ဂိုးပေါ်ကြိုက်လို့ လောင်းထားပါတယ်

ko sixSeptember 12, 20181min20414

±±±±±±±±±±±±±±±±±±±±±
သမိုင်းထဲမှာ
ခဲချွန်စက်က မဲဆွယ်တာဖတ်ခဲ့ဖူးတယ်။
မျှော်လင့်ချက်တွေ ပီပီသသဖတ်ရဖို့
စိတ်ရောကိုယ်ပါ မဲသည်းနေအောင် အသက်ရှင်နေတာ။
ခဲတံကလည်း ညည်းတွားပြောတာ သိခဲ့ရတယ်
အဖြူအမည်းသိဖို့ ရင်ကိုခွဲပြနေလည်း
ခြေနဲ့ပွတ်ရင်တောင်ပျက်တဲ့
မျဉ်းဖြောင့်စာလုံးတွေပဲ ထွက်ကျလာမှာ။
ခုလောလောလတ်လတ် သမိုင်းကို ဖတ်လိုက်တော့
လက်ညှိုးက ပြောတယ်
သေနတ်တစ်လက်အတွက် ငါက အူမ မတောင့်သေးဘူး။
လက်သန်းက ပြောတယ်
ပြည်သူအတွက် မျက်နှာတစ်ပြင်လုံး အိုးမဲသုတ်ဖို့
အပြင်ဘက်မှာ ရပ်နေတာမှ မဟုတ်တာ။
ကဲ
ပဲလှော်ကြားက မင်းတို့သုံးချောင်း
သူခိုးမဟုတ်ကြောင်း
ထောက်ခံရုံလောက်ပဲလားလို့ ဝိုင်းပြောကြတော့
မဟုတ်ပါဘူး။
ငါ့တို့က ခြံစည်းရိုးနားက ကပ်ကြည့်နေတာပါ။
အစိမ်းသင်းက ဂိုးသွင်းလည်း လက်ခုတ်တီးမှာပါ။
အနီသင်းက ဂိုးသွင်းရင်လည်း ထခုန်ကြမှာပါ။
ဒီနှစ်မှ တန်းတက်လာကြတဲ့
အပြာသင်းတွေ၊ အဝါသင်းတွေ
ဂိုးသွင်းပြလည်း ပျော်နေမှာပါ။
ရှင်းရှင်းပြောရရင်
တိုင်းပြည် ဂိုးပေါ်မယ်ဆို
အသင်းစွဲ မထားပါဘူး။
တကယ်ပဲ တိုင်းပြည် ဂိုးများများပေါ်မယ်ဆိုရင်
လုံးဝအသင်းစွဲ မထားထားပါဘူး။
သူများအပြောနဲ့လည်း ဂိုးအရေအတွက် မမှတ်ပါဘူး။
ကိုယ်တိုင်ပဲ LIVE ကြည့်ပြီးလောင်းနေတာပါ။
ဘယ်အသင်းကညံ့တယ်
ဘယ်အသင်းက ကောင်းတယ်
ဘယ်အသင်းက ယုတ်မာတယ်
ဘယ်အသင်းက ဖိုင်းယားပလေးတယ်
ဘယ်အသင်းက ညီညွတ်တယ်
ဘယ်အသင်းက တင်းဝပ်မရှိဘူး
လာလာ ထောက်ပြမနေပါနဲ့။
ကြည့်နေတဲ့ငါတို့က ထင်သလောက် အမနေပါဘူး။
ဒါကိုမှ
သောက်မြင်ကပ် နိုင်ငံရေးပုဒ်မနဲ့ဖမ်းဆိုလည်း
လက်နှစ်စ်ဖက်လုံး ဖြတ်ပစ်လိုက်မယ်။
နောက်ဆုံး
မျက်စိတစ်ဖက်တည်း ကြည့်နေတဲ့ လူတွေရဲ့သမိုင်းမှာ
မျက်စိနှစ်ဖက်စလုံးဖောက်ထုတ်ပြီး
စိတ်ရောကိုယ်ပါ ကန်းနေလိုက်မယ်။

ကိုစစ်

4 comments

  • Shar Thet Man

    September 12, 2018 at 4:11 pm

    Wow…လန်ထွက်

    • ko six

      September 22, 2018 at 12:48 am

      ကြားကား

  • Thint Aye Yeik

    September 20, 2018 at 2:18 pm

    အစိမ်းအသင်းကတော့
    တိုင်းပြည် ဂိုးပေါ်တာ မပေါ်တာ မသိ
    သယံဇာတတွေ ပေါ်သမျှှတော့ ဖော်ပြီး
    ကိုယ်ကျိုး ပေါ်အောင် ဖော်စားသွားတာမို့
    အဲ့အစိမ်းသင်းကြီး
    နောက်တစ်ခါ ကွင်းနားတောင်
    လာအကပ်မခံချင်တော့အောင်
    မုန်းမိတယ်ဗျို့
    😆

    • ko six

      September 22, 2018 at 12:46 am

      ဒီက နောက်တာကို

Leave a Reply