#မောင်ရိုးနှင့် ပရီမီယံဖားပြုတ်ဝီစကီ ~~
.
.
.
အစစ အရာရာဈေးကောင်းနေသောခေတ်တွင် မောင်ရိုးတစ်ယောက်အလုပ်များစွာပြောင်းလဲလုပ်ကိုင်နေရသည် ။
တစ်ခုမကောင်း တစ်ခုပြောင်းရင်းဖြင့် သတင်းထူးသတင်းဦးများကိုနားစွင့်နေရသည်မှာလည်းလက်မလည် . . .
ယခုလည်း ထူးထူးဆန်းဆန်းအလုပ်များမောင်ရိုးလုပ်နေပြန်လေပြီ . . .

” ဖားပြုတ် အရှင်လတ်လတ်များဈေးကောင်းပေးဝယ်သည် “

အထက်ပါကြော်ငြာအား သတင်းစာပေါင်းစုံ၊ ဂျာနယ်ပေါင်းစုံနှင့် အွန်လိုင်းတခွင်ပြဲပြဲစင်အောင်ထည့်သွင်းရုံမက လူကိုယ်တိုင်ပင် အရပ်တကာလှည့်၍ ဝယ်ယူနေပြန်သေးသည် ။
ညနေစောင်း မမှောင့် တမှောင်တွင် ဆင်ခြေပုံးရပ်ကွက်များအတွင်း ဖားပြုတ်အရှင်များလိုက်လံဝယ်ယူနေသော မောင်ရိုး၏ အဝယ်တော်များကိုတွေ့ကြရပေလိမ့်မည် ။

မဟုတ်မှလွဲရော . . . မောင်ရိုးတစ်ယောက်တော့ ထမင်းဆိုင်ဖွင့်နေပြီထင့် ! . . .
မဖြစ်နိုင်ပါ . . .
ဖါးပြုတ်သည် ချက်စားလေ့ရှိသော ဖါးအမျိုးအနွယ်မဟုတ် . . .

ဤသို့ဆိုလျှင် . . .
တိုင်းရင်းဆေးဝါးအဖြစ်ဖေါ်စပ်ဖို့ များစုဆောင်းနေလေလား ????
ဒါလည်း မဖြစ်နိုင်ပါ ။
မောင်ရိုးသည် ကျန်းမာရေးနှင့်ဆေးဝါးဗဟုသုတ မယ်မယ်ရရမရှိ ။
မကြာသေးမီကာလအတွင်းကပင် ဗိုက်နာနေသူအား ပရုပ်ဆီဖျော်တိုက်ရန်လုပ်နေသဖြင့် အပြေးအလွှား ဟန့်တားလိုက်ရသေးသည်မဟုတ်လော . . . .

မောင်ရိုးတစ်ယောက် အတွင်းကျိတ်တော့ ကြံနေလေပြီ ။
ဦးဖက်တီးသည် မောင်ရိုးလုပ်ကိုင်နေသမျှကိုကြည့်ရင်း နားမလည်စွားဖြင့် မေးလေတော့သည် . . .

” ဟရောင် မောင်ရိုးးးး . . . မင့်တအိမ်လုံးမှာလည်း ဖါးပြုတ်တွေ တအွတ်အွတ်နဲ့ရွံစရာကြီးကွာ ဘာတွေမဟုတ်တာလုပ်ဖို့ ကျိတ်ကြံနေတာလဲ “

မောင်ရိုးမှာ ဖါးပြုတ်များကို အစာကျွေးရင်း ဦးဖက်တီးအားမျက်ခုံးတဖက်မြှင့်၍ကြည့်လျှက်

” မသိအသာနေစမ်းပါဗျာ . . . ဒါလေးတွေဟာ ကျုပ်အတွက် ရွှေတွင်း ငွေတွင်း ပရင်းဒုတ္ထာ ဗျ ဟဲဟဲ . . “

” နေစမ်းပါဦး မောင်ရင်ရိုးရဲ့ . . ကျုပ်ကို နဲနဲအလင်းပြပါဦး . . “

မောင်ရိုးသည် ဖါးပြုတ်အရှင်တစ်ကောင်ကို လက်ဖြင့်ဆုတ်ကိုင်ရင်း နဖူးထိတ်မှချွေးစများကိုလက်ခုံဖြင့်သုပ်လျှက် . ,

” ဒီမှာ ဦးလေးဖက်တီးးး . . ကျုပ်လုပ်သလို လိုက်မလုပ်ဘူးလို့ ကတိပေးရင် ကျုပ်ဘာတွေလုပ်နေတယ်ဆိုတာပြောပြမယ်ဗျာ . . ဘယ်လိုလဲ ? “

ဦးဖက်တီးမှာ ယက်ကန်ယက်ကန်ဖြစ်နေသောမောင်ရိုး၏လက်အတွင်းမှဖါးပြုတ်ကိုကြည့်ရင်းးးး

” အောင်မလေး လေးးး . . . ကတိအမြှောက် တစ်သိန်းပေးတယ်ဟေ့ ! မင့် ဖါးပြုတ်တွေရွံလွန်းလို့ . . . “

” ဟားဟား ဒီမှာဦးဖက် . . . ကျုပ်တို့လို သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်ကြီးမှာလူဖြစ်လာတဲ့သူတွေအတွက် ဟောဒီက မောင်မင်းကြီးသားဖါးပြုတ်တွေဟာလည်း လုပ်တတ်ရင်ရွှေဖြစ်သဗျ ဟဲဟဲ . . “

” ဘာလဲကွ ! မင့်ဖါးပြုတ်တွေကို လုံထဲထည့်ပြီးဖိုထိုးရင် ရွှေဖြစ်တာလား . . ကဗျာလွတ်တွေမရူးစမ်းပါနဲ့မောင်ရိုးရာ . . . ပိုင်ရှင်မဲ့တွေခေတ်စားနေရတဲ့အထဲ . . .ပိုင်ရှင်မဲ့ဖါးပြုတ်အရူးတစ်ယောက်ပိုတိုးလာလို့ ခက်ကုန်ပါ့မယ် . . ဖွတ် ! “

မောင်ရိုးသည် မျက်နှာရှုံ့၍ပြောနေသော ဦးဖက်တီးအား သနားစဖွယ်အကြည့်လေးဖြင့်ကြည့်ရင်းးးး

” သြော် . . . ဦးဖက် . . ဦးဖက် . . ပိန်းဥတွေအတော်စားခဲ့တယ်ထင်ပါ့ဗျာ . . .
ဒီမှာ ကျုပ်သေသေခြာခြာရှင်းပြမယ် နားထောင်ဗျို့ . . . .
.
.
.
ဒီလိုဗျ . . . အခုတလောသတင်းတွေမှာ နိုင်ငံရပ်ခြားကလာတဲ့ အရက်တွေကို အရက်ဘီယာလိုင်စင်ယူထားတဲ့ စားသောက်ဆိုင်တွေမှအပ အခြား လိုင်စင်ယူရောင်းတဲ့စတိုးဆိုင်တို့ ဖျော်ရည်ဆိုင်တို့ အရက်မျိုးစုံအရောင်းဆိုင်တို့မှာ ရောင်းခွင်မပြုတော့တာ ကြားမိတယ် ဟုတ် ? “

” သိတယ်လေ . . . အဲ့ဒါနဲ့ မင့်ဖါးပြုတ်က ဘာဆိုင်လို့လဲ .,? “

” ဟားးးး ဆိုင်တာပေါ့ဗျာ . .
နိုင်ငံခြားအရက်တွေကို စားသောက်ဆိုင်မှတပါး အခြားမှာရောင်းချခွင့်မပြုဘူးဆိုရင် ပြည်တွင်းဖြစ်အရက်တွေပိုပြီး ရောင်းကောင်းလာနိုင်တာပေါ့ ဟုတ်စ . .
ပြည်တွင်းဖြစ်တွေမှာလည်း ဘာဝီစကီ ညာဝီစကီ ဆိုပြီးအရက်တွေမျိုးစုံရှိနေတာဆိုတော့ ဈေးကွက်မှာ အသစ်ဝင်တိုးမယ့်သူအဖို့ ထူးခြားဖို့လိုတယ်လေဗျာ . . . ဒါကြောင့် ကျုပ်က ထူးထူးခြားခြားလေးဖြစ်သွားအောင်လို့ ဘီအီးအရက်ဖြူကို သကြားလှော်ပြီးအရောင်ဆိုးးးးး . . .
သံပရာနံ့ လိမ္မော်နံ့ စတော်ဘယ်ရီနံ့ သစ်ခွနံ့တွေထည့် . . ပြီးတော့မှ . . အဲ့ဒီအရက်အိုးတွေထဲကို ဖါးပြုတ်အရှင်လတ်လတ်တွေကို အဝတ်ပါးပါးနဲ့ထုပ်ပိုးပြီးစိမ်ထားလိုက် . . .
ဖါးပြုတ်က သူ့ကိုအရက်နဲ့အရှင်လတ်လတ်စိမ်တဲ့အခါ စိတ်တိုပြီး သူ့ခန္ဓာကိုယ်ကနေ အဆိပ်ဂရင်းတွေကို ထုတ်လိမ့်မယ် . . .
ဒီတော့မှ မူရင်းဘီအီးထက်ပိုပြီး ပြင်းတဲ့ ပရီမီယံ ဖါးပြုတ်ဝီစကီကို ရပြီပေါ့ဗျာ . . . ဟားးဟား ဟားးးဟားးးး
မီလျံဘစ်ဇစ်နက် !
ဘီလျံ ဘစ်ဇစ်နက် !!
ထရီဘီလျံ ဘစ်ဇစ်နက် !!!!

ဟက် ဟက် ဟက် ဟက် :D

 

လေးစားလျှက်

မောင်ရိုး

About မောင်ရိုး

surmi has written 112 post in this Website..