မမျှော်လင့်ဘဲ ရောက်ခဲ့မိတဲ့ စလေ

Mon LayAugust 30, 20188min4812
အစကတော့ ပုဂံကိုသွားတဲ့အခါ စလေကို မသွားဘူးလုပ်ထားတာ။ ဒါပေမယ့် မရောက်ဖူးတော့ အချိန်လည်းရတော့
သွားခဲ့လိုက်ပါတယ်။ သွားချင်နေတာလည်းပါတာပေါ့နော်။😁😁 ဆလွန်းကားကို စလေအသွား၊ အပြန်နဲ့ ကားကြီးကွင်း
အရောက်ပြန်ပို့ခ စုစုပေါင်း (၃၅၀၀၀)ကျပ်ကျပါတယ်။
#ဘယ်လိုသွားလဲ🚘
ပုဂံကနေ မကွေးတိုင်းကိုဖြတ်၊ ချောက်မြို့ကိုဖြတ်သန်းပြီး ၂နာရီအကြာမှာ စလေမြို့ကို ရောက်ရှိလာပါတယ်။
ရန်ကုန် – စလေ ဆိုရင်

ပြည့်ဖြိုးအောင် – 09 8601651 ကားရှိတယ်။ မနက် (၈)ခွဲကားနဲ့ ည (၈)ခွဲကားဆို စလေအထိ တိုက်ရိုက်ရောက်ပါတယ်တဲ့။

#စလေမြို့🏙
စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ရန်ကုန်မှလာလျျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( မန္တလေး ၊ ကျောက်ပန်းတောင်း၊ညောင်ဦးသို့) မှ ချောက်ဘက် မရောက်ခင် မိုလာ လမ်းခွဲကနေ စလေ ကို ဦးတည် သွားတဲ့အခါ စလေမြို့အဝင်မှာ တမာပင်တန်းတွေက ခရီးဦးကြိုနေပါတယ်။ စလေမြို့ ဟာ စာဆိုကျော်ဦးပုညရဲ ့ဇာတိဖြစ်ပြီး သမိုင်းဝင် ရုပ်စုံကျောင်း နှင့် အစေ့လွတ် ဇီးသီး ရယ် ဆိုပြီး လူသိများကျော်ကြား
ပါတယ်။ ခုဆိုရင်တော့ စလေဇီးဖောျ်ရည်ကလည်း ကျန်းမာရေးအတွက်ကောင်းလို့ နာမည်အရမ်းကြီးပါတယ်။
#ဘယ်တွေလည်လို့ရလဲ🚶‍♀️🚶
#စလေရုပ်စုံကျောင်း🏫
 ရုပ်စုံကျောင်းကို မြန်မာ သက္ကရာဇ် ၁၂၄၄ (ခရစ်သက္ကရာဇ် ၁၈၈၂) တွင် ကုန်သည်ဦးဘိုးကြည်၊ ဇနီး ဒေါ်ရွှေသက်က သုဓမ္မာ ဂိုဏ်းထောက ်ဆရာတော် ဦးဂုဏ သီတင်းသုံးရန် ရည်စူးပြီး တည်ဆောက်ခဲ့ရာ ဆောက်လုပ်ချိန် ၁ဝနှစ် ကြာမြင့်ခဲ့ပါသည်။
ကျောင်းတော်ပုံစံမှာ အိမ်တော်ပုံကျောင်းပုံစံဖြစ်ပြီး အရွယ်အစားအားဖြင့် အလျား ၁၅ဝ ပေ၊ အနံ ၈၉ ပေ၊ ကျောင်းတိုင်ပေါင်း ၁၅၄တိုင်နှင့် ကျောင်းဆောင်ပေါင်း  ရ ဆောင်ရှိသည်။ ပြတိုက်အဖြစ်   ၁၉၉၅ ခုနှစ် တွင်ဖွင့်လှစ်ခဲ့သည်။
ကျောင်းအတွင်းထဲမှာတော့ ဗုဒ္ဓ ရုပ်ပွားတော် အဆူဆူ နှင့် သစ်စေးသုတ် ဗီရိုများ ၊ တံခါးရွက် သေးသေးလေးနှင့် ခေါက်တံခါး ၊ ရှေးလက်ရာ မြေအိုး အရွယ်စုံ များရှိပါတယ် ။ ဗီရိုတွေထဲမှာတော့ မြန်မာ့ စာဆိုကျော် စလေဦးပုည ရဲ့ လက်ရေး ပေ၊ ပုရပိုဒ်များ နှင့် ၁၈ ရာစု ဘုရင်မင်းတို့ရဲ့ အသုံးအဆောင် ၊ ဝတ်ရုံများ စတာတွေ ရှိပါတယ်။ အုတ်လှေကား၄စင်းရှိပြီး လှေကား
တစ်စင်းစီတွင် နရားရုပ် ၂ရုပ်စီကို လက်ရန်းများအဖြင့် တပ်ဆင်ထားသည်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပန်းတမော့လက်ရာ
တွေကိုလည်းလေ့လာနိုင်ပါတယ်။(တနင်္လာနေ့နဲ့ အခါကြီးရက်ကြီးတွေ ပိတ်ပါတယ်)
#နာမည်ကျော် စလေဟောက်စ် (Salay House)☕️🍵 🌴🌲🌳🍁🍃🌸🍀
အဲ့နေရာလေးက ဧရာဝတီမြစ်ကမ်းနားဘေးမှာဆောက်ထားပြီး Salay River View Inn ပါရှိလို့ တစ်ခါထဲ တည်းခိုလို့ရအောင်
ဆောက်လုပ်ထားပါတယ်။ အရှေ့ဘက်အဝင်ဝမှာတော့ (၁၉၀၆) ခုနှစ်ကတည်းက ကိုလိုနီအိမ်အဟောင်းကို ပြန်လည်ပြုပြင်ပြီး ြ
 ပြတိုက်လုပ်ကာ မြန်မာ့ရိုးရာလက်မှုပစ္စည်းများကိုလည်း အရောင်းပြထားပါတယ်။
နေ့လည်စာကို မွန်လေးတို့ Salay House ပန်းခြံထဲမှာ စားခဲ့ကြတယ်။ ကြက်သားနဲ့ မျှစ်ချဉ်ချက်ရယ်၊ တုံယမ်းပုဇွန်ဟင်းရည်နဲ့ပေါ့။ အညာကလေက တော်တော်ပူပါတယ်။ ဒါပေမဲ့ ကိုယ်တွေစားပွဲနား ယပ်ခတ်ပေးပြီး စလေမြို့အကြောင်းကို ရှင်းပြပေး
တဲ့ ကောင်လေးကြောင့် စားရတာလည်းကောင်း၊ ကိုယ်ကလည်းမသိတာရှိရင်မေး၊ ရှုခင်းလည်းကြည့်ရင်းနဲ့ စားရတာ
အဆင်ပြေခဲ့ပါတယ်။
ပိုင်ရှင်ကိုယ်တိုင်က ဂိုက်ဆိုတော့ ဧည့်သည်တွေအကြောင်းကောင်းကောင်းနားလည်ပုံရပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား
တွေအကြိုက်ကို အကျွမ်းတဝင်ရှိပုံရပါတယ်။ အခန်းထဲမှာ ပရိဘောဂတွင်ထည့်တာကအစ၊ သစ်ပင်တွေစိမ်းစိမ်းစိုစိုရှိတဲ့ ပန်းခြံ
နဲ့ အစားအသောက်တွေပါပြင်ဆင်ထားပုံကလည်း လုံးဝ Perfect ပါ။👍✔️
#ရှင်ပင်မဟာလာဘ(မံ)ဘုရား🙏
စလေမြို့တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ ဆိုတဲ့ မံဘုရားကြီးပါ။ မံဘုရားဆိုသည်မှာ ဆင်းတုထုလုပ်ရာမှ ထွက်သော
လွှစာ သစ်စ တို့နှင့် ပြုလုပ်ပြီး သင်္ကန်းကို သစ်စေး ၊ သရိုးတို့ဖြင့်ပြုလုပ်ထားသည်ဟုအဓိပ္ပါယ်ရ ပါတယ်။ အမြင့် ၁၈ ပေ ၊ ဒူးတော်ပိုင်း ဗျက် ၁၄ ပေ ၆ လက်မ ရှိ ကြီးမားလှတဲ့ ဒီရုပ်ပွားတော်ကြီးဟာ ဧရာဝတီ မြစ်ရေ လျှံတဲ့ အချိန်မြစ်ရေထဲမှာ
မျောပါလာတာပါတဲ့။ ရေလျှံချိန် ရေစီးနေပေမဲ့ ဘုရားကြီးကတော့ ဆက်မရွေ့ဘဲ တန့်နေပါတယ်တဲ့ ။  ဆရာတော် ဦးဗိုင်ဦးစီးပြီး ဝိုင်းဝန်း ဆယ်ယူပြီး ပူဇော်ထားခဲ့တာပါတဲ့။ ကြည်ညိုစရာ ရှင်ပင်မဟာလာဘ မံဘုရားကြီးပါ ။ ၁၉၈၈ မတိုင်ခင် ကာလမှာတော့  စစ်စီးရောင် သုတ်ထားပြီး သင်္ကန်းတော်ကတော့ ယောဂီရောင်ပါ ။ ဒီလို ရွှေဆေးသုတ်ထားတာမဟုတ်ပါဘူး ။
#
မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ အပန်းဖြေရင်း အညာဒေသ ကျေးရွာဓလေ့တွေကိုပါလေ့လာချင်ရင်တော့ ဒီကျေးရွာလေးတစ်ရွာ ရှိနေပါတယ်။✔️ မကွေးတိုင်း၊ စလေမြို့ အနီးမှာရှိပြီး ချောက်မြို့ ကနေသွားမယ်ဆိုရင် ၂ဝ မိနစ်ခန့်ပဲ ကွာဝေးပါတယ်။
ဒီရွာလေးကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကမှ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အိမ်ခြေ အားဖြင့် ၁၂ဝ ရှိပြီး လူဦးရေ ၄၀ဝ ကျော်သာရှိကာ စိုက်ပျိုးရေးအဓိက လုပ်ကိုင်ပါတယ်။
CBT (Community Based Tourism) ဖော်ဆောင်ထားတဲ့အတွက် ကျေးလက်နေဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိသလို စီးပွားရေးအခြေနေကို တဖက်တလမ်းကနေ အား ဖြစ်စေပါတယ်။ မြို့ပြနဲ့ ဝေးတဲ့ အညာဒေသ ကျေးရွာလေးဖြစ်တာကြောင့် မပျောက်ပျက်သေးတဲ့ အညာဒေသ ရိုးရာဓလေ့တွေ၊ ရိုးရာ အိမ်ပုံစံလေးတွေနဲ့ ကျေးလက်နေဒေသခံတွေရဲ့ ရိုးသား လှတဲ့ ဧည့်ဝတ်ပျူငှာမှုကို အပြည့်အဝခံစားရရှိစေမှာပါ။☘ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေအတွက် ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ကျေးရွာအိမ် ၂ လုံးနဲ့ အသစ်ဆောက်လုပ်
ထားတဲ့ ရိုးရာအိမ် ၃လုံးရှိပါတယ်။☘ မန်ကျည်းပင်ကြီးတွေရှိတဲ့ ခြံအကျယ်ကြီး ထဲမှာ တည်ဆောက်ထားတာဖြစ်လို့ ရာသီဥတု ပူပြင်းခဲ့ရင်တောင်  သဘာဝအရိပ်မှာ နားခိုရတာ ပျော်စရာတစ်ခုဖြစ်နေမှာပါ။☘ အညာရဲ့ ခြေတံ ရှည်အိမ်တွေဖြစ်ပေမယ့်
ရေချိုးခန်းအိမ်သာတွေမှာ ဗိုလ်ထိုင်တွေ ရေပန်းတွေတပ် ဆင်ပေးထားတာဟာ အမြင်အာရုံမှာ ဆန်းသစ်လို့နေပါတယ်။ အိမ်၁လုံးမှာ  တည်းခိုသူ ၅ယောက်လောက် နေထိုင်လို့ရတော့ သူငယ်ချင်းအဖွဲ့လိုက်အတွက် အဆင်ပြေလှပါတယ်။
🍵☕️♨️အစားအသောက် ပိုင်းမှာဆိုရင်လည်း လတ်ဆတ်တဲ့ သဘာသ ဟင်းသီး ဟင်းရွက် ၊အသားငါးတွေကို အသုံးပြုထားတဲ့ ရွာဓလေ့မြန်မာဟင်းလျာတွေ တမူထူးခြားစွာစားသုံးနိုင်မှာပါ။ ဒီရွာလေးကို ရောက်ရင် ရွာဓလေ့အရ လည်ပတ်စရာ အဖြစ် တစ်ရွာလုံးကို လျှောက်ကြည့်လေ့လာ မေးမြန်း စူးစမ်းနိုပါတယ်။
ဒါ့အပြင် ရိုးရာနွားလှည်းစီးပြီး စိုက်ပျိုးခင်းတွေ လေ့လာလို့လည်း ရပါတယ်။ အုတ်ဖုတ်တာတွေ ၊အနီးအနားမှာရှိတဲ့ အညာကျေးရွာတွေ၊ စလေမြို့ပေါ် က စလေရုပ်စုံကျောင်း ၊ မံဘုရား အစရှိတဲ့ဘုရားကျောင်းကန်တွေ သွားရောက်လေ့လာနိုင်
တဲ့အပြင် ဧရာဝတီမြစ် ရဲ့ အလှအပများကိုပါ ခံစားရနိုင်ပါတယ်။ ကျေးရွာရဲ့  ရိုးရာ ယဉ်ကျေးမှု အကတွေ အတီးအမှုတ်တွေကို ကြည့်ရှုခံစားချင်ပါကလည်း တာဝန်ရှိသူတွေက စီစဉ်ပေးတော့ ပြီးပြည့်စုံတဲ့ တစ်နေ့တာကို အပြည့် အဝခံစားရမှာပါ။ အရင်အချိန်မှာ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ အလွန် နည်းပါးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 💸 ဈေးနှုန်းတွေကဆိုရင် Foreigner နဲ့ Local ကွာခြားမှုရှိပါတယ်။  🚍ရန်ကုန်ကနေချင်တဲ့သူတွေကတော့ ချောက် မြို့ရောက်တဲ့ ကားတိုက်ရိုက်စီး
ရပါမယ်။ လည်ပတ်ချိန်ပိုမို ရဖို့အတွက်ဆိုရင် ညပိုင်းကားစီးတာ အကောင်းဆုံးပါပဲ။နံနက် ဝေလီဝေလင်းအချိန်ဆိုရင်
ချောက်ရောက်ပါပြီ။ အဲ့ဒီမှာ ဆိုင်ကယ် ကယ်ရီတွေရှိ သလို လိုင်းကားလည်း ရှိတာကြောင့်အဆင်ပြေပါတယ်။
ချောက်မြို့ဆိုတာဟာ နှလုံးသားထဲက ပုဂံလို့ခေါ်ဆိုသော ပုဂံဒေသနဲ့လည်း မဝေးလှတဲ့အတွက် တစ်ဆက်တည်းခရီးအဖြစ် သွားလို့လည်းရပါတယ်။ ဒါ့ကြောင့် အညာဒေသရိုးရာဓလေ့တွေနဲ့ အညာမြေရနံ့လေး တွေကို အပြည့်အဝခံစားကြည့်ပါ။
ရွာမှာ လျှပ်စစ်မီး မရသေးလို့ Power Bank တွေသယ်သွားဖို့လို၊ နေ့ခင်းဆိုရင်တော့ စက်ရုံမှာ အားသွင်းပေးထားလို့ရတယ်တဲ့။
မွန်လေးတို့ကတော့ အချိန်လည်းနေ့တစ်ပိုင်းပဲရတာမို့ နောက်များ အခွင့်အရေးရမယ်ဆိုရင် မန်ကျည်းကန်ကျေးရွာကို သွားဖို့
အစီအစဉ်ရှိပါတယ်။
#ရှင်ပင်စာကြို ဘုရား🙏
စလေမြို့ အပြင်က လက်ပန်ကျွန်းရွာဘက်အထွက် မှာရှိတာပါ။ နာမည်ကျော်တဲ့ ရုပ်စုံကျောင်း ကျော်ရင် တဘက်မှာ စလေ ရဲစခန်း နဲ့ စလေ အထက ကျောင်းကြီးပေါ့ ။ ရဲစခန်းက ကျော်ရင် မြို့ထဲဘက် တောက်လျှောက်မသွားဘဲ ညာဘက်ချိုးရင် ဆေးရုံ
ပြီးရင်တော့ ရှင်ပင်စာကြိုပြန်ဘုရားရောက်ပါတယ်။ ပွဲတော် အချိန်ကလွဲလို့ တကူးတက သွားဖူးကြတာကို သိပ်မတွေ့မိပါတဲ့။ တန်ခိုးကြီးပြီး ဆုတောင်းပြည့်ပါတယ်တဲ့။
#ရခိုင် ဘုရားကြီး (မြောက်ကုန်းဘုရား)🙏
ဆင်ခေါင်းဘုရားကနေ မြို့ထဲဆက်မသွားဘဲ ညာဘက်ချိုးရင် သာသနာ့ရောင်ခြည် ဘုန်းကြီးကျောင်းနဲ့ ပိတ်ထားတဲ့ ဘုန်းကြိေးကျာင်းရှိပါတယ်။အဲ ကနေ ဆက်သွားရင် ဧရာဝတီ မြစ်နဖူးပေါ်မှာ ထည်ထားသော ရခိုင် ဘုရားရောက်ပါတယ်တဲ့ ။ သူကလဲ မံဘုရား နှင့်ဇာတ်လမ်းခပ်ဆင်ဆင် ရခိုင် ကနေ မဟာမြတ်မုနိ ဘုရားကို မန္တလေးသို့ ပင့်ဆောင်မူလာတာ စလေမှာ ရပ်တန့်နေတော်မူ လို့ တည်ထားခဲ့ရပါတယ်တဲ့ ။ ရခိုင်က ပင့်လာလို့ ရခိုင်ဘုရားလို့ အမည်တွင်ပါတယ်။ ကြည်ညိုဖွယ် ကြောင့်ရော နေရာက ဧရာဝတီမြစ်ဘေးမှာ လေအေး တဟူးဟူးကြောင့်ရော နေ့စဉ် သွားရောက် ဖူးသူများပါတယ်။ ဆုတောင်းလဲ အံ့ဩောဘွယ် ပြည့်ပါတယ် တဲ့ ။ စာဖတ်ဖူးလို့သိတာပါ။ မရောက်ခဲ့ရပါ။

#လက်ဆောင်ဝယ်ကြမယ်

စလေက ဇီးသီးထွက်တော့ သဘာဝနည်းပညာတွေသုံးပြီး ဖျော်ရည်အနှစ်လေး ထုတ်တာရှိတယ်။ “Jumjel” တံဆိပ်နဲ့။ အပြန်

လက်ဆောင်ပေးလို့လှတာပေါ့။

အဆုံးထိအားပေးဖတ်ရှုပေးတာကျေးဇူးပါ။😘

 

2 comments

Leave a Reply