၂၀၁ဝခုနှစ် မယ်စကြဝဠာ အလှမယ်လေးက လိင်တူလက်ထပ်တာကို ထောက်ခံကြောင်း ပြောဆို

PhyoSeptember 6, 20101min660

သက်တံ့အယ်ဒီတာအဖွဲ့။ 6/September/2010

၂၀၁ဝခုနှစ် မယ်စကြဝဠာ အလှမယ်ဆုကို ရရှိခဲ့သူလေးက လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို လုံးဝထောက်ခံ အားပေးကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို ခဲ့တယ်လို့ သိရပါတယ်။

မက္ကဆီကန် နိုင်ငံသူလေးဖြစ်တဲ့ အလှဘုရင်မလေး Ximena Navarrete က သူ့မှာ ဂေး မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေ အမြောက်အမြား ရှိကြောင်းနဲ့ အဲဒီ သူငယ်ချင်းတွေကို အခြားသူတွေလို တန်းတူ မဆက်ဆံပဲ ဖယ်ကျဉ်ထားတာမျိုးကို ဘယ်လိုမှ မပြုလုပ်သင့်ဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အလှမယ်လေး Carrie Prejean ကတော့ Miss USA အလှမယ်ဘွဲ့ကို ရရှိခါနီးလေးမှာ လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောခဲ့တဲ့ အတွက်ကြောင့် အမေရိက သရယ်ဖူနဲ့ လွဲခဲ့ရဖူးပါတယ်။

Miss Carrie Prejean က လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို ဆန့်ကျင်တဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ခဲ့တဲ့အတွက် ခရစ်ယာန် အသိုင်းအဝိုင်းတွေရဲ့ အားပေးအားမြှောက် ထောက်ခံ ကြိုဆိုခြင်းကို အများအပြား ရရှိခဲ့ပေမယ့်လို့ သူမရဲ့ တကိုယ်တော် လိင်စိတ်အာသာဖြေတဲ့ ဗီဒီယိုခွေ တိတ်တခိုး ပြန့်နှံ့သွားခဲ့တဲ့ အတွက်ကြောင့် သူမဘဝရဲ့ အနာဂတ်တွေကို ပျက်စီးဆုံးရှုံး စေခဲ့ပါတယ်။

အသက် ၂၂နှစ် ရှိပြီဖြစ်တဲ့ ပူပူနွေးနွေး စကြဝဠာမယ်လေး Ximena Navarrete က မက္ကဆီကန် အခြေစိုက် W ရေဒီယို သတင်းဌာနက လိင်တူချင်း လက်ထပ်ထိမ်းမြားတာနဲ့ ပတ်သက်လို့ သူမကို မေးမြန်းခန်း အစီစဉ်မှာတော့ “ကျမရင်ထဲမှာ နှစ်နှစ်ကာကာ ယုံကြည်စွဲမြဲနေတာ တစ်ခုကတော့ လူတိုင်းကမ္ဘာပေါ်မှာ မွေးဖွားလာကတည်း ကနေ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ်စီပိုင်ဆိုင် ကြတယ်ဆိုတာကို ယုံကြည်လက်ခံပါတယ်။ အဲဒါကြောင့် လူသားအချင်းချင်း တယောက်နဲ့တယောက် အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတွေ ရှိကြဖို့ အရမ်းရေးကြီးတယ်လို့ ကျမကမြင်တယ်။ ပြီးတော့ ကျမတို့ Straight တွေအနေနဲ့ လေ့လာသင်ယူဖို့ လိုတာတစ်ခုက လိင်တူချင်း ချစ်တဲ့သူတွေကို ဘယ်လို လေးစား အသိမှတ်ပြု ရမယ်ဆိုတဲ့ အချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေကလည်း ကျမတို့တွေလို လူသားတွေပဲလေ။ နောက်ဆုံးအခုလို ကျမပြောရတဲ့ အချက်တွေရဲ့ အဓိက အကြောင်းအရင်း ကတော့ ကျမက ခွဲခြားဆက်ဆံမှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်တဲ့ သူတယောက်ပါ။ လိင်တူချင်း လက်ထပ်တာနဲ့ ပတ်သက်လို့ နောက်ဆုံး အချုပ်ပြောရမယ် ဆိုလို့ရှိရင် သူတို့က လိုချင်တတ်မက်တဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ကျမတို့က ဘာဖြစ်လို့သွားပြီး ပိတ်ပင်တားဆီးရမှာလဲ။ ကန့်ကွက်ဆန့်ကျင်ဖို့ ဆိုတာကလည်း လုံးဝအခြေအမြစ် မရှိတဲ့ လုပ်ရပ်တစ်ခုပါ”လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

Miss Ximena Navarrete ဟာ မယ်စကြဝဠာ အလှမယ်ဘွဲ့ကို ရရှိတဲ့ ဒုတိယမြောက် မက္ကဆီကန် အမျိုးသမီး ဖြစ်ပါတယ်။ အခုလိုမျိုး မယ်စကြဝဠာဘွဲ့ ရခဲ့တဲ့အတွက် သူမဟာ အနည်းဆုံး တစ်နှစ်တိတိ ရုံးထိုင်ပြီး HIV ရောဂါ ကူးစက်နေသူများနှင့် ရင်သားကင်ဆာ ခံစားနေရသူများအတွက် ကူညီပံ့ပိုးပေးတဲ့ လုပ်ရှားမှုများကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

http://www.coloursrainbow.com/articles/45-hot-news/386-2010-09-06-06-21-28.html