ဤဒွန္နယာကြီးတွင် လူသားသည် မြေကမ္ဘာကို ပိုင်တော်မူ၏။ အစိုးလည်းရသည်။ မိမိအလိုရှိရာ ရွေ့ပြောင်းအခြေချနိုင်သည်။ လူသားမူလအခွင့်အရေးဖြစ်ကာကုလသမဂ္ဂက ပြဌာန်းထားသော လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်၁၄တွင် ဤသို့ဆိုထားသည်။
Article 14. (1) Everyone has the right to seek and to enjoy in other countries asylum from persecution. သို့သော် IOM စစ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ ၃.၃%( ၂၄၄သန်း)သည် မိမိမွေးဖွားကြီးပြင်းရာ ဇာတိမြေတွင် မနေနိုင်တော့သူ ဖြစ်ပါသည်။

“ဥတုရာသီ ပြေးကြသည်”
ယခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်တောင်၊မြောက် ၂ပိုင်းလုံး တော/တောင်မီးပေါင်း ၇၅၇၉ကြိမ်လောင်ကျွမ်းမှု၌ နိုဝင်ဘာလ၏ Campနှင့် Woolsey တောမီးတွင် လူ၈၅ယောက်သေ၍ အိမ်ခြေအဆောက်အဦ ၂၀၅၆၈လုံးပျက်စီးခဲ့သည်။ အချိန်ကိုက်လျှက် သမ္မတထရမ့်အုပ်ချုပ်ရေးမှ စာမျက်နှာ ၁၆၅၆ ရှိ ကမ္ဘာရာသီပြောင်းရေးရာအစီရင်ခံစာထွက်လာလေသည်။
ထိုအစီအရင်ခံစာအရ ကမ္ဘာ့ရာသီပြောင်းလဲနေမှုသည် လူထုအုံကြွမှု၊ တော်လှန်ရေး၊ စစ်ပွဲ နှင့် လူသားတို့ဌာနေစွန့်ခွာရွေ့ပြောင်းမှုများကြီးစွာဖြစ်စေနိုင်သည်ဆိုပါသည်။ ထိုဖြစ်ရပ်တို့ကြောင့် အမေရိကပြည်၏စီးပွားရေးကိုထိခိုက်ကာ ဒေါ်လာဘီလီယံ ရာပေါင်းများစွာဆုံးရှုံးစေနိုင်သည်လည်း တွက်ချက်ထားသည်။ သက္ကရာဇ် ၂၁၀၀တွင် ပင်လယ်ရေပြင်၆ပေမြင့်တက်ကာ အမေရိကန် ၁၃သန်းလည်း မူလနေရာများမှ ရွေ့ပြောင်းထွက်ပြေးကြရမည်။ ထောက်ပို့အချက်အလက်အဖြစ် အမေရိကပြည်တွင် မဖြစ်ဖူးသေးသော မုန်တိုင်းကြီးများ နှင့်အတူ လူသိန်းချီရွေ့ပြောင်းနေရ၍ ဒေါ်လာဘီလီယံရာပေါင်းများစွာလည်း ကုန်ကျပြုန်းတီးနေပါသည်။ ၂၀၁၇သြဂုတ်လ၏ ဟာရီကိန်းဟာဗီနှင့် စက်တင်ဘာ၏ ဟာရီကိန်းမာရီယာတို့သည်လည်း ထင်ရှားသောပြချက်ဖြစ်သည်။ မည်သို့ဆိုစေ…. ကမ္ဘာရာသီပြောင်းထိမ်းချုပ်မှု သဘောတူညီချက် Accord de Paris မှ ၂၀၁၇ကနှုတ်ထွက်ထားသော သမ္မတထရမ့်ကမူ လွယ်စွာပင်ဖြေလိုက်ပါ၏။ “I don’t believe it.”

မဝေးသော သမိုင်းလှမ်းကြည့်လျှင် ဥတုရာသီဆိုးရွားမှုကြောင့် ကပ်ဆိုက်ခဲ့သည်တို့ အစီအရီ ပေါ်လာပါလိ့မ်မည်။ ၂၀၁၀ တွင် အရှေ့ဥရောပနှင့် မြောက်အာဖရိက၌ ပူပြင်းခြောက်သွေ့မှုကြောင့် ဂျုံဈေးထိုးတက်ကာ အီဂျစ်၊ ဆီးရီယားနိုင်ငံတို့တွင် လူသန်းချီငတ်မွတ်ခေါင်းပါးကြရသည်။ ထို့နောက် အာရပ်စပရင်း ရုံးကန်အုံကြွမှုဖြစ်ကာ ထိုဒေသတိုင်းပြည်များ အတုံးအရုံး ကျဆုံးကြပါလေသည်။ ၂၀၁၅တနှစ်ထဲတွင်ပင် လူပေါင်း ၁၀၁၅၀၇၈ ယောက် ဥရောပနိုင်ငံများသို့ ထွက်ပြေးအခြေချရောက်ရှိခဲ့ကြပြီးတည်း။
၂၀၁၃ ဖိလစ်ဖိုင် တိုင်ဖုန်းဟိုင်ယန်ကြောင့်လူ၎သန်းအိုးအိမ်မဲ့ခြင်း။ ဆာဟာရသဲကန္တရနယ်၏တောင်ဖက်အာဖရိကတိုက်ကြီး မိုးခေါင်ရေရှားနှစ်ရှည်ဖြစ်နေခြင်းနှင့် ဂျပန်နိုင်ငံသို့ သမိုင်းမရှိဖူးသေးသည့် တိုင်ဖုန်းကြီးများဆင့်ဆက်ဝင်နေခြင်းတို့ဖြစ်သည်။

ထိုရွေ့ပြောင်းမှုကြီးတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အကြီးဆုံးရွေ့ပြောင်းမှုကြီးများဖြစ်ကြ၏။ ထိုသန်းချီရွေ့ပြောင်းလာသူများကို အလုပ်အကိုင်၊ငွေကြေး၊ အိမ်ယာထောက်ပံ့ပေးကမ်းကြရကား ခိုလှုံခွင့်ပေးနိုင်ငံတို့မှာ ထောင်းထောင်းကြေကုန်သည်။ သို့ဖြင့် မိမိတို့မူလမြေကို ကာကွယ်ရန် အမျိုးသားရေးစိတ်ဓာတ်နှင့် အစွန်းရောက်ပြ ထကြရသည်။ ထိုလက်ယာစွန်းယိမ်းခြင်းသည် နိုင်ငံရေးစနစ်ကို သွားရောက်ရိုက်ခတ်ကာ Nationalism သမားတို့ နိုင်ငံရေးခေါင်းဆောင်မှသည် အစိုးရတက်ဖြစ်ကုန်ကြသည်အထိ ပြောင်းလဲကုန်သည်။ အမေရိကားတွင် မိမိကိုယ် Nationalistဟု ဖွင့်ဟပြောသော MAGA သမ္မတထရမ့်တက်လာခြင်းသည် ထိုသဘောတရားဖြစ်ပါ၏။

I’m a nationalist. – Trump
အမေရိကား၏ Nationalism ဟူသည် လူမျိုးနိုင်ငံစုံမှ လူများဖြင့် ဖွဲ့စည်းထားသော တိုင်းပြည်ဖြစ်ရကား လူထုနှင့် လူမျိုး/နိုင်ငံသားကိုအခြေမခံ၊ နိုင်ငံတော်ကို အခြေခံသည်။ ထို့ကြောင့် America First ဖြစ်သည်။ American First မဟုတ်။

Nationalism သည် နိုင်ငံတော်ကိုဦးထိပ်ထားသည်။ နိုင်ငံနှင့်လူမျိုး/နိုင်ငံသားကို လေးလုံးမကွဲသော မြန်မာတို့”အမျိုးသားရေး”ဟုဘာသာပြန်သည်မှာ မှားသည်။ အမိနိုင်ငံတော်ရေးဖြစ်လေသည်။

“စမူဆာ မြန်မာပဋိပက္ခ”
၂၀၀၈ မေလ နာဂစ်မုန်တိုင်းသည် လူ ၁သိန်းခွဲမျှသေကြေပျက်စီးစေခဲ့သည်။ သေကြေပြီး ပြီးသွားသည်ကားမဟုတ်။ မြို့သုဉ်း၊ရွာသုဉ်းတို့တွင်ကျန်ရစ်သူတို့သည် ဇာတိကိုစွန့်ကာ ရန်ကုန်၊မန္တလေးမြို့ကြီးများသို့အခြေချသည်။ ပိုစွမ်းသူတို့မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်အလုပ်လုပ်ကြရပေသည်။
သို့နှင့်ရန်ကုန်မြို့၏ လမ်း၊အိမ်၊ရေပေးစနစ်မှအစ မြို့နှင့်လူ ရေချိန်ညှိထိမ်းမှုပျက်ကုန်သည်ကို အားလုံးမြင်ကြရပါမည်။

တကယ်တော့ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတို့၏ မဟာမြန်မာပြောင်းရွေ့ထွက်ပြေးမှုသည် ၁၉၈၈ မှစခဲ့သည်။
ထိုင်းနိုင်ငံနယ်စပ်တွင် စခန်းဖွင့်သိန်းချီအခြေချနေသော ကရင်၊ကယား၊မွန်၊ဗမာ ပြောင်းခိုသူများ၊ ချိုင်းနားဖက်ထွက်အလုပ်လုပ်ကြသော သိန်းချီ မြန်မာရွေ့ပြောင်းအလုပ်သမားများဖြင့် လည်ပါတ်နေသည်ဖြစ်ပါ၏။ အစိုးရပြောင်းသော်ငြား ပြန်မခေါ်နိုင်၊ ခွင့်တူညီမျှမှုမပေးနိုင်၊ အလုပ်မပေးနိုင်။ ကမ္ဘာ့အဆိုးဆုံးရာသီဥတု ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်သည်မူ၍ လူနှင့်နိုင်ငံရေးစနစ် အညမညပျက်ပြီးတည်း။

ဒေသန္တရအခြေအနေအရ မြန်မာပြည်တွင်းရင်းနှီးမြုတ်နှံလာသည့်အိမ်နီးချင်းချိုင်းနားပြည်၏ မြစ်ဆုံ၊ ထိုမှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း အကျိုးအမြတ်များအပါအ၀င် ထိုနယ်မှ သဘာဝဓာတ်ငွေ့ကို ချိုင်းနားပြည်အထိသွယ်တန်းထုတ်ယူသော အခါ မြန်မာပြည်ထောင်စုအစိုးရသည် ၀င်ငွေကောင်းတို့ ပုံမှန်ရလာသည်။
ထိုဝင်ငွေကို ဆိုင်ရာပြည်နယ်သို့ ညီမျှချင်းချ မပေးနိုင်သည့်အခါ ဒေသခံရခိုင်တို့အတွက် စိတ်နာခြင်းတို့ပျိုးမိပုံရသည်။
သို့နှင့် ဆယ်စုနှစ်များစွာ ငြိမ်းချမ်းစွာယှဉ်တွဲနေခဲ့ကြသည့် ဘင်္ဂလီ၊ရိုဟင်ဂျာတို့ကိုရင်းကာ ဗမာတို့နှင့်၃ပွင့်ဆိုင်ပဋိပက္ခ ဖြစ်စေလေတော့သည်။ ပဋိပက္ခဖြင့် ၂၀၁၇အတွင်း လူ၇သိန်းကျော်ကို နိုင်ငံပြင်ပတွန်းထုတ်ပစ်လိုက်ပြီးမှ နိုင်ငံတကာဖိအားတို့ကြောင့် ပြန်ခေါ်နေရသည့်အပြင် နိုင်ငံရေးအရ အင်အားကောင်းလာသည့် စစ်နှင့်လူမျိုးရေးအစွန်းရောက်တို့၏ ထိုးကြွမှုဖြင့်အလွန်ရှုပ်ထွေးနေသော အခြေအနေဆိုက်နေပါသည်။ ဒီမိုကရေစီနုနု၏ အစိုးရသည် ကောင်းစွာ ပြင်ဆင်၍ မဟာဗျူဟာဖြင့်နိုင်ငံရေးကစားခြင်းမပြုနိုင်။

Caravan – ချီတက်လာသော လူအုပ်ကြီး
သူတို့လာကြသည်။ မပြန်ကြ။ တရားဝင်/တရားမ၀င် ပြောင်းခိုသူများဖြစ်ကြပါ၏။
သို့နှင့် ခေတ်အဆက်ဆက် ခိုးဝင်နေသူများဖြင့် အမေရိကပြည်တွင်နေထိုင်နေသူ ၁၁သန်းကျော်ရှိသည်ဟု Pew Research အချက်အလက်တို့ကဆိုသည်။
အမေရိကပြည်သည် ထိုထိုပြောင်းခိုသူတို့နှင့်တည်ထောင်ထားခဲ့သော ဖြူ၊မည်း၊ညို၊၀ါ လူမျိုးစုံတိုင်းပြည်ဖြစ်သည်။ ၁၆ရာစု ကိုလံဘတ်တွေ့ချိန်မှစပြီး ဥရောပသား(လူဖြူ)တို့အခြေချခဲ့သည်မှာ( ၂၀၁၀သန်းခေါင်စာရင်း- ၆၃.၇%)Majorityဖြစ်ပြီး သူတို့နှင့်အတူ ကျေးကျွန်အဖြစ်ခေါ်ခဲ့သူလူမည်းတို့မှာ ဒုတိယလိုက်ခဲ့သည်။ ၁၉ရာစုလယ်တွင် ရထားလမ်းများဖောက်လုပ်ရန် ချိုင်းနီးစ်များအားလစာပေးခေါ်ခဲ့ပြီး အထူးဥပဒေထုတ်ပိတ်ပင် နိုင်ငံသားမပေး နှင်ထုတ်မှုများလည်း ခါးခါးသီးသီးရှိဖူးသည်။
လူညိုများဖြစ်သော လက်တီနို၊ ဟစ်စ်ပန်းနစ်များသည် ၁၆ရာစုကထဲက အမေရိကရောက်နေကြသည်ဖြစ်၏။ ၂၀ရာစုတွင်လည်း ကပ်ရက်ပြည်မှမက်ဆီကန်များ အင်တာစတိတ် ဖရီးဝေးလမ်းများဖေါက်ပေးရန်အလုံးအရင်းရောက်ရှိအခြေချခဲ့ကာ အမေရိကား၏ စက်မှုလယ်ယာစိုက်ပျိုးရေးများတွင်လုပ်ကိုင်နေကြသည့် အဓိကလုပ်သားထုလည်းဖြစ်ပါ၏။ တိုးလာသော ညို၊၀ါ လူဦးရေတက်နှုန်းကြည့် ခန့်မှန်းမှုများအရ ၂၀၄၄တွင် လူဖြူတို့သည် အမေရိကား၏ Majority အဖြစ်မှ ကျဆင်းမည်ဆိုသည်။

အမေရိကနိုင်ငံပထမ သမားတက်လာသောအခါ ပြည်တွင်းတရားမ၀င် ခိုးနေသူများအားအဖမ်းအဆီးကြမ်းလာသလို နယ်စပ်ကိုလည်း တံတိုင်းနှင့်ကာ ပိတ်ဆို့ရန် ရွေးကောက်ပွဲကတိပေးထားခဲ့သည်။
အလယ်အမေရိကနိုင်ငံများသို့ ယခင်အစိုးရအစဉ်အဆက်ထောက်ပံ့ပေးထားသော ထောက်ပို့စရိပ်တို့ပါဖြတ်တောက်သောအခါ အဆိုပါအစိုးရတို့၏နိုင်ငံရေး/စီးပွားရေးမတည်ငြိမ်မှုနှင့်အတူု့လူသောင်းချီလူအုပ်ကြီးများ အမေရိကပြည်သို့ခိုလှုံရန်ချီတက်လာခြင်းဖြစ်ခြင်းဖြစ်သည်။

ယခုကဲ့သို့ သမိုင်းတလျှောက်မဖြစ်ဖူးသော်ငြား Build the wall သမားကြီး ထရမ့်တက်၍ အစိုးရလုပ်အုပ်ချုပ်နေချိန်၊၂၀၁၈ ကြားနှစ်ရွေးကောက်ပွဲမတိုင်ခင်အချိန်ကိုက် ချီတက်ခြင်းတို့စ,လာသည်မှာစိတ်ဝင်စားစရာဖြစ်ပါ၏။
လူဆိုးတွေပါသော လူအုပ်ကြီး အမေရိကားပြည်ကို သိမ်းပိုက်ရန်ချီတက်လာသည်မူ၍ စစ်တပ်အင်အား ၅၈၀၀ကိုပင်လွှတ်ထားခဲ့ကာ နယ်စပ်ကိုသံဆူးကြိုးများချပိတ်။ ခဲနှင့်ပေါက်လျှင်သေနတ်ဖြင့်ပြန်ပစ်မည်ဟုပင် မစ္စတာထရမ့်ပြောခဲ့သည်။
ယခုနောက်ဆုံးအခြေအနေအရမူ San Ysidro နယ်စပ်ဝင်ပေါက်ကိုပင်ပိတ်လိုက်ရပြီ။

တံတိုင်းကြီးဖြင့်ပိတ်ကာရန်လိုပါပြီလော။ ကွန်ဂရက်မှ အစိုးရအုပ်ချုပ်ရေးအားငွေထုတ်ပေးပါလေ။ Congress, fund the WALL!
ဒီမိုကရေစီရင့်ရင့် ထရမ့်အစိုးရသည် ကောင်းစွာ ပြင်ဆင်၍ မဟာဗျူဟာဖြင့်နိုင်ငံရေးကစားခြင်းပြုလေသည်။

“သင်နှင့်ကမ္ဘာမြေ”
ယခု Black Friday တွင် ဈေးလျော့ရောင်းသော ပစ္စည်းများအား ကုန်ဆိုင်တွင်း ၀ယ်ယူရန် လုယူရန်ဖြစ်နေသူများအား မြင်ကြရမည်။
ဈေးလျှော့ပေးသောပစ္စည်းတခုကိုပင် အင်အားသာသူရ/လုယူ ၀ယ်နေကြရကား အစာရေစာခေါင်းပါးသောကပ်ဘေး ဆိုက်လျှင် အနှီလူသားတို့မည်သို့ဖြစ်ကြမည်ကို တွေးကြည့်သိနိုင်သည်။ လူသားတဦးစီသက်တမ်းသည် နှစ် ၈၀-၁၀၀ သာရှိပါ၏။ သူသူငါငါ ဆိုင်ရာ မြေကြီးနယ်နမိတ်များကို ငါတို့ပိုင်သည် ဆိုင်သည်ထားကာ ကာထား တားဆီးထားလိုသည်။

အရင်ရောက်နှင့်သူများက နောက်ရောက်လာသူများကို နေရာမပေး၊ ဗိုလ်ကျအနိုင်ကျင့်သည်။
လောကနီတိ၊ လူ့ကိုယ်ကျင့်တရားတို့လျှော့ပြီလော။ လူသားဆန်မှုတို့ပျောက်ပြီလော။ လူ့အခွင့်အရေးကြေညာစာတန်းပြန်ပြင်ဆွဲရမည်လော။

အမေရိကနှင့်ဆွစ်ဇာလန်သိပ္ပံပညာရှင်တို့သည် DNA “bar codes” များကိုနှစ်ပေါင်းများစွာ လေ့လာ၍ ကမ္ဘာတွင် သက်ရှိတို့သည် တစုံသောမိဘတို့မှ ဖြစ်တည်လာသည်ဆိုသည်။ လျှပ်တပြက်အတွင်းပင် ပျက်သုဉ်းနိုင်သည်လည်း ဆိုပါသည်။

လွန်ခဲ့သော နှစ်သန်း ၂၅၀ခန့်(Triassic period)ကစ၍ ကမ္ဘာမြေကို ဒိုင်နိုဆောတို့အုပ်ချုပ်မင်းလုပ်ခဲ့ကြသည်။ နှစ်သန်း၁၈၀ ကျော်ကြာ ရှင်သန်နေထိုင်ခဲ့ကြပြီး အချင်းချင်းစစ်ပွဲကြောင့်ကားမဟုတ်။ အစာရေစာပြတ်လတ်မှုကြောင့်လည်းမဟုတ်။ လွန်ခဲ့သော နှစ်၆၆သန်းကကမ္ဘာမြေကိုလာထိသော ဥက္ကာပျံကြီးကြောင့် မျိုးပျောက်ပြတ်ခဲ့သည်။ ယခုမူ အရိုးကြွင်းများ၏ကျောက်သားထု သာကျန်တော့ပေသည်။
ပရိုင်းမိတ်တို့ကိုသက်တမ်းတွက်မှုများအရ လွန်ခဲ့သော နှစ် ၁.၇၅သန်းက လူသားဖြစ်မည့် ကျောက်ဖြစ်ရုပ်ကြွင်းတို့တွေ့ရသည်။ ဗီဇပြောင်းတိုးတက်ကာ ဟိုမိုဆက်ပီယံ-လူသားမျိုးရင်းအဖြစ်တဖြည်းဖြည်း ပြောင်းယူရင်း အာဖရိကတိုက်တွင်နေနိုင်သည်မှာ နှစ် ၁သိန်းခွဲသာရှိသေးသည်။ အခြားလူမျိုးနွယ် (Löwenmensch, Hobbit, Denisovans, Neanderthals)တို့မျိုးသုဉ်းပျောက်ခဲ့ကြပြီ။ ။ သို့ဆိုသော် လူသားသည်လည်း တနေ့နေ့တချိန်ချိန်တွင် မျိုးသုဉ်းသွားရမည်ကို ပထ၀ီမြေကြီးသက်သေတည်ကာ ကမ္ဘာ့သမိုင်းက ပြထားသည်။

တနည်းအားဖြင့် လူသားကမ္ဘာမြေပေါ်တွင် ရပ်တည်နိုင်ခဲ့သည်မှာ နှစ်၁သိန်းခွဲသာရှိသေးသည်။
ဒိုင်နိုဆောတို့၏လွှမ်းမိုးယဉ်ကျေးမှု၏ ၁၀၀၀ပုံ၁ပုံ (နှစ်၁သိန်း၈သောင်း)သွားနိုင်ပါမည်လော။
ကွယ်လွန်သွားသော အာကာသသိပ္ပံဖခင်ကြီးစတီဗင်ဟောကင်းကမူ လူသားသည် နောင်အနှစ် ၆၀၀ အတွင်းမျိုးသုဉ်းမည်ဖြစ်၍ ဤကမ္ဘာမြေကို စွန့်ခွာမှသာ လူသားမျိုးရှင်သန်နိုင်မည် နိမိတ်ထားခဲ့သည်။
ဟိုမိုဆက်ပီယံတွင်လူမျိုးရေးမရှိ၊ ဘာသာရေးမသိ။ သင်နှင့် ကမ္ဘာမြေသာရှိသည်။  ။

kai

About kai

Kai has written 942 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.