Learning English Grammar (30) – ပါမောက္ခမျိုးကျော်မြင့်

kaiAugust 30, 20183min2372

ယခင်လတွေက Simple sentence လေးတွေအကြောင်း အတော်လေးပြည့်ပြည့်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ compound sentence လေးတွေအကြောင်းဖော်ပြလိုပါတယ်။ Simple sentence လေးတွေကိုလူကြိုက်နည်းပါးတယ်။
ဒါပေမဲ့ compound sentence လေးတွေကိုတော့ လူအများစုက နှစ်သက်ကြပါတယ်။ သဘာဝပေါ့နော်။ စုံတွဲလေးတွေကိုလူတိုင်းလိုလို သဘောကျကြပါတယ်။ The whole world loves a lover လိ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။ compound sentence ဆိုတဲ့ အတိုင်း ဝါကျနှစ်ခုကို conjunction လေးတွေသုံးပြီး ဆက်ထားတာကို လူတိုင်းသဘောကျကြတယ်ထင်ပါရဲ့။ compound sentence တိုင်းမှာ FANBOYS လို့ မှတ်ရလွယ်အောင် အမည်ပေးထားတဲ့ conjunction လေးတွေပါရပါတယ်။ compound sentence တိုင်း မှာ အနည်းဆုံးကတ္တားနှစ်ခုနှင့် ကြိယာနှစ်ခု ပါကိုပါ ရပါတယ်။ ဥပမာအားဖြင့် ဖေါ်ပြပါဝါကျလေးနှစ်ခုကို ကြည့်ကြရအောင်။
Bo Bo loves Ma Ma and admires Htew.
Bo Bo loves Ma Ma, and he admires Htew.
ပထမဝါကျမှာ And ပါသော်လည်း ကတ္တားတခုတည်းသာရှိတဲ့အတွက် simple sentence လေးသာဖြစ်ပါတယ်။ ဒုတိယဝါကျမှာတော့ And ပါတဲ့ အပြင် ကတ္တားနှစ်ခု၊ ကြိယာနှစ်ခုပါနေတဲ့အတွက် compound sentence လေးသာအစစ်အမှန်ပါ။ အဓိပ္ပာယ် အားဖြင့်တော့ ဒီဝါကျနှစ်ခုဟာ အတူတူပါဘဲ။ FANBOYS ဆိုတာ For, and, nor, but, or, yet, so တို့ကိုမှတ်ရလွယ်အောင်ခေါ်ဆိုထားတာဖြစ်ပါတယ်။ ဦးစွာပထမ and နှင့် but ကိုသုံးတတ်အောင်လေ့လာကြစို့။ and နှင့် but တို့ဟာ လူကြိုက်များတဲ့ conjunction လေးတွေဖြစ်ပါတယ်။ ဆင်တူတာလေးတွေကို and နှင့်သုံးပြီးဖော်ပြတတ်သလို မတူတာတွေကို but ကိုသုံးပြီးဖေါ်ပြလေ့ရှိပါတယ်။ and ကိုအရင်ကြည့်ကြရအောင်။
Khin Khin likes icecream Hla Hla likes icecream
အထက်ပါဝါကျလေးတွေဟာ အဓိပ္ပယ်ရှင်းသလောက် အရုပ်ဆိုးလှပါတယ်။ လှပတဲ့ခင်ခင်နဲ့၊ ချစ်စရာကောင်းတဲ့ လှလှတို့နှင့် လုံးဝမလိုက်ဖက်တဲ့ ဝါကျနှစ်ခုပေါ့နော်။ ဒီတော့ And ကိုသုံးပြီး
Khin likes ice cream, and Hla Hla does too. လို့၎င်း
Khin Khin likes ice cream, and so does Hla Hla. လို့၎င်း compound sentence လေးအဖြစ်ပြောင်းပြီးသုံးပေးလိုက်တဲ့အခါ ကြည့်လို့ကောင်းသွားပါတယ်။ ဒီနေရာမှာ ရည်းစားကပစ်သွားလို့ဘဲဖြစ်ပါစေ။ ဇနီးသည်မြန်မာပြည်ကိုအပြီးပြန် သွားလို့ဘဲဖြစ်ပါစေ။ စုံတွဲလေးတွေကိုမုန်းတီးနေလို့ and လေးကိုမသုံးချင်ရင် And ကိုဖြုတ်ထားခဲ့လို့ရပါတယ်။
Khin Likes ice cream. So does Hla Hla. စသဖြင့်ရေးလို့ရပါတယ်ဆိုပါစို့။ ဆင်တူတာတော့ဟုတ်တယ်။ ကြိုက်တာခြင်းမတူဘူး။ မကြိုက်တာခြင်းတူနေတယ်ဆိုရင် and ကို neither တို့ either တို့နှင့် တွဲပြီးသုံးရပါတယ်။ ဥပမာ –
Mg Mg doesn’t like Pizza, and neither does his wife.
Mg Mg doesn’t like Pizza, and his wife doesn’t either.
And နှင့် neither ကို၎င်း And နှင့် either တို့၎င်း သုံးလိုသည့် အခါ ဖေါ်ပြပါ structure လေးတွေကို မှတ်ထားဖို့လိုပါတယ်။ be ကြိယာနှင့်သုံးသည့် verb နှင့် အခြားကြိယာများနှင့်သုံးသည် verb မတူတာကို သတိပြုမိပါစေ။
– N1 + verb + object, and so + do / does / did + N2
– N1 + verb + object, and + N2+ do / does / did + too
– N1 + be + adjective, and so + be + N2
– N1 + be + adjective, and N2 + be + too
– N1 + verb + object,and neither + do / does / did +N2
– N1 + verb + object,and + N2 + don’t / doesn’t / didn’t +either
– N1 + be + adjective, and neither + be + N2
– N1 + be + adjective, and + N2 + negative be + either
မတူညီတာလေးတွေဖေါ်ပြတဲ့အခါမှာတော့ but ကိုအသုံးပြုတာများပါတယ်။ but ကိုသုံးရင် ဆန့်ကျင်ဖက်စကားလုံးလေးတွေနဲ့ သုံးတာများပါတယ်။ အသက်ကြီးလာလို့ vocabulary လေးတွေမေ့နေရင်တော့ negative လေးနဲ့သာသုံးလိုက်ပါ။ ဥပမာ –
– Hla Hla is very sweet, but her dad is very mean.
– Hla Hla is attractive, but her sister isn’t.
But နှင့်အဓိပ္ပါယ်ဆင်တဲ့စကားလုံးလေးကတော့ yet ပါဘဲ။ ပထမဝါကျရဲ့ နောက်မှာ မထင်မှတ်တဲ့ ဒုတိယဝါကျလေးပါလာတဲ့ အခါမျိုးမှာ သုံးစွဲလေ့ရှိပါတယ်။ ဥပမာ –
– San San is really pretty, but her daughter is rather plain.
– They have a lot of money, yet they spend very little of it.
So ဆိုတဲ့ conjunction လေးကတော့ အထူးအသုံးဝင်ပါတယ်။ ဒီ so လေးကိုထပ်တလဲလဲပြောနေရုံနဲ့ လူတစ်ယောက်ကို အလုပ်ပြုတ်သွားတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ တကယ်တော့ မလုပ်သင့်ပါဘူ။ လုပ်ဖို့လည်းအားမပေးပါဘူး။ သဘောပြောပြတာပါ။
ဥပမာ – အနေနဲ့ဖေါ်ပြပါ dialog လေးကိုကြည်ပါ။
– Boss: You were nearly an hour late this morning.
– Employee: “so?”
– Boss: You’ve been late almost every day this week.
– Employee: “so?”
– Boss: I’m going to cut your salary in half.
– Employee: “so?”
– Boss: I’ll report you to the CEO.
– Employee: “so?”
ဒီလို တဘက်သားက ဘာလဲပြောပြော၊ so လေးတလုံးဘဲပြန်ပြောနေရင် တဖက်လူကဒေါသထွက်လာပြီး မပြောသင့်တာတွေပြောမိမယ်။ မလုပ်သင့်တာတွေလုပ်မိပြီး ဒုက္ခလှလှရောက်သွားနိုင်ပါတယ်။ ထားပါတော့လေ တကယ်တော့ so ဟာဝါကျနှစ်ခု ကိုဆက်ပေးနိုင်တဲ့ conjunction လေးတစ်ခုဆိုရင် မမှားပါဘူး။ ပထမဝါကျက အကြောင်း ဒုတိယဝါကျက အကျိုးပေါ့နော်။ ဥပမာ –
-He worked hard, so he got a promotion.
-She didn’t study at all, so she failed the exam.
ပထမဝါကျမှာ အလုပ်ကြိုးစားခြင်းက အကြောင်းပေါ့ ရာထူးတိုးသွားခြင်းက အကျိုးကျေးဇူးပေါ့နော်။ အလားတူပါဘဲ ဒုတိယဝါကျမှာ စာမကြိုးစားခြင်းက အကြောင်းပါ။ စာမေးပွဲကျခြင်းက အကျိုးကျေးဇူးပါဘဲ။ or ဆိုတဲ့ conjunction ကိုတော့ရွေးချယ်တဲ့ နေရာမှာ အသုံးများပါတယ်။ ဥပမာ –
-Do you want a cup of coffee, or do you prefer a cup of tea?.
ဒီ Compound sentence လေးကို simple sentence အဖြစ်ပြောင်းလိုလျှင် လွယ်ပါတယ်။ အောက်ပါအတိုင်းပြောင်းပြီး ရေးလိုက်ရုံပါဘဲ။ အခြားဥပမာလေးများ ပြပါဆိုရင် Do you want coffee or tea?
– We can use a simple sentence, or we can employ a compound sentence.
– You can land me a hundred dollars, or you can just give it to me.
စသဖြင့်ရေးလို့ရပါတယ်။ or ပါတဲ့ နာမည်ကြီးဝါကျလေးတစ်ခုကို American Hero တစ်ယောက်ဖြစ်သူ Patrick Henry ဆိုသူက ပြောခဲ့ဘူးပါတယ်။ Give me Liberty, or give me death. ဆိုတဲ့ဒီမှတ်သားဖွယ်ရာ ဝါကျလေးဟာ Democracy ကိုမြတ် နိုးသူတိုင်း ထာဝစဉ်ရင်ခွင်ထဲမှာ သိမ်းဆည်းထားသင့်ပါတယ်။ နောက်လကြမှ အခြားလေးတွေ အကြောင်း ဆက်လက်ဖေါ်ပြပေးပါဦးမယ်။

2 comments

Leave a Reply