အကြံဉာဏ်လေးပေးပါဦးခင်ဗျာ

ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ။ အမွေကိစ္စဆိုတာလည်း ရှုပ်တယ်မဟုတ်လား။ အကြောင်းစုံလေး ပြောပြပြီး ရွာထဲက လူကြီးတွေအကြံဉာဏ်လေးလည်း လိုချင်လို့ပါတယ်။ အဖြစ်က ဒီလိုပါ။

.

ကျွန်တော်တို့ မောင်နှမက (၅)ယောက်ပါ။ ကျွန်တော်က အငယ်ဆုံးပေါ့။ အစ်ကို နံပါတ်(၁)ကတော့ ထိုင်းနယ်စပ်ဘက်ကိုသွားပြီးကတည်းက သတင်းမရတာ (၂၂)နှစ်လောက်ရှိပြီ။ အစ်ကိုနံပါတ်(၂)ကတော့ ဆုံးသွားရှာပြီ သူ့ဆီမှာ မိန်းမနဲ့ ကလေးကတော့ကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းဆိုတော့ နေပြည်တော်မှာနေတာပါ။

လက်ရှိ နံပါတ်(၃)အစ်မ အိမ်ထောင်နဲ့မိသားစုနဲ့ရယ်။ နံပါတ်(၄)အစ်မ အိမ်ထောင်ကွဲ သမီးတစ်ယောက်နဲ့ရယ် ကျွန်တော်နဲ့ရယ်ပါ။

အမေမဆုံးခင်မှာ အိမ်ကို ကန်ထရိုက်လေးပေးထားတာ အားလုံးပြီးတော့ သုံးခန်းရပါတယ်။ ကျွန်တော်ကတော့ အိမ်ထောင်ကွဲ နံပါတ်(၄)အစ်မနဲ့ သူ့သမီး ကျွန်တော့်တူမလေးနဲ့နေပြီး။ တစ်ခန်းကိုတော့ နံပါတ်(၂)အစ်မကနေပါတယ်။ နောက်တစ်ခန်းကိုတော့ ငှားထားလိုက်တယ်။

အဲ့မှာ ဖောက်တာက တူတူနေတဲ့ နံပါတ်(၄)အစ်မပါ။ စက်ချုပ်တယ် လက်ရာကောင်းတယ်။ သူ့ဟာနဲ့သူစားနိုင်တယ်။ ပိုက်လက်ဖွာတယ်။ ပိုက်ဆံလေးနည်းနည်းရလို့ ဘီယာ ၊ အရက်သောက်ပြီးရင် (၃-၄)ရက်ဆက်တိုက် မထနိုင်အောင်သောက်တယ်။ မူးရင် ရစ်တယ်။ အမေ့ရဲ့ ဆန္ဒတစ်မျိုးလုံး ထားဝယ်ခရီးစဉ်ပို့ပေးမယ့် Mission ကို အကောင်အထည်ဖော်ချင်တယ်။ သူနောက်ယောက်ျားလိုချင်တယ်။ သူ့ သိပ်မရှိလှတဲ့ အကြွေးတွေကိုဆပ်ချင်တယ် (ဒါတောင် ကျွန်တော်က သူ့ကို တစ်လ တစ်သိန်းခွဲပေးတယ်။)

နောက် သူမူးတဲ့ဒဏ်ကိုမခံနိုင်ဘူး ရစ်လည်းရစ်တော့ တစ်ခန်းကို ရောင်းဖို့လုပ်တယ်။ ရောင်းထွက်တယ်။ သူ့ကိုအကြွေးဆပ် သုံးဖို့ (၁၅)သိန်းပေးတယ်။ အမျိုးတွေကို ခရီးလိုက်ပို့တာ (၄၀)သိန်းကုန်တယ်။

အဲ့ပြောဖို့မေ့တာ တိုက်ခန်းက အမေဆုံးပြီးတစ်နှစ်ပြည့်မှာ ရောင်းထွက်တာ အဲ့အချိန်မှာပဲ နှစ်(၂၂)ကြာပျောက်နေတဲ့ အစ်ကိုအကြီးဆုံးက ဆက်သွယ်လာတယ် သူ့ကိုနယ်စပ်ကနေ ရန်ကုန်ခေါ်ဖို့ (၅-၆)သိန်းလောက်ကုန်သွားတယ်။ အစ်ကိုအကြီးဆုံးက အိမ်ပေါ်ရောက်လာတယ်။ အစ်ကိုကလည်း နေတိုင်းသောက်တယ်။ အစ်ကို့အတွက်စားရိတ်က ကျွန်တော်ပေးရတာပေါ့။

ဒီလိုနဲ့ အစ်မ(၄)က နောက်လင်ယူတယ်။ သူ့ဖာသာ အိမ်ငှားနေတယ် သူ့သမီးကျွန်တော့်တူမကိုတော့ အိမ်မှာပဲထားတယ်။ အစ်ကိုအကြီးဆုံးကတော့ ကျွန်တော့်ဆီမှာပါပဲ။

ယောက်ျားယူသွားပေမယ့် ကျွန်တော်လွတ်လားဆိုတော့ မလွတ်ပါဘူး အဲ့ဘက်ကနေ ပိုက်ဆံလိုတိုင်း လှမ်းတောင်း မူးမြဲ မူးဆဲ။ အစ်ကိုကြီးကတော့ သူ့ညီမ သူနဲ့နေရင် အဲ့လောက်မသောက်ဘူးဆိုပြီး တိုက်ခန်းကိုပြန်ခေါ်ချင်တယ်။ ကျွန်တော်လည်း အစ်ကိုကြီးနဲ့နေတာ အဆင်ပြေလှရယ်လို့တော့မဟုတ်။ သူ့အရက်နံ့ ဆေးလိပ်နံ့ နေပုံထိုင်ပုံကအစ လားလားမှမဆိုင်။

အခုတော့ အစီအစဉ်တစ်ခုဆွဲ နောက်လင်ယူသွားတဲ့အစ်မလည်း ဒီတိုက်ခန်းလာနေ (မနေလည်း အိမ်လစာ ကျွန်တော်က တစ်ဝက်လောက်ပေးနေရတာပါပဲ။) သူ့အကိုနဲ့ သူ့သမီးနဲ့လာနေ။ ကျွန်တော်က ဒီအိမ်ကထွက်ပေါ့။

အခုတော့ အိမ်ရောင်းတဲ့လက်ကျန်ပိုက်ဆံလေးနဲ့ တိုက်ခန်းတစ်ခန်းအရစ်ကျဝယ်ထားတယ်။ ဒါကတော့ ကျွန်တော့်နာမည်နဲ့ဝယ်လိုက်တာပါ။ ငါးနှစ်ဆပ်ရမယ်ဆိုလည်း ဆပ်ရမှာပဲ။ ရုန်းထွက်ရမှာပေါ့။ သူ့တို့ကိုတော့ အခုလက်ရှိတိုက်ခန်းမှာထားခဲ့ရမှာပေါ့။ ကိုယ်နေတဲ့တိုက်ခန်းလေး ကိုယ့်အကြိုက်လုပ်ခဲ့တာပါပဲ။ စွန့်ခွာရမယ်ဆိုတော့ အခုလာမယ့် ကိုယ်ပိုင်အခန်းမှာ ပြန်လုပ်ရဦးမှာပေါ့။

နံပါတ်(၂)အစ်မကတည်း သူ့အိမ်ထောင်နဲ့ တိုက်ခန်းတစ်ခန်းကိုနေတယ်။ အမွေကလည်း မခွဲချင်ဘူး ခွဲပြန်ရင်လည်း သူတစ်ခန်းမှ မရဘူးဆိုတာသိတော့ ဒီအတိုင်းလေးပဲနေချင်ကြတယ်။

အခုတော့ ကျွန်တော်လည်း ကိုယ့်အတွက်ကိုယ်လေးကြည့်ဖို့ အဲ့လိုလေးလုပ်ထားမိတယ်။ လာမယ့်လကုန် ဘဏ်ချေးငွေကျရင်တော့ တိုက်ခန်းပေါ်တက်လို့ရပြီး။ ပြောင်းတော့မယ်။ ငယ်ငယ်ကတည်းက နေလာတဲ့ဝန်ကျင်းကနေ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရတော့မှာဆိုတော့လည်း နည်းနည်းတော့ ပူရပါတယ်။

ပြောရတာမောလိုက်တာ။ ကျွန်တော် စီစဉ်လိုက်တာ အကောင်းဆုံးလို့ထင်လို့ပါ။ ပြောပေးကြပါဦး အမျိုးတို့ရေ။

အောင်မိုးသူ

11 comments

  • ဇီဇီ

    February 11, 2019 at 3:35 pm

    အမ သဘောပြောရရင်
    လိပ်စာမပေးပဲတောင် ပြောင်းပြေးစေချင်သေးတယ်။
    ဆိုတော့ ခုလို အိမ်က ခွဲထွက်တာ မှန်တယ်လို့ ယူဆတယ်။

    မိုးသူ စိတ်ပြတ်ရင်တော့ အမွေလည်း မယူနဲ့
    အဲ အခု အိတ်ထဲက စိုက်ထုတ်နေတာတွေလည်း မပေးနဲ့တော့ပေါ့။

    အမွေခွဲချင်ရင်တော့ အဲ့ တိုက်ခန်း ၃ ခန်းစာ ၅ ယောက်စာခွဲရမှာလားး
    မခွဲခင် ပေးထားရတဲ့ဟာတွေ ပြန်ပေးကြမှာလားးးး
    အမွေခွဲဖို့ လုပ်ရင် အလုပ်ရှုပ်တဲ့ ကုန်ကျစားရိတ်က သူတို့ ဝိုင်း မျှခံမလားရှိသေးတယ်။

    အမ တစ်ယောက်တည်း အမြင်အရတော့ ဆွေမျိုးဖြစ်ဖြစ် သူစိမ်းဖြစ်ဖြစ် ကိုယ့်ဘက်က မိုင်းနပ်(စ) ပြနေအောင် အနစ်နာမခံသင့်ဘူးး။
    မျှတတဲ့ နည်း စဉ်းစားပေါ့။

    • အောင် မိုးသူ

      February 12, 2019 at 12:21 pm

      အမွေလည်းမလိုချင်တော့ဘူး ဒီလိုယူထားတာလည်း မပေးချင်တော့ဘူး။ ဒါတောင်အကိုကြီးကို လစဉ်ထောက်ပံရဦးမှာ။ အခုဝယ်လိုက်တာ ကျတော့်နာမည်နဲ့ပါ။ အမွေလည်းခွဲကြမှာမဟုတ်ဘူး။ အာ့ကြောင့်ခွဲထွက်လိုက်တာ။

  • kai

    February 12, 2019 at 1:15 am

    ငွေနဲ့တိုင်းပေ့ါ..
    ငွေဆိုတာ.. အဲလိုကိစ္စတွေမှာ.. ဆိုးတယ်..ကောင်းတယ် တိုင်းတာနိုင်တဲ့ စံနှုန်းပဲ..

  • Shar Thet Man

    February 13, 2019 at 3:08 pm

    အဆင်ပြေသလို ပျော်သလိုလုပ်ပါ

  • လုံမလေးမွန်မွန်

    February 16, 2019 at 12:02 am

    မောလိုက်တာဟယ်.. အမွေဆိုတဲ့အတိုင်း မွှေပါတယ်.. တစ်ခုပဲ သူတို့ကို အပြတ်သာဖြတ်ချနော်.. တေ်ာကြာ သူတို့အမွေတွေကုန်မှ ကိုယ့်ဆီ ဒုက္ခလာထပ်ပေးနေဦးမယ်..

    • အောင် မိုးသူ

      February 18, 2019 at 9:16 am

      အမွေကတော့ မခွဲပါဘူး ကုန်ရင်ဆက်နွယ်နေမှာစိုးလို့ ဒီအတိုင်းလေးပဲ နေကြပါစေတော့။

  • •*¨နန်းတော်ရာသူ •*¨

    February 16, 2019 at 11:10 am

    တကယ့်တကယ်မှာ မိသားစု ညီအစ်ကိုမောင်နှမသားချင်းဆိုတာ သိတတ်သူအဖို့ဖြတ်ရမလွယ်ပါ။
    ညီအစ်ကိုမောင်နှမနည်းတဲ့သူ၊ရှိသမျှညီအစ်ကိုမောင်နှမတိုင်းအဆင်ပြေနေတဲ့သူတွေအဖို့သာ စိတ်ရှုပ်စရာလို့မြင်ပေမယ့် တကယ့်တကယ်ြုေ့နေရတဲ့လူအဖို့ရုန်းထွက်နိုင့်မလွယ်ပါ။တာဝန်ယူနေကျလူကလည်း တာဝန်မဲ့ဖို့တွေးလိုက်ချင်ပေမယ့် တာဝန်ယူချင်နေမိသလို၊တာဝန်ယူနေကျမဟုတ်တဲ့လူတွေကလည်း နေသာသလိုနေမြဲပါ။
    တရားသဘောအရဆိုရင်တော့ ဝဋ်ကြွေးပါ ရုန်းထွက်ဖို့မလွယ်ပါဘူး။
    အကြွေးကုန်ရင် အလိုလိုလွတ်သွားမှာပါပဲ။
    ဘေးကဘယ်လောက်ပဲ ရုန်းထွက်လိုက်လို့လွယ်လွယ်ပြောနိုင်ပေမယ့် ၊ကိုယ့်စိတ်ကလည်းရုန်းထွက်လိုက်ချင်ပေမယ့် မရုန်းထွက်ဖြစ်ဘူး။
    ကိုယ်တိုင်ခွဲထွက်ပြီးပြီဆိုရင်ကရှင်းပါတယ် ကျန်တာ ကိုယ်တတ်နိုင်သရွေ့ထောက်ပံ့ရုံပဲရှိတာပေါ့။
    ဝဋ်ကြွေးကြေတဲ့တစ်နေ့ အရိပ်တွေလွတ်သွားမှာပါ။

  • padonmar

    February 19, 2019 at 10:08 pm

    သီးခြားနေ၊ ကိုယ် စိတ်ပါသလောက်တော့ ထောက်ပံ့ပေါ့။
    ပေးတဲ့အခါ ပြန်ရဖို့ မမျှော်လင့်ဘဲ (ငွေရော အခြားတုန့်ပြန်မှုရော ) စိတ်ဖြတ်နိုင်သလောက် ပေးလိုက်ပါ။

    • Foreign Resident

      April 1, 2019 at 8:21 am

      အပေါ်က အန်တီဒုံ ပြောသလို

      ” သီးခြားနေ၊ ကိုယ် စိတ်ပါသလောက်တော့ ထောက်ပံ့ပေါ့။
      ပေးတဲ့အခါ ပြန်ရဖို့ မမျှော်လင့်ဘဲ စိတ်ဖြတ်နိုင်သလောက် ပေးလိုက်ပါ “

  • Yae Myae Tha Ninn

    March 28, 2019 at 1:06 pm

    ကိုယ့်ကိုယ်ကို ဝဋ်ကြီးလှပြီ ထင်နေတာ ကိုယ့်ထက်ဆိုးနေတယ်… ကောင်းတာကတော့ ဇီဇီ အကြံပေးသလိုသာ လိပ်စာမပေး ဖုန်းနံပါတ်ပြောင်းပြီးသား နေပါတော့ကွာ…

Leave a Reply