပြပါသည်။ အထူးသဖြင့် အစာမာမာစားခြင်း၊ သွားတိုက်ခြင်းတို့က ပိုမို သွေးထွက်စေပါသည်။ သွေးနှင့်ဆိုင်သောရောဂါများ၊ ဥပမာ – Anemia, Hemophilia နှင့် သွေးကင်ဆာ (Leukemia) ရောဂါရှင်များတွင် သွားဖုံးမှသွေးထွက်တက်သဖြင့် မိမိတို့မိသားစု ဆရာဝန်၊ သမားတော်များနှင့် ပြသတိုင်ပင်ပါ။ လိုအပ်ပါက သွေးစစ်ဆေးမှု ခံယူပါ။
နိဂုံးချုပ်အားဖြင့် အကြံပြုလိုသည်မှာ မိမိတို့တွင် သွားနှင့်ခံတွင်းရောဂါများဖြစ်လာပါက ဆေးနည်းတိုများမသုံးဘဲ အောက်ပါအတိုင်းဆောင်ရွက်ပါ။
၁။ သွားအလွန်ကိုက်နေပါက အနာသက်သာဆေး Analgesics ဥပမာ – Tylenol, Panadol, Ibuprofen များကို ဆေးဆိုင်မှာ ဝယ်ယူသောက်နိုင်ပါသည်။
၂။ ဆားလ္ဘက်ရည်ဇွန်းတဇွန်းကို ရေနွေးတဖန်ခွက်တွင် ထည့်ဖျော်၍ တနေ့ ၄ ကြိမ်ငုံပါ။ တခါငုံလျှင် ၅ မိနစ်မှ ၁ဝ မိနစ်ကြာ ငုံနိုင်ပါသည်။ အလွန်အမင်း ရောင်နေပါက တနာရီတခါ ငုံနိုင်ပါသည်။
၃။ နီးစပ်ရာသွားဆရာဝန်ဆေးခန်း၊ မိသားစုဆရာဝန်များထံ ပြသ၍ ကုသမှုခံယူပါ။
၄။ မိမိတို့သွားများကို စနစ်တကျသွားတိုက်နည်းဖြင့် တနေ့ ၂ ကြိမ် မှန်မှန်တိုက်၍ ခံတွင်းသန့်ရှင်းမှုပြုလုပ်ပါ။ သွားမတိုက်မီ Floss ခေါ် ကြိုးလေးဖြင့် သွားကြားများကို သန့်ရှင်းပါ။
၅။ နီးစပ်ရာ သွားဆရာဝန်များနှင့် မိမိတို့၏သွားများကို ပုံမှန်စစ်ဆေးမှုCheckup ခံယူပါ။ ကုသမှု ခံယူပါ။
၆။ မိမိတို့တွင် သွေးနှင့်ဆိုင်နေသောရောဂါများရှိပါက သမားတော်များ Physician, Hematologist နှင့် Oncologist များနှင့် ပြသတိုင်ပင်ပါ။
အထက်ပါ အတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် သွားနှင့် ခံတွင်းရောဂါများမှ ကင်းစင်၍ သွားကိုက်သွားနာဝေဒနာများ မခံစားရဘဲ မိသားစုပျော်ရွှင်စွာ နေထိုင်နိုင်ရန် ဆန္ဒပြုရေးသားလိုက်ပါသည်။

 

2 comments

  • manawphyulay

    August 20, 2018 at 12:06 pm

    သွားရောဂါမဖြစ်ပေမယ့် ဆေးနည်းတိုတွေတော့ သူများလည်း ပြောပြရအောင် ဗဟုသုတအများကြီးရပါတယ်။ အကုန်ယူသွားပြီနော်…..

Leave a Reply