ယခုလမှာ နည်းနည်းထူးခြားပြီး လူသိနည်းတဲ့ Structure လေးတစ်ခုအကြောင်းပြောပြလိုပါတယ်။ conditionals တို့ adjective clause တို့ကို လူသိများပေမယ့် ယခုဖော်ပြမယ့် structure လေးကို သိသူ၊ သုံးတတ်သူနည်းပါတယ်။ ဒါပေမဲ့ တော်တော်လေးအသုံးဝင်တဲ့ structure လေးပါ။ ဒီ structure လေးကို make, have , get ဆိုတဲ့ ကြိယာ လေးတွေနဲ့ သုံးရပါတယ်။ ရှင်းအောင်ပြောရရင် တစ်စုံတယောက်က မလုပ်ချင်တဲ့ မလုပ်လိုတဲ့ကိစ္စ တခုခုကို နောက်တစ်ယောက်က အတင်းအင်အားသုံးပြီး power ပြပြီး သို့မဟုတ် ချော့မော့ပြီး လုပ်ခိုင်းတဲ့ အခါမျိုးမှာ သုံးနိုင်ပါတယ်။ ဆိုပါစို့ ကလေးက ကျောင်းကပြန်လာပြီး video game ပဲ ဆော့နေတယ်။ အိမ်စာလုပ်ဖို့ သတိမေ့နေတယ်ဆိုရင် မိဘရဲ့ တာဝန်က လုပ်ခိုင်းဖို့ပါ ပဲ။ ဒီအခါမျိုးမှာ ဒီ structure က အသုံးဝင်ပါတယ်။
ဥပမာ – Mom had Zaw Zaw do his homework. အဲဒီနေရာမှာ Have ရဲ့ past form ကို သုံးထားအတွက် ခိုင်းရုံသက်သက်လောက်ပါပဲ။ ဆူတာ ပူတာတွေ မပါပါဘူး။
Mom made Zaw Zaw do his homework ဆိုရင်တော့ ဆူပူကြိမ်းမောင်းပြီး ခိုင်းတဲ့သဘောကို ဆောင်ပါတယ်။ အထက်ပါဝါကျနှစ်မျိုးစလုံးမှာ Have, make တို့ကို သင့်တော်သလို ပြောင်းပြီး ကြိုက်နှစ်သက်တဲ့ Tense နဲ့ ရေးလို့ ပြော လို့ရပါတယ်။ simple present ပဲ ဖြစ်ဖြစ် simple past ပဲ ဖြစ်ဖြစ် present perfect ပဲ ဖြစ်ဖြစ် နှစ်သက်သလို ပြောင်းပြီး သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒုတိယကြိယာလေးကတော့ အမြဲတန်း Base form လို့ခေါ်တဲ့ ပကတိကြိယာ တနည်းအားဖြင့် -s တို့ -ed တို့ -ing တို့ မပါတဲ့ ကြိယာသာ ဖြစ်ရမှာပါ။ ဖော်ပြပါ structure လေးကို လေ့လာထားပါ။ မှတ်သားထားပါ။
N1 + Make / Have + N2 + base form
ဥပမာပြရရင် – Father had Mg Mg go to school regularly.
အဖေက မောင်မောင်တို့ ကျောင်းမှန်မှန်သွားခိုင်းတယ်ပေါ့။ ကျောင်းမပြေးရဘူးပေါ့။ အလားတူပါဘဲ
Mother made Hla Hla cook dinner for the whole family. ဆိုတဲ့ ဝါကျမှာ အမေက လှလှကို တစ်မိသားစုလုံးအတွက် ညစာချက်ခိုင်းတယ်ပေါ့။ မောင်မောင်တို့ လှလှတို့က သိပ်မလုပ်ချင်လှသော်လည်း လူကြီးတွေကို ကြောက်လို့ ကျောင်းသွားရတယ်။ ညစာချက်ရတယ် ဆိုတဲ့ သဘောပါဘဲ။ အချို့လူတွေက Base form ကို မကြိုက်လှဘူး။ မသုံးချင်ဘူးတဲ့။ ဒီလိုလူတွေကို have နဲ့ make ကိုရှောင်ပြီး get ကို သုံးတတ်အောင် ဆောင်ထားဖို့ မှာလိုပါတယ်။ get သည် လည်း ဖော်ပြပြီး ဝါကျလေးတွေနဲ့ အဓိပ္ပါယ်ဆင်ပါတယ်။ ဒါပေမဲ့ get ကို base form နဲ့ မသုံးရပါ။ infinitive နဲ့သာ သုံးရပါတယ်။
ဥပမာ – She got her father to quit smoking. Sarah got her husband to buy her a big diamond ring. The nanny always gets the child to stop crying by giving her candy.
ခိုင်းတာခြင်းအတူတူ Get က ချော့မော့ပြီး ခိုင်းတဲ့သဘောပါ။ ဆူပူပြီးခိုင်းတာမျိုး၊ power ပြပြီး ခိုင်းတာမျိုးမဟုတ်ပါ။ ဒီ get နဲ့ သုံးတဲ့ structure လေးကို အမျိုးသမီးတွေ ကောင်းကောင်းသုံးတတ်ပါတယ်။ ပုရိသ တွေ ကျောချမ်းစရာပေါ့။ ကြောက် စရာလည်း အတော်ကောင်းပါတယ်။ သူငယ်ချင်းတယောက်က ပြောပြဖူးပါတယ်။ ရုံးကပင်ပင်ပန်းပန်း အိမ်ပြန်ရောက် – ဇနီးက ကျားဟိန်းသလို- ဟဲ့ သေချင်းဆိုး – နင်ဘာလို့ နောက်ကျနေတာလည်း ဆို- ခပ်အေးအေးဘဲ ပြန်ဖြေလိုက်ရုံပဲ။ ရင်တုန်သွားတယ်၊ နှလုံးခုန်သံမြန်သွားတယ် မရှိဘူးတဲ့။ ဒါပေမဲ့ ဇနီးက ပျားရည်လို သံချိုလေးနဲ့ “ကိုကိုရေ – မျှော်လိုက်ရတာကွယ်” ဆိုရင်တော့ ခေါင်းနပမ်းကြိမ်းပြီး ဘုရားတောင်တမိတယ်ဆိုပဲ ။ ဒါပေါ့ မရှိမဲ့ ရှိမဲ့စုထားတဲ့ ပိုက်ဆံလေးတွေ ကုန်ဖို့ သာ ပြင်ပေတော့လေ။ အခြားဥပမာလေးတွေ ကြည့်ကြရအောင်
– She got him to buy her a new car.
– Sally got Jimmy to give up his dream of becoming an artist and join the military.
– His wife will get him to pawn his watch and buy her a gold bracelet.
ဒီလောက်ဆို Get လေးကို သုံးပုံ သုံးနည်း နားလည်သွားလောက်ပါပြီ။ make ကို have တို့နှင့် structure အားဖြင့် တူသော်လည်း အဓိပ္ပါယ်ကွဲပြားတဲ့ ကြိယာလေးက let ဆိုတဲ့ ကြိယာလေးပါ။ သူ့ရဲ့အဓိပ္ပါယ်ကတော့ခွင့်ပေးတဲ့ သဘော – ခွင့်ပြုတဲ့ သဘောပါ။ ဆိုပါစို့ ၊ မြန်မာထုံးတမ်း အစဉ်အလာအရ သမီးနဲ့ အိမ်ထောင်ပြုချင်ရင် မိဘကိုခွင့်တောင်းရမယ်။ မိဘကလည်း ခွင့်ပြုတယ်ဆိုရင် ဒီလိုရေးလို့ရပါတယ်။
The girl’s parents will let him marry their beautiful daughter. မေးခွန်းအနေနဲ့လည်း ဒီ structure ကို သုံးလို့ရပါတယ်။ ဥပမာ – will you let me use your car? Statement လေးတွေ ပြပါအုံးဆိုရင် She always lets us play in her backyard. The boss let the employees go home early last night. စသဖြင့် ရေးလို့ပြောလို့ ရပါတယ်။ မှတ်သားထားရမယ့် Structure လေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
N1 + let + N2 + base form
နောက်ဆုံးဖော်ပြလိုတဲ့ ကြိယာလေးကတော့ help ဖြစ်ပါတယ်။ ဒီကြိယာလေးရဲ့ ထူးခြားချက်က base form နဲ့ ရော infinitive နဲ့ပါ နှစ်သက်သလို သုံးစွဲနိုင်ပါတယ်။
ဥပမာ – Mg Mg helped me do my homework . Mg Mg helped me to do my homework.
ဒီဝါကျ နှစ်ခုစလုံးမှန်ပါတယ်။ Base form နဲ့ ဘဲ သုံးသုံး infinitive နဲ့ဘဲ သုံးသုံး အဓိပ္ပါယ်က အတူတူပါ။ အကောင်းဆုံးကတော့ တစ်မျိုးကိုဘဲ လက်ကိုင်ထားပြီး သုံးနိုင်ရင် ကောင်းပါတယ်။ ဥပမာ လေးတွေကြည့်ကြရအောင်။
Jerry helped me paint my garage. Jerry helped me to paint my garage. George helped me move into my new home in Saratoga. George helped me to move into my new home in Saratoga.
ကဲ ဒီဖော်ပြပါ ကြိယာလေး (၅)ခု – have, make, get, let, help တို့ကို Base form နဲ့ဖြစ်စေ infinitive နဲ့ဖြစ်စေ မှန်ကန်စွာ သုံးစွဲတတ်အောင် လေ့ကျင့်ထားကြပါ။ နောက်လမှာ ဒီ structure လေးကို passive ပြောင်းပြီး ဘယ်လိုသုံးစွဲနိုင်မယ် ဆိုတာ ကို ဖော်ပြပေးပါမယ်။ ဒီလအတွက်တော့ နားကြပါစို့။

kai

About kai

Kai has written 939 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.