မက်ဆေ့ချ်တစ်အုပ် တောခုတ်ရာသီ

ko sixSeptember 2, 20181min3415

=================
ကိုစစ်(Physics)

(1)

ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။
တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။
ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။
မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။
မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။
သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။
ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။
ဘာပဲဖြစ်ဖြစ်
ငါဟာ
လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။

(2)

ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။
ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။
ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ စိုက်ဝင်နေကြောင်း မိုးလေဝသသတင်းထဲ ပါလာတယ်။
မည်းမှောင်နေတဲ့လေတွေကလည်း ငါ့ဘဝကို ဖြူဖတ်ဖြူရော်ဖြစ်အောင် ခပ်စွာစွာ ထိုးစိုက်နေတယ်။
ဒီလို အမှောင်တွေတိုးတက်နေတဲ့ အကာလမှာ သတိရစရာတွေကလည်း အတိတ်ကို လုယက်ဖို့ ဓားထုတ်နေတယ်။
ငါ့ကိုယ်ငါ
အမှောင်ရဲ့ရန်သူတော်အလင်းတစ်စအဖြစ် သတ်မှတ်လိုက်တယ်။
ဒါကပဲ
ကိုယ်ချစ်တဲ့ ကိုယ့်အတ္တကို လက်ခုပ်တီးပြရာကျတော့မှာ မဟုတ်လား။
ကဲ
ငါ့မြင်းကိုငါစိုင်းမယ်။
စစ်ကိုင်းကို လမ်းအဖြစ်အသုံးချလို့ပေါ့။
လိုအပ်လာရင်
ပင်လယ်လို မုန်တိုင်းဆင်မယ်။
လိုအပ်လာရင်
ကမ႓ာလို ခပ်စောင်းစောင်း လည်မယ်။
လိုအပ်လာရင်
မာတီနာဟင်းဂစ်လို နာကျည်းစွာ ရိုက်ချပစ်မယ်။
မလိုအပ်တော့တာ သေချာသွားတဲ့အခါ
စမ်းချောင်းလေးတွေလို ရိုးရိုးသားသား ပြန်အေးမြမယ်။
တကယ့်ကို မလိုအပ်တော့တဲ့အခါ
အညာမြေလို
သင်းသင်းပျပျ ဖုန်ထနေလိုက်မယ်။
ခုတော့……

(3)

ပတ်ဝန်းကျင်ဟာ မီးမလောင်ဘဲနဲ့တောင် သားကောင်တွေ ဖိနင်းနေတာက အရိုးပေါ်အရေတင်နေသလိုမျိုး။
တစ်နေ့ထက်တစ်နေ့ ကြည့်မရတော့ဘူး။
တစ်နေ့ထက်တစ်နေ့ မီးခိုးတွေအူထနေပြီ။
ဒါဟာ
လူသူလေးပါးကို ကူးဆက်စေနိုင်တဲ့ ဗီဇတွေလား။
အနောက်အရပ်မှာလည်း မြေပုံက ပဲ့နေပြီ။
အရှေ့အရပ်မှာလည်း မြေပုံကို ဖဲ့နေပြီ။
မြောက်အရပ်မှာလည်း မြေပုံက နဲ့နေပြီ။
တောင်အရပ်မှာလည်း သင်္ဘောတစ်စင်းက ပိုင်ရှင်မဲ့နေပြီ။
ခေတ်မီမြို့ပြတွေဟာ
အသက်တွေကို မလုံမခြုံဝတ်ဆင်လာပုံက
အသက်တစ်ရာမသေချာ အမှုတစ်ရာက ရာနှုန်းပြည့် ရွာသွန်း။

(4)

ခုတလော ဖတ်မိတဲ့လွမ်းချင်းတွေက
ခွေးပြေးဝက်ပြေးသေကြတဲ့ ၁၉၄၂ လိုလို။
မန္တလေးမှာပေါက်ခဲ့တဲ့ ရေမြှုပ်ဗုံးလိုလို။
ချောက်မြို့က သခင်ဖိုးလှကြီးလိုလို။
နိုင်းအလဲဗင်းလိုလို။
ဒါနဲ့ပဲ
တရားကိုအသာချ
ဓားမကို ကပျာကယာမ,လို့။
အတွေးထဲမှာ
လေတိုက်နှုန်းဘယ်လောက်ဆိုတာ တွက်ချက်နေတယ်။
ကီလိုမီတာဘယ်လောက်ဝေးလဲ တိုင်းတာနေတယ်။
အခြေအနေက
တောခုတ်ဓားကို ချိန်ဆနေမှ လက်ဦးနိုင်မှာ မဟုတ်လား။

(5)

ဟေ့
မင်းရပ်နေတဲ့နေရာက
ဆက်သွယ်ရေးဧရိယာမဟုတ်ရင် ပြီးရော။
ငါ့ပို့တဲ့ မက်ဆေ့ချ် ဖတ်ပြီးရင် အင်တာနက်ပိတ်လို့ ရပါပြီ သူငယ်ချင်း။

ကိုစစ်(Phys)

5 comments

  • Thint Aye Yeik

    September 5, 2018 at 11:53 am

    အင်တာနက် ပိတ်ပြီးတာတောင်
    ဆရာစစ် ပေးတဲ့ မက်ဆေ့ချ်နောက်မှာ…
    အတွေးတွေက တောက်လျှောက် ဆက်နေတုန်း…

    ဒါနဲ့…
    ဒို့ဆရာစစ်က…
    ဒီစာသားတွေနဲ့
    တာရာမင်းဝေကို သတိရအောင် လုပ်လိုက်ပြီ။

  • Shar Thet Man

    September 5, 2018 at 5:12 pm

    တင်စားထားတဲ့အသုံးအနှုန်းကို ကြိုက်တယ်

  • kotun winlatt

    September 8, 2018 at 10:42 am

    ​ဟေး ကိုစစ်​… လမ်​းအကျယ်​ ​ပေတစ်​ရာမ​စေ့ရင်​…
    ​နောက်​ဆုတ်​ဖို့ ပြင်​ထား

    ငှယ်​….

  • ခေတ်မီမြို့ပြတွေဟာ
    အသက်တွေကို မလုံမခြုံဝတ်ဆင်လာပုံက
    အသက်တစ်ရာမသေချာ အမှုတစ်ရာက ရာနှုန်းပြည့် ရွာသွန်း။…အမှန်ပဲခေတ်ကိုထင်ဟတ်ပါပေရဲ့ဗျာ

  • manawphyulay

    November 29, 2018 at 11:27 am

    ခေတ်ထဲမှာ စနစ်ကို အချိုးကျကျရောနှောထည့်ထားရင် ပိုပြီး သက်င်လှုပ်ရှားမိမယ်ထင်ပါတယ်။

Leave a Reply