ဟယ်လင် … ရောက်ရာအရပ်က အမြန်ဆက်သွယ်ပါ

သူရႆဝါSeptember 6, 20107min900

<!–

“ဟယ်လင် … ရောက်ရာအရပ်က အမြန်ဆက်သွယ်ပါ”
(၁)
မင်းဘယ်တွေသွားနေတာလဲ ဟယ်လင်
ဟယ်လို! ဟယ်လင်ရေ … ဟယ်လို
တယ်လီဖုန်းဘေးမှာ ကိုယ်တစ်ယောက်တည်း
ဆက်သွယ်မှုဧရိယာအတွင်းမှာလည်း ကိုယ်တစ်ယောက်တည်း
ဟယ်လို! ဟယ်လို!
ဟယ်လို! တူ …. တူ …. တူ ….
တူ ……….
တူ …………………………

(၂)
အစစအရာရာ အဆင်မပြေဘူးဟယ်လင်
မင်းကိုလွမ်းရတာကလွဲရင် ဘာဆိုဘာမှနေသားတကျမဖြစ်သေးဘူး
ဂြိုဟ်သားလို ကိုယ်နားမလည်နိုင်တဲ့လူတွေရဲ့ဘာသာစကားကို
ကိုယ်ကဂြိုဟ်သားတစ်ကောင်လို နားမလည်နိုင်ဘူးဖြစ်နေတာ
သူတို့ရဲ့ အတက်အကျ၊ ပေါက်ဈေ း၊ မိုးလေဝသ၊ အရောင်းအဝယ်၊
မေတ္တာလက်ဆောင်၊ စေတနာဗရပွ၊ မျက်လုံးသူငယ်အိမ်၊
အဲဒါတွေအကြောင်းကို (စိတ်မပါလက်မပါ) ကိုယ်လေ့လာနေရတာ
ဟယ်လင်ရေ … ကိုယ် စိတ် နှလုံး သုံးပါးစလုံးနဲ့
မင့်ဆီ အဆက်အသွယ်မရတော့ကတည်းက
မိုးရာသီဟာ နွေနေပူထဲပြုတ်ကျကျန်ခဲ့သလို ကိုယ်ခံစားရ၊
မင်းကတော့ ဒါတွေဘယ်သိမလဲ ဟယ်လင်ရယ် …
သတင်းစာစောင်တွေတောင် မှန်မှတ်ဖတ်လေ့မရှိတဲ့မင်းက
ကိုယ့်ရင်ထဲကအကြောင်းတွေကိုလည်း စိတ်ဝင်တစားရှိလှမှာမဟုတ်မှန်း ကိုယ်သိတယ်လေ။

(၃)
မင်းဘယ်ကိုထွက်သွားတာလဲ …
နောက်ပြီး ဘာကြောင့်ထွက်သွားတာလဲ ဟယ်လင်
အဲဒီမေးခွန်းတွေဟာ ကိုယ့်မသိမှုသဘောကို သေချာစေခဲ့ပေါ့
ကိုယ့်ရင်ကို မီးလောင်တိုက်သွင်းကြပေါ့
ခေါ်မရတော့တဲ့ဖုန်းနံပါတ်တွေကို ဘာလို့တသသဖြစ်နေမိပါလိမ့်
ဘာလို့လွမ်းဆွတ်နေမိပါလိမ့် … တွေးရင်းနဲ့ပဲ
ဝေးကွာခြင်းကို လေလှိုင်းထဲက ခေါ်ယူမိပြန်တယ်
ဟယ်လို! ……. ဟယ် လင် ရေ

(၄)
ဟယ်လို! ……. ဟယ် လင် ရေ
ကိုယ့်အသံဟာ ကိုယ်တောင်ပြန်ပြီးမမှတ်မိနိုင်လောက်အောင်ပါပဲ
ဆွံ့အလို့ … နာကျင်အက်ကွဲလို့ …. တိုးတိတ်ကြေမွလို့
ယုံကြည်မှုပျောက်ဆုံးခြင်းဟာ ကိုယ့်အသံမှာအတိုင်းသာ
ဝေဒနာများ၊ တိမ်တိုက်အကျိုးအကြေများ၊ တကွဲတပြားသက်တန့်များ၊
ပက်ကြားအက်မီးခိုးငွေ့များ … အရာရာ ….
အရာရာ ရုပ်ရှင်ထဲကအတိုင်း
အပြီးထွက်သွားမယ်ဆိုရင်လည်း ကိုယ့်ကိုပါ စနစ်တကျဖျောက်ဖျက်ပစ်ခဲ့ရောပေါ့ ဟယ်လင်ရယ် ..
အခုတော့ ကိုယ့်မှာ တစ်ပတ်တစ်ခါ စာတိုက်ပုံးလေးနား မယောင်မလည်သွားသွားရပ်နေရ၊
အဝေးပြေးကားပေါ်ကဆင်းလာတဲ့လူတွေကို ငေး ငေးကြည့်ရ၊
မမြင်နိုင်တဲ့ဘုရားသခင်ဆီ မသေချာတဲ့ဆုတွေတောင်းနေရ။

(၅)
မင်းသိပ်ကြိုက်တဲ့မိုးတွေရွာနေပြီ ဟယ်လင်
မင်းခေါင်းပေါ်ပန်ထားချင်တဲ့ ခရေတွေလည်းပွင့်ခဲ့ပြီးပြီ
ကိုယ်တို့အတူရှိဖူးတဲ့ မြစ်ကမ်းပါးလည်း တဖြည်းဖြည်းတိုက်စားခံခဲ့ရပြီ
မင်း အခုဘယ်မှာလဲ ဟယ်လင်ရယ် …
ကိုယ်သတိရနေတတ်တာကို မင်းသတိရမိမယ်ဆိုရင်၊
အခုဒီကဗျာကို မင်းဖတ်မိမယ်ဆိုရင်၊ နောက်ပြီး ….
မင်းရဲ့ဖုန်းနံပါတ်တွေနဲ့ ကိုယ့်ကိုထိတွေ့ခွင့်ရှိသေးတယ်လို့ထင်ရင် …. ဆက်သွယ်ပါ။

(၆)
ဆက်သွယ်ပါ … ဟယ်လင်
ကိုယ့်ကို ရောက်ရာအရပ်ကအမြန်ဆက်သွယ်ပါ
မင်းရဲ့စိတ်ကို၊ နှလုံးသားကို၊ ဖုန်းနားထောင်ခွက်တွေကို ပိတ်မထားလိုက်ပါနဲ့
ဒီမှာ … မင်းမရှိတဲ့နေ့တွေထဲနေရင်း အခုထိအသက်ရှင်နေသေးတဲ့
သူရဲကောင်းစိတ်နဲ့ကောင်လေးတစ်ယောက်ဆီ ……
မင်းဟာ ကိုယ့်ရဲ့ဒုတိယအသက်ရှူလမ်းကြောင်းဖြစ်တယ်လို့ ယုံကြည်ထားတဲ့ လူငယ်လေးဆီ …..
ကိုယ်က မင်းလောက်မရင့်ကျက်သေးဘူးလို့ပဲ မင်းတွေးပါ၊ ကိုယ့်ဆီမင်းပြန်လာမှဖြစ်မယ်လို့
မင်းတွေးပါ၊ ပြီးရင် ….

(၇)
ပြီးရင် …. ကိုယ့်ကို ဆက်သွယ်ပါ ဟယ်လင်
မင်းဟာကိုယ့်ရဲ့အရာအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ရဲရဲဝင့်ဝင့်တွေးပြီး
ရောက်ရာအရပ်ကနေ ကိုယ် စိတ် နှလုံး သုံးပါးစလုံးနဲ့ ကိုယ့်ကိုအမြန်ဆက်သွယ်ပါ၊
ဒါမှမဟုတ် … ကိုယ့်ရဲ့ဆက်သွယ်မှုကို လက်ခံပြောဆိုပါ
ဟယ်လို! ဟယ်လင် …… ဟယ်လို!
ပြန်ရောက်လာမယ့် အသံစူးစူးလေးကို တယ်လီဖုန်းဘေးမှာ ကိုယ်အခုထိမျှော်နေ
ကိုယ်ဟာ အခုထိ ဆက်သွယ်မှုဧရိယာရဲ့အတွင်းစည်းထဲရှိဆဲ …
ဟယ်လို! ……. အသံတွေကိုယ့်နှုတ်ဖျားက ဆက်တိုက်ထွက်နေသ၍
ဟယ်လင်ရဲ့ ရောက်ရာအရပ်ကအမြန်ဆုံးဆက်သွယ်မှုကို ကိုယ်အသေအချာစောင့်စားနေတုန်း …။

သူရဿဝါ
စက်တင်ဘာ ၆ ရက်၊ ၂၀၁ဝ ခုနှစ်
www.thurathawah.net