အားဆေးအချို့ ရောနှောရောင်းချမှုတွေ့ရှိနေ

klnSeptember 6, 20101min591

သက်ဆိုင်ရာမှတ်ပုံတင်မထားတဲ့ အားဆေးအချို့ဆေးဝါးဈေးကွက်မှာ ရောနှောရောင်းချတာမျိုးရှိတယ်လို့ သိရတယ်။ ‘အားဆေးအချို့က ခွင့်မပြုဘဲ တားမြစ်ထားတာကြောင့် ခွင့်ပြုချက်ရထားတဲ့ဆေးဝါးတွေနဲ့ ရောနှောပြီး ရောင်းချတယ်၊ သုံးစွဲသူအတွက်နစ်နာသလိုလူကို အန္တရာယ်ပေးတာမျိုးဖြစ်နေရင် ကြောက်ဖို့ကောင်းတယ်’လို့ပြည်ပဆေးဝါးတွေကို တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာကပြောပါတယ်။ သူကပဲဆက်ပြီး ‘ယခုဆေးဆိုင်အချို့မှာ ရောင်းချနေတဲ့အားဆေး၊ ပိုးသတ်ဆေးနဲ့ ထိုးဆေးအချို့ကမူရင်းကုမ္ပဏီက ရောင်းချတဲ့ဈေးနှုန်းထက်ပိုသက်သာနေတယ်၊ တချို့အားဆေးတွေဆိုရင် အမေရိကန်မှာနာမည်ကြီးတံဆိပ်ဖြစ်နေပြီးဒီမှာ ရောင်းတော့ တစ်လုုံးကျပ် ၁၀၀၊ ၁၅ဝလောက်ပဲရှိတယ်၊ အများအားဖြင့် လူကြီးတွေအသောက်များတဲ့အားဆေးတွေဆိုတော့ သတိထားသင့်တယ်’လို့ ပြောပါတယ်။ တချို့ဆေးဝါးတွေကျတော့ မူရင်းကုမ္ပဏီက ရောင်းချတဲ့ဆေးပုံစံမျိုးတစ်ထေရာတည်းလုပ်ပြီးရောင်းချကြတယ်လို့သိရတယ်။ အားဆေးဆိုရင် အာနိသင် မရှိတာမျိုး၊ ပိုးသတ်ဆေးဆိုရင်ဆန်မှုန့်၊ ဂျုံမှုန့်၊ ကော်မှုန့်တွေပဲထည့် ပြီးရောင်းတယ်။ ထိုးဆေးဆိုရင် မိုးရေပဲထည့်ထားတယ်။ ကုသမှုပိုင်းမှာမထိရောက်ဘဲအာနိသင်မရှိတာကြောင့် အခက်အခဲကြုံရတယ်လို့ဆက်ပြောပါတယ်။ ခွင့်ပြုချက်မပါတဲ့ဆေးဝါးတွေကိုတရားဝင်မှတ်ပုံမတင်ထားတဲ့ ဆေးဝါးကုမ္ပဏီအချို့က အဖွဲ့လိုက်ဆေးဆိုင်တွေမှာ လာသွင်းပြီးရောင်းချကြတယ်လို့သိရတယ်။ အဆိုပါ ဆေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ က ‘အခုဈေးကွက်မှာတွေ့ရတာက တစ်နိုင်တစ်ပိုင်သယ်တဲ့သူ အနေနဲ့ မသယ်ရတဲ့ဆေးအမြောက်အမြားဖြစ်နေတယ်၊ မြဝတီနယ်စပ်မှာ ဆေးဝါးအတုကို အိမ်တွင်းမှုလုပ်ငန်းအနေနဲ့ လုပ်ပြီးသွင်းကြတယ်’လို့ပြောပါတယ်။ အမေရိကန် တံဆိပ်တပ်ထားတဲ့အားဆေးအချို့ ဆိုရင်လက်လီရော၊ လက်ကားပါ အရမ်းရောင်းကောင်းနေတယ်။ ဆေးဆိုင်အချို့မှာ အဲသည့်ဆေးရောင်းအားက တစ်လဘူး ၂၅ဝကနေ ၃၀ဝကြားရောင်းနေရတယ်။ တံဆိပ်ကောင်းလည်း ဖြစ်နေပြီးဈေးသက်သာတော့သုံးတဲ့သူတွေက မသိဘဲသုံးနေကြတယ်။ အဲသည့်အားဆေးကိုသက်ဆိုင်ရာက ခွင့်ပြုချက်မပေးဘဲ တားမြစ်ထားတာနှစ်နှစ် လောက်ရှိပြီလို့ပြောပါတယ်။ ပြည်ပကနေ ဆေးဝါးတင်သွင်းရောင်းချတဲ့ ဆေးကုမ္ပဏီတွေကို သက်ဆိုင်ရာကစစ်ဆေးတဲ့အခါမှာ ပိုပြီး တင်းကျပ်လာတယ်လို့သိရကြောင်း သိရသည်။