ပွိုင့်လို ချင်လို့ မဟုတ်ပဲ ကျွန်တော်သိထားသမျှကို မျှဝေပေးခြင်းသာဖြစ်ပါသည်….

တနင်္ဂနွေနေ့က အွန်လိုင်းမှာအသိအကျွမ်းဖြစ်ခဲ့တဲ့ စီးပွားရေးတက္ကသိုလ်ကကျောင်းသားလေး တစ်ယောက် ဦးဇင်းဆီကိုရောက်လာခဲ့ပါတယ်။

သူတို့သူငယ်ချင်းတစ်ခု စကားပြောနေကြတုန်း ဘာသာခြားလူငယ်တစ်ယောက်က လက်ကမ်းစာစောင် လေးတွေလာပေးတယ်တဲ့။ သူတို့ဘာသာရဲ့ကျမ်းစာမှာပါတဲ့ ကောက်နှုတ်ချက်တချို့နဲ့ သူတို့ဘာသာထဲကို ၀င်ပုံဝင်နည်း ရေးထားတဲ့စာအုပ်ကလေးပါတဲ့။
အဲဒီကိုအကြောင်းပြုပြီး သူတို့အငြင်းအခုံလေးတစ်ခု ဖြစ်သွားခဲ့တယ်တဲ့..။ ထုံးစံအတိုင်းတစ်ဘက်ကို တစ်ဘက်မကောင်းပြောထိုးနှက်ကြတာပေါ့။

အဲတော့ အဲဒီလူကဗုဒ္ဒဘာသာနဲ့ပတ်သက်တဲ့ မေးခွန်းတော်တော်များကို မေးသွားတယ်တဲ့။ သူတို့ဘယ်သူမှ မဖြေနိုင်ကြဘူးတဲ့။ အဲဒါတွေကို ဦးဇင်းဆီလာမေးတာပါတဲ့ သူကနောက်တစ်ပတ်မှာပြန်ဆုံကြမယ်လို့ ချိန်းသွားတယ်တဲ့။

အမှန်ဆိုရင် ဒါမျိုးဘာသာရေးအဓိကရုဏ်းအသွင်ဆောင်တဲ့ ငြင်းခုံမှုတွေကို အတတ်နိုင်ဆုံရှောင်ခဲ့ပါတယ်။
အခုတင်ပြပေးမှာကလဲ ဘာသာခြားလူငယ်မေးသွားတဲ့မေးခွန်း တွေရဲ့အဖြေလောက်ကိုပဲ တင်ပြပေးမှာပါ။

ဟိုကျောင်းအထိလာမေးတဲ့ လူငယ်ကိုတော့ သူတို့ဘာသာနဲ့ပတ်သက်ပြီး ဘယ်လိုပြန်မေးလိုက်လို့တော့ နည်းနည်းပါးပါးသင်ပေးလိုက်ပါတယ်။ ဒီမှာတော့အကျယ် အကျယ်ဖြစ်နေမှာမို့ တင်ပြမပေးတော့ပါဘူး။

ဒီမှာတင်ပြပေးတဲ့ ရည်ရွယ်ချက်က နောင်တစ်ချိန်မှာ အခြားလူငယ်တွေ ဒီအဖြစ်မျိုးတွေကြုံလာရင် ပြန်ပြီးချေပနိုင်အောင်လို့ပါ။

အမှန်ပြောရရင် ကိုယ့်ဘာသာဝင်လူငယ်တွေကို အားမလိုအားမရတော့ ဖြစ်မိပါတယ်။ တစ်ဘက်ဘာသာခြားများက မေးလာတဲ့မေးခွန်းတွေ လူသာပြောင်းသွားမယ် မေးခွန်းကတော့ ဒါတွေချည်းပါပဲ။ ဒီအဖြေတွေကိုလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်ကထဲက မထေရ်မြတ်ကြီးများက ဖြေဆိုခဲ့ပြီးပါပြီ။ လက်ရှိမှာလဲပဲ ဘုန်းကြီးပေါင်းများစွာက စာစောင်တွေကနေ ဖြေပေးနေတာပါပဲ။ ဒါကိုမဖြေနိုင်ဘူးဆိုတာကတော့ နည်းနည်းစိတ်ပျက်မိတာ အမှန်ပါပဲ။
ဒါပေမဲ့..အခုလို ဒီအတိုင်းအရှုံးမပေးပဲ တကူးတကလာမေးတဲ့ စိတ်ဓာတ်လေးကိုတော့လဲ နှစ်သက်အားရမိပါတယ်။

“မင်းတို့ဘုရားက ၀မ်းလျောပြီး အသေဆိုးနဲ့သေရတဲ့ ဘုရားပဲ ဒီလိုအစားအသောက်မဆင်ခြင်တဲ့ ဘုရားက မင်းတို့ကို ဘာများကောင်းချီးပေးနိုင်မှာလဲတဲ့´´

ဒီအမေးလေးကိုပဲ အရင်ဖြေကြည့်ကြရအောင်ပါ။

တကယ်တော့ ဘုရားရှင်ဟာ ၀က်သားစားပြီး ၀မ်းလျောလို့ ပရိနိဗာန်ပြုခဲ့ရတာမဟုတ်ပါဘူး။ ဘုရားရှင်ဟာ ပရိနိဗာန်မစံခင် တစ်ဝါကို ဝေဠုဝရွာမှာ ၀ါဆိုတော်မူပါတယ်။ အဲဒီဝါမ၀င်ခင် ရက်ပိုင်းအလိုကထဲက နောက်ပါရဟန်းတော်တွေကို ဝေသာလီပြည်မှာ ၀ါကပ်ကြဖို့ခိုင်းတော်မူပါတယ်။
(ဒီရက်နေရေတွက်ရင် နောက်ဆယ်လကြာတာနဲ့ ပရိနိဗာန်စံတော်မူမှာမို့ပါ)

ဒီလိုခိုင်းရတာက ဝေးဝေးလံလံသွားပြီး ၀ါကပ်ကြရင် ဘုရားရှင်ပ၇ိနိဗာန်စံရင် မဖူးလိုက်ကြရဘူးဆိုပြီး စိတ်ဆင်းရဲကြမှာမို့ပါ။

အဲဒီရက်မှာပဲ ဘုရားရှင်မှာ ပြင်းထန်လွန်တဲ့ ရောဂါဝေဒနာဆိုးကြီး ကပ်ရောက်ခဲ့ပါတယ်။ ပါဠိတော်မှာတော့ အာဗာဓာယလို့ပြထားပါတယ်။ သာမန်လူသာဆိုရင် ချက်ခြင်းသေသွားနိုင်တဲ့ ဝေဒနာလို့တောင်ဆိုထားပါတယ်။
ဒီအခါမှာ ဘုရားရှင်က ခုလိုတွေးတော်မူပါတယ်….

“ငါသည် အလုပ်အကျွေးတို့ကို အသိမပေးဘဲ ရဟန်းသံဃာကိုမပန်ကြားပဲ ပရိနိဗာန်ပြုခြင်းငှါမသင့်၊ ငါသည်ယ္ခုစွဲကပ်လာသော ဝေဒနာကို အရဟတ္တဖလသမာပတ်၏ အခြေခံရှေ့ပိုင်းဖြစ်သော ၀ိပဿနာ ၀ီရိယ, ဖလသမာပတ္တိဝီရိယဖြင့် ပယ်ခွါတွန်းလှန်၍ အသက်ရှည်စေနိုင်သော သမာပတ်ကို ၀င်စားနေရပါမူကား ကောင်းလေစွ´´
(ရှင်းရှင်းပြောရင် အရပ်ပြောပြောရရင် -နောက်ဆယ်လတိုင်တိုင် ဤရောဂါဝေဒနာများ မဖြစ်ကြစေသားလို့ ဓိဋ္ဌာန်လိုက်တာပါ)

အဲဒီနောက် ဘုရားရှင်ဟာ အရှင်အာနန္ဒာလျှောက်တော်မူတဲ့ စကားတစ်ခွန်းနဲ့ ပတ်သက်လို့ အခုလိုမိန့်တော်မူပါတယ်…။

“ချစ်သားအာနန္ဒာ ရဟန်းသံဃာသည် ငါဘုရားအထံမှ ဘယ်အရာကို မျှော်လင့်နေသနည်း၊ ငါဘုရားသည် ဆရာစားမချန်ပဲ တရားတော်ကို ဟောခဲ့ပြီ၊ တရားတော်နဲ့ပတ်သက်လို့ တစ်စုံတစ်ခုမျှ ငါဘုရားဆရာစားမချန်ခဲ့၊´´
(ဒီစကားကမှန်ပါတယ် ဒီလိုလုပ်ရင်တော့ ဘုရားဖြစ်တယ်ဆိုတာတောင် မချွင်းမချန်ပြောထားခဲ့တဲ့ ဘုရားပါ၊ ငါတစ်ယောက်သာလျှင် ဘုရားဖြစ်ရမယ်ဆိုတဲ့ အတ္တ ဗုဒ္ဒမြတ်စွာမှာ လုံးဝမရှီပါဘူး)

“ချစ်သားအာနန္ဒာ ရဟန်းသံဃာကို ငါသာလျှင်သိမ်းယူထားအဲ့၊ ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးရာရှိ၍နေစေဟူ၍ ငါဘုရားမှာ ဤကဲ့သို့စိတ်မျိုးမရှိ´´..ကိုယ့်ကိုသာအားကိုးဖို့ စသဖြင့်ဆုံးမတော်မူပါတယ်။

ဘုရားရှင်ဟာ ၀ါကျွတ်တာနဲ့ သာဝတ္ထိက ဇေတ၀န်ကျောင်းတော်ကို ပြန်ကြွတော်မူပါတယ်။
အဲဒီအချိန်မှာ အဂ္ဂသာဝကနှစ်ပါး ပရိနိဗာန်ပြုကြပါတယ်။

နောက် ဘုရားရှင် ဝေသာလီကို ကြွတော်မူပါတယ်။

“ချစ်သားအာနန္ဒာ တစ်စုံတစ်ယောက်သောသူဟာ အိဒ္ဒိပါဒ်လေးပါးကို ကောင်းမွန်စွာ ပွါးများထားမယ်ပါက အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်ပိုလွန်၍ဖြစ်စေ အသက်ရှင်ပြီးနေနိုင် တယ်´´ လို့ သုံးကြိမ်သုံးခါ မိန့်တော်မူပါတယ်။

ဒါပေမဲ့ အရှင်အာနန္ဒဟာ မာရ်နတ်ယုတ်ရဲ့ လှည့်ဖြားမှုကြောင့် အခါတိုင်း ဘုရားရှင်က ဘယ်လိုအမူအရာပြရင် ဘာကိုဆိုလိုတယ်ဆိုတာ သိပေမဲ့ ဒီတစ်ခါတော့ မသိခဲ့လိုက်ပါဘူး။

သိပ်မကြာခင် အချိန်မှာပဲ အရှင်အာနန္ဒာဘုရားရှေ့က တစ်နေရာကို သွားနေခိုက်မှာ မာရ်နတ်ရောက်လာပြီး ပရိနိဗာန်စံဝင်ဖို့ လျှောက်ထားပါတယ်။၏

“ဤနေ့မှစ၍ နောက်သုံးလလွန်ရင် ပရိနိဗာန်စံဝင်မယ်´´ လို့ပြောလိုက်ပါတယ်။

မာရ်နတ်ပြန်သွားတာနဲ့ အာယုသင်္ခါရကို လွှတ်တော်မူပါတယ်။
(၀ါမဆိုခင် ဝေဠုဝရွာမှာ ၀င်စားတဲ့ ဖလသမာပတ်ကို ဒီအချိန်ကစလို့ မ၀င်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်တာကို ဆိုလိုပါတယ်)

နောက်..ဥဒါန်းကျူးရင့်တော်မူပြီး အရှင်အာနန္ဒာကို ငလျင်လှုပ်ခြင်းအကြောင်းရှစ်ပါး၊ ပရိသတ်ရှစ်ပါး၊ အဘိဘာယတနရှစ်ပါး၊ ၀ိမောက္ခရှစ်ပါး၊ အာယုသင်္ခါရလွှတ်ခြင်းအကြောင်းအကျယ်၊ အရှင်အာနန္ဒာ သောကခေါင်းပါးရေး၊ သာသနာတော်တည်တံ့ရေး တရား၃၇ပါး စသဖြင့် တရားတော်များကို ဟောကြားတော်မူပါတယ်။

စုန္ဒရွှေပန်းတိမ်သည် ကပ်ပြီးတဲ့သူကရမဒ္ဒ၀ကို ဘုဉ်းပေးပြီးတဲ့အချိန်မှာ ဘုရားရှင်သွေးဝမ်းလားတော် မူပါတယ်။ စုန္ဒရဲ့ သူကရမဒ္ဒ၀ကြောင့် သွေးဝမ်းလားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဘယ်အချိန်ဆိုတာကို နောင်လာနောက်သားများ မှတ်မိလွယ်အောင်လို့ သူကရမဒ္ဒ၀ ဘုဉ်းပေးပြီးတဲ့အချိန်လို့ ပြောတာပါ။
(သူကရမဒ္ဒ၀ကို အခုချိန်ထိပါဠိပညာရှင်များ ဘယ်လိုဘာသာပြန်ရမယ်ဆိုတာ ငြင်းကြခုန်ကြတုန်းမို့ သူကရမဒ္ဒ၀လို့ပဲ ဖော်ပြပေးလိုက်တာပါ)

ဒါကိုဘုရားရှင်က ဘုရားရှင်အခုလို သွေးဝမ်းလားတာ ငါကပ်တဲ့ဆွမ်းကြောင့်ဖြစ်တယ်လို့ စုန္ဒတွေးပြီး စိတ်ဆင်းရဲနေမှာမို့ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို အရှင်အာနန္ဒာကို သွားပြီးရှင်းပြခိုင်းခဲ့ပါတယ်။

ဒီသူကရမဒ္ဒ၀ကို ဘုရားရှင်ဟာ ဘုဉ်းပေးခဲ့သည်ဖြစ်စေ မပေးခဲ့သည်ဖြစ်စေ သွေးဝမ်းကလားမှာပါပဲ။
တစ်ခုသော ဘ၀မှာ ဆေးဘိုးမပေးတဲ့ လူတစ်ယောက်ကို ၀မ်းနှုတ်ဆေးတိုက်ပြီး သတ်ခဲ့တဲ့အကုသိုလ် အကျိုးဝိပါက်တော်ဖြစ်နေလို့ပါပဲ။

ဒီသူကရမဒ္ဒ၀ကိုဘုဉ်းပေးလိုက်လို့သာလျှင် သွေးဝမ်းလားနေတဲ့ဘုရားရှင်ဟာ ဝေးကွာလှတဲ့ အင်းကြာင်းတောကို ခြေလျင်ကြွတော်မူနိုင်တာပါ။ သူကရမဒ္ဒ၀ကိုသာ ဘုဉ်းပေးမထားဘူးဆိုရင် အင်ကြင်းတောအထိ မကြွနိုင်ဘူးလို့ ပါဠိတော်မှာ ပြဆိုထားပါတယ်။

နောက်တစ်ချက်က သွေးဝမ်းလာသည်ဖြစ်စေ မလားသည်ဖြစ်စေ ဘုရားရှင်ဟာ ပရိနိဗာန်စံဝင်ရမဲ့ အသက်အရွယ်ကိုရောက်ခဲ့ပါပြီ။ ဒါကြောင့်မို့လဲ ရှေ့သုံးလကထဲက နောက်သုံးလနေရင် ပရိနိဗာန်စံဝင်တော်မူမယ်လို့ မာရ်နတ်ကို မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။

ဘုရားရှင်တို့ရဲ့ ဓမ္မတာတစ်ခုအရ ဘုရားရှင်တိုင်းဟာ သက်တမ်းပြည့်မနေထိုင်ကြပါဘူး။ ၂၀%ချန်ပြီးမှ ပရိနိဗာန်ဝင်စံကြရပါတယ်။ ဒါကြောင့်မို့ ဘုရားရှင်ဟာ သက်တမ်းအရ ၁၀၀နေရမှာဆိုပေမဲ့ ဓမ္မတာကြောင့် သက်တော်ရှစ်ဆယ်မှာ ပရိနိဗာန်စံဝင်ခဲ့တာပဲဖြစ်ပါတယ်။

နောက်ဆုံးပြောခဲ့ချင်တာ သူကရမဒ္ဒ၀စားမိလို့ သွေးဝမ်းလားပြီး ပရိနိဗာန်ဝင်စံရတာ မဟုတ်ပါဘူး၊ အချိန်ကြလို့ ၀င်စံခဲ့တာပါပဲ။

ဒီအဖြေလောက်ဆိုရင် ကျေနပ်မိမယ်လို့ထင်ပါတယ်။ အကျယ်သိလိုပါက သုတ်မဟာဝါပါဠိတော်မြန်မာပြန်၊ မဟာဗုဒ္ဒ၀င်၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဒ၊ ဇိနတ္ထပကာသနီ စသောကျမ်းများမှာ အကျယ်ဖတ်ရှု့နိုင်ကြပါတယ်။
………………………………………………………………….အရှင်ခေမာနန္ဒာလင်္ကာရ

Read more: ဘုရားရှင် ၀မ်းလျောလို့ ပရိနိဗာန်ပြုရတယ်ဆိုတာ မဟုတ်ပါဘူး – Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:76810?xg_source=activity#ixzz0ykqaA2dm

About william hoe

william hoe has written 5 post in this Website..