ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အရေအတွက် မျှော်မှန်းထားသည်ထက် နည်းပါးခဲ့ရ

klnSeptember 6, 20101min691

စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကဲ့သို့ စနေနှင့် တနင်္ဂနွေနေ့များတွင် အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ခဲ့သည့်အပေါ် နိုင်ငံရေးပါတီများက ကြိုဆိုခဲ့ကြသော်လည်း မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် မျှော်မှန်းသည်ထက် နည်းပါးခဲ့ရကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၅ ယောက် မျှော်မှန်းထားပေမယ့် အယောက် ၂ဝ လောက်ပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။ ပေးသွင်းရမယ့် ငွေကြေး မပြည့်လို့ အခုလို လျော့သွားရတာပါ”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားခဲ့သည်။ မျှော်မှန်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းဦးရေအတိုင်း အမည်စာရင်း တင်သွင်းနိုင်ခဲ့သည့် နိုင်ငံရေးပါတီအချို့လည်း ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နိုင်ငံရေးပါတီ တစ်ပါတီသည် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဖြစ်ရာ ယခုကျင်းပသွားမည့် ရွေးကောက်ပွဲများတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ် ဝင်ရောက် မယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

One comment

  • Dede

    September 6, 2010 at 1:05 pm

    ဘယ်လိုလို့ ပိုက်ဆံတွေတတ်နိုင်မလည်းဗျာ… နိုင်ငံရေးအဖွဲ့အစည်းက စီးပွားရေးသမားမှမဟုတ်တာ… အမတ်လောင်းတစ်ယောက်ဆိုရင် ၅သိန်းထည့်ရမည် ဆိုတာတော်တော်များပါတယ်…. အဲလိုအများကြီး ပိုက်ဆံထည့် ခိုင်းတာက စစ်အစိုးရက သိတယ် လေ.. နိုင်ငံရေးသမားတွေက ပိုက်ဆံ မတတ်နိုင်ဘူးဆိုတာ… အဲလောက်ကန့်သတ်ခြင်းအားဖြင့် နိုင်ငံရေးသမားတွေက ပိုက်ဆံ မတတ်နိုင်တဲ့အခါကျတော့ ရွေးကောင်ပွဲ မဝင်ရုံဘဲပေါ့.. နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲ မဝင်ရင် စစ်အစိုးရက ပိုက်ဆံပေးပြီး ရွေးကောက်ပွဲ သူနိုင်အောင်ပံ့ပိုးနေတဲ့ ကြံ့ခိုင်ရေးက ပိုက်ဆံတတ်နိုင်တယ်ဆိုတော့ သူဘဲ အမတ်နေရာ ရသွားတာပေါ့… အဲဒါကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရက သူတရားဝင်သည့်အစိုးရဖြစ်လာအောင် ဖေါ်ဆောင်ပြီး သူဘဲ အာဏာ ဆက်ကိုင်သွားမည့်ကို မည်သူကိုမှ လိမ်လို့မရဘူး….

Leave a Reply