မေ့မရနိုင် ၃ နှစ်တိုင်

manawphyulayMarch 4, 20193min11831

မေ့မရနိုင် ၃ နှစ်တိုင်

လူ့လောကသို့ ရောက်ရှိခဲ့စဉ်

ကလေးဘဝမှ နွေးထွေးချစ်ခင်

အပိုစကားမဆို အပြုံးချိုချိုဖြင့်နှုတ်နည်းလွန်းတဲ့ ဖေဖေ

အပြောဆို သိမ်မွေ့

မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ်

အေးချမ်းစွာ ပြောဆိုတတ်တဲ့ ဖေဖေ

ကြွေတစ်လှည့်

ဝေတစ်လှည့် လောကဓံကြားမှာ

မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ … ဖေဖေ

ကျနေတဲ့ ချွေးစက်တွေနဲ့
ရုန်းကန်ခဲ့တဲ့ နေ့ရက်များက

ဖေဖေ့ ရဲ့ မေတ္တာတွေကို နိုင်းပြနေပေမယ့်
ဖေဖေ ဟာသားသမီးတွေကို ချစ်တယ်လို့ထုတ် မပြောခဲ့ တာ အမှန်ပါ

သမီးရေ….

ဖေဖေ စိတ်ချတယ်သမီး

မြေးလေးပဲ ဂရုစိုက်ပါသမီးရယ်လို့ ရင်ထဲစကား ထုတ်ပြောခဲ့သည့် ဖေဖေ

မပြေလည်မှုတွေ

အခက်ခဲတွေ

ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး

အမျိုးမျိုး ပြောရင်း

နင့်အဖေလုပ်စာ စားနေတာလို့

ခုချိန်ထိ မေမေ ပြောနေတုန်းပဲ ဖေဖေ…

သွားလေသူ ဖေဖေရေ…

အေးချမ်းတဲ့ ခရီးလမ်းမှာ..

အမှန်တစ်ကယ် ငြိမ်းချမ်းနေပါစေရယ်လို့

မရှိမှန်းသိလျှက်နဲ့

ရှာဖွေနေမိဆဲ နေသားမကျသေးတဲ့

သမီးတို့မိသားစုရဲ့ အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့

ဖေဖေ့ပုံရိပ်တွေထဲ ခုထိနိုးထဖို့ ခွန်အားမရှိသေးဘူး ဖေဖေ…

ဘဝတစ်ခုလုံး

နှလုံးသားလှ ခဲ့တဲ့ဖေဖေ

အပြုံးတစ်ခုနဲ့ ဘဝကို ထုဆစ်ခဲ့တဲ့ဖေဖေ

အေးအေးချမ်းချမ်း နေတတ်ခဲ့တဲ့ ဖေဖေ

သည်းခံခြင်းကိုကျင့် မေတ္တာတရားပွား သဒ္ဒါတရားလည်းမရှားတဲ့ ဖေဖေ့အတွက်

ငြိမ်းချမ်းခြင်းဆိုတဲ့ တရား ထာဝရဖေဖေ့အတွက် ဖြစ်ပါစေ…

ယနေ့အထိ ဖေဖေ့အေတွက်ရည်စူး ပြုပြုသမျှသော ကောင်းမှုကုသိုလ် တွေအတွက် ရောက်ရာ ဘဝကနေ သာဓုခေါ်ပါ ဖေဖေ…..

ဘာလိုလိုနဲ့ သမီးတို့ကို ဖေဖေခွဲခွာသွားခဲ့တာ ၆ ရက် မတ်လ ၂၀၁၉ ခုနှစ်ဆိုရင် သုံးနှစ်ပြည့်ခဲ့ပြီဖေဖေ….

မနောဖြူလေး

၄-၃-၂၀၁၉

၁ နာရီ ၅၅ မိနစ်