ရန်ကုန် Walking Tour

Mon LayJune 11, 20195min3634

ရန်ကုန် Walking Tour လို့ ပြောလိုက်ရင် Tour လုပ်ငန်းမှာ လုပ်နေတဲ့သူတွေနဲ့တော့ မစိမ်းပေမယ့် တခြားပြင်ပလောက လူတွေဆိုရင်တော့ စိမ်းနေမယ်ထင်ပါတယ်။ ဘယ်လို?? ရန်ကုန်မှာ လမ်းလျှောက်တဲ့ တိုး ဟုတ်လား..ဘယ်မှာလည်စရာရှိလို့လဲ ဆိုပြီး ရန်ကုန်မှာနေတဲ့ သူတွေက နယ်ဘက်တွေကို ခရီးတွေထွက်သွားတတ်ကြတယ်။ အမှန်တကယ်တော့ မွန်လေး တို့နေနေတဲ့ ရန်ကုန်မြို့ပေါ်မှာလည်း လည်ချင်စရာတွေ ၊လေ့လာစရာ ဗဟုသုတတွေ အများကြီး ရှိလို့နေတယ်ဆိုတာ မွန်လေးလည်း တိုးလုပ်ငန်းလုပ်မှ နိုင်ငံခြားသားဧည့်သည်တွေ ကိုခရီးစဉ်တွေဆွဲပေးရင်း သိခဲ့ရပါတယ်။ စာတွေလိုက်ဖတ်တာအားမရလို့ ကိုယ်ကိုယ်တိုင် လေ့လာဥိီးမယ်ဆိုပြီး တစ်နေ့တော့ သွားလည်ပတ်ဖြစ်ခဲ့ပါတယ်။

သူများကိုကိုယ်ကပြောပြချင်ရင် ကိုယ်ကအရင်သိအောင်လုပ်ရတယ်လေ..ဟုတ်တယ်မှတ်လား

ဒီတော့ အားတဲ့တစ်နေ့မှာ မွန်လေး ရန်ကုန် walking tour လေးစခဲ့ပါတယ်။

#ဆူးလေဘုရား

မြန်မာနိုင်ငံရှိထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်ပြီး လေးဆူ နတ်ကြီး တို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသည်။ မဟာဗန္ဓုလလမ်းနှင့် ဆူးလေလမ်းဆုံ ရန်ကုန်မြို့ အလယ်တည့်တည့်တွင် တည်ရှိသည်။

#မဟာဗန္ဓုလပန်းခြံ
ရန်ကုန်မြို့ရှိ ကျော်ကြားသော အများပြည်သူ အပန်းဖြေရာနေရာဖြစ်သည်။ ပန်းခြံသည် ခေတ်အဆက်ဆက် ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းများနှင့် အများပြည်သူ စုဝေးရာနေရာ အဖြစ်ရှိခဲ့ပြီး ကိုလိုနီခေတ်ကတည်းကပင် နိုင်ငံရေးလှုပ်ရှားမှုများနှင့်လည်း ဆက်နွယ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အပါ အဝင် နိုင်ငံ့ခေါင်းဆောင်များ ဤပန်းခြံတွင် လွတ်လပ်ရေးအတွက် လှုံ့ဆော်ဟောပြောခဲ့သည်။ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်း တို့ကြားတွင် တည်ရှိသည်။

#မြို့တော်ခန်းမ
၁၉၂၅-၁၉၄ဝခုတွင် ရန်ကုန်မြူနီစပယ် ရုံးခန်းအဖြစ်အသုံးပြုရန် တည်ဆောက်ခဲ့သည်။ မူလပုံစံမှာ အနောက်တိုင်းပုံဖြစ်ပြီး ဆောက်လုပ်ပြီးစီးခါနီးမှ အများဆန္ဒအရ ပုဂံလက်ရာအပြောက်အမွှန်းကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်မှ ထပ်မံဖြည့်စွက်ခဲ့သည်။ မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ရှိသည်။

#ဧရာဝတီရုံးချုပ်

မဟာဗန္ဓုလလမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)ထောင့်ရှိ အဆောက်အအုံမှာ မူလက ရိုးကုန်တိုက် ဖြစ်ပြီး ၁၉၁ဝ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ သည်။ ကုန်တိုက်၏ ဗိသုကာလက်ရာဒီဇိုင်းကို မွန်ဘိုင်းမြို့၏ နာမည်ကျော် ဗိသုကာလုပ်ငန်းစုဖြစ်သော Messrs. Charles F. Stevens & Co, က ရေးဆွဲခဲ့ပြီး ၁၉၀၈ခုနှစ်မှ ၁၉၁ဝခုနှစ်အတွင်း တည်ဆောက်ခဲ့ သည်။ ဆိုရှယ်လစ်ခေတ်အတွင်း လုပ်သားကောလိပ်၏ စာကြည့်တိုက်အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်မှာ ၂၀၀၆ ခုနှစ် နေပြည်တော်သို့ မပြောင်းရွေ့မီထိပင်ဖြစ်သည်။ ဧရာဝတီဘဏ်ရုံးချုပ် အဖြစ် ပြန်လည် ပြင်ဆင်ခြင်းမှာ ၂ဝ၁၄ခုနှစ်တွင် ပြီးစီးခဲ့ပြီး ရန်ကုန်မြို့လယ်၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုအချက် အချာနေရာတွင် ပုံစံသစ်ဖြင့် ရပ်တည်နေပြီဖြစ်သည်။

#ဧမာနွေလ ဘုရားကျောင်း
၁၈၈၅ ခုတွင် အမေရိကန် သာသနာပြုအဖွဲ့တစ်ဖွဲ့မှ တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်၊ မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။ ရန်ကုန်မြို့ရှိ ရှေးအကျဆုံးသော ခရစ်ယာန်နှစ်ခြင်း ဘုရားကျောင်းများမှ တစ်ခုဖြစ် သည်။

#ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
၁၉၀၅-၁၉၁၁ ခုတွင် တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မဟာဗန္ဓုလလမ်းမပေါ် မဟာဗန္ဓုလပန်းခြံနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

#ပင်စင်ဦးစီးဌာန
၁၉၀ဝခုတွင် တည်ဆောက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများနိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမှ အငြိမ်းစား ယူကြသည့်အခါ ဥပဒေပါ အကျိုးခံစားခွင့်များ ဖြစ်သည့် ပင်စင်လစာနှင့် လုုပ်သက်ဆုငွေ တို့ ကိုနိုင်ငံတော်မှ ပြန်လည် ချီးမြင့်ရာတွင် သည်ဌာနကတာဝန် ယူဆောင်ရွက်ပေးရခြင်းဖြစ်သည်။ ဘဏ်လမ်းထဲတွင် တည်ရှိသည်။

#အကောက်ခွန်ဦးစီးဌာန

(၁၇၅၅)ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ တရုတ်ဒီဇိုင်းပုံစံဖြင့်ဆောက်လုပ်ထားပြီး အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု လုံခြုံချောမွေ့စေရေး နှင့် လူမှုအဖွဲ့အစည်းကို အကာအကွယ် ပေးရေးအတွက် ကုန်သွယ်မှုအသိုင်းအဝို်င်းတွင် ပါဝင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပုံဖော်ဆောင်ရွက်လျက်ရှိသည်။

#မြန်မာ့စီးပွားရေးဘဏ်

(၁၁.၈.၁၉၅၄)ရက်နေ့တွင် တည်ထောင်ခဲ့သည့် ယခင်နိုင်ငံတော်ကူး သန်းရောင်းဝယ်ရေး ဘဏ်(SCB)၏ ပြည်တွင်းဘဏ်လုပ်ငန်းအားလုံးကို ဆက်ခံခဲ့ပြီး (၂၃.၂.၁၉၆၃) ရက်နေ့တွင် ဘဏ်များ ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး ပြည်သူ့ဘဏ်များအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ (၁.၁၁.၁၉၆၉) ရက်နေ့ တွင် ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ၊ ၁၉၇၅ခုနှစ် ဘဏ်ဥပဒေအရ (၁.၄.၁၉၇၆)ရက်နေ့မှ မြန်မာ့စီးပွားရေးဘဏ်ကို စတင်တည်ထောင် ခဲ့ပါသည်။

#မြန်မာ့စီးပွားရေးဘဏ်-၂
မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲ-၂ ဖြစ်သည်။ ပန်းဆိုးတန်းလမ်း နှင့် ဘဏ်လမ်းထောင့်တွင် တည်ရှိပြီး ပန်းဆိုးတန်းလမ်းမှ ကြည့်လျှင် ညာဘက်ခြမ်းတွင် ရှိသည်။

#ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
(၁၈၆၅)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည်။ ပန်းဆိုးတန်း လမ်းမကြီးပေါ်တွင် တည်ရှိပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးမှုဘဏ်၏ ဘယ်ဘက်တွင် ရှိသည်။

#မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်

၁၉၃ဝ ခုနှစ်က ဆောက်လုပ်ခဲ့ ပြီးဂရင်းဒလေဘဏ်၏ရန်ကုန်ဘဏ်ခွဲအဖြစ် အသုံးပြုခဲ့ကာ၁၉၇ဝ ပြည့်နှစ်တွင်အမျိုးသားပြတိုက်အဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။ မြန်မာနိုင်ငံရှိ ခေတ်သစ်ဘဏ်လုပ်ငန်းစနစ်သည် အာရှရှိ သက်တမ်းအရင့်ဆုံး ဘဏ် စနစ်များမှတစ်ခုဖြစ်ပြီး ၁၈၅ဝ ခုနှစ်ကျော်ကပင် နိုင်ငံတကာ ဘဏ်ကြီးများစွာ ရန်ကုန်တွင် စတင် အခြေစိုက်ခဲ့ကြသည်။

#မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
၁၉၂၈ ခုတွင် တည်ဆောက်ခဲ့ပြီး ပင်လယ်ကူးသင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဝင်ထွက်၊ ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ဆောင်မှုပေးရသော ဌာနတစ်ဖြစ်သည်။ ကမ်းနားလမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့် ၃ရလမ်း ဘေးတွင် တည်ရှိသည်။

#မြန်မာ့လေကြောင်းရုံး
(၁၉၄၈)ခုနှစ် တွင် တည်ထောင်ခဲ့သည်။ ကမ်းနားလမ်းပေါ် ၃ရလမ်း နှင့် ၃၈လမ်း ကြားတွင် တည်ရှိသည်။

#Strand ဟိုတယ်
၁၉၀၁ ခုတွင် တည်ဆောက်ခဲ့ပြီး Far East ဒေသတွင် ဟိုတယ်မြောက်မြားစွာပိုင်သော
Sarkies ညီအကို၂ယောက်က အုပ်ချုပ်ခဲ့သည်။ ကမ်းနားလမ်းပေါ် ဆိပ်ကမ်းသာလမ်း နှင့် ၃၈လမ်းကြားတွင် တည်ရှိသည်။

#ရန်ကုန်စာတိုက်ကြီး

ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်တွင် တည်ရှိသော ရန်ကုန်စာတိုက်ကြီးသည် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များစာရင်းဝင် အဆောက်အအုံတစ်လုံးဖြစ်သည်။ ဗိသုကာ အမွေအနှစ်လက်ရာကောင်း တစ်ခုဖြစ်သကဲ့သို့ ဂေါ့သ် လက်ရာ ပြတင်းပေါက်များ၊ လှပစွာတန်ဆာဆင်ထားသော ဆင်ဝင်ကြီးနှင့် အဝင်ခန်းမ တစ်ဖက်တစ်ချက်တွင် သံလှေကား ကြီးနှစ်ခု ထည့်သွင်း တည်ဆောက် ထားသော ကြက်သွေးရင့်ရောင် အဆောက် အအုံသည် ကမာ္ဘလှည့် ခရီးသွားများကို ဆွဲဆောင်နိုင် သည့် အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။

#အာမီနီယမ်ဘုရားကျောင်း

(၁၈၆၂)ခုနှစ်တွင် တည်ဆောင်ခဲ့ပြီး ရှေးအကျဆုံးဘုရားကျောင်းဖြစ်သည်။ အာမီနီ ယမ်လက်ရာများဖြင့်တည်ဆောက်ထားပုံကိုလေ့လာနို်င်သည်။ ဗိုလ်အောင်ကျော် လမ်းမပေါ်တွင်တည်ရှိသည်။

# Mahatama ဂန္ဒီခန်းမ
၁၉၁၁ ခု ဝန်းကျင်တွင် တည်ဆောက်ခဲ့ပြီး မူလက Rangoon Times သတင်းစာတိုက် ဖြစ်ခဲ့သည်။ ၁၉၅၁ ခုမှစကာ Mahatma Gandhi Trust ကို တည်ထောင်ပြီး ဘာသာရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာဖြစ်ခဲ့သည်။ ကုန်သည်လမ်း နှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင် တည်ရှိသည်။

#စာပေဗိမာန်
၁၉၅၆ ခုတွင် တည်ဆောက်ခဲ့ပြီး စစ်ပြီးခေတ် ဗိသုကာလက်ရာများဖြင့် ဖန်တီးထားသော အဆောက်အအုံဖြစ်သည်။ ကုန်သည်လမ်းမကြီးပေါ် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ မျက်နှာချင်းဆိုင်တွင်ရှိသည်။ ဝင်ကြေး သုံးထောင်သာပေးရတဲ့ ဒီစာကြည့်တိုက်က ရန်ကုန်စာချစ်သူတွေကြားမှာ လူသိများပါတယ်။ စာအုပ်တွေလည်း ရောင်းချပေးသလို စာအုပ်တွေကိုလည်း အခကြေးပေးပြီး ငှားလို့ရပါတယ်။

#လောကနတ်အဆောက်အအုံ

အီတလီပုံစံ အပြောက် အမွမ်းများနှင့် ခမ်းနားစွာတန်ဆာဆင်ထားသည့် အဆိုပါအဆောက် အအုံကို ၁၉၀၆ ခုနှစ် ဝန်းကျင်က ဆောက်လုပ်ခဲ့ပြီး ပထမထပ် ရှိ လောကနတ်ပန်းချီပြခန်းကို အစွဲပြုကာ လောကနတ်အဆောက် အအုံ ဟု ထင်ရှားသည်။ ယခုလက်ရှိတွင် ပြည်တွင်း အခွန်ဦးစီးဌာန ရုံးခန်းနှင့် အခြား ပုဂ္ဂလိကလုပ်ငန်းများစွာ၏ ရုံးခန်း၊ဆိုင်ခန်းများလည်း ဖွင့်လှစ်ထားသည်။

#ပြည်တွင်းအခွန်များဦးစီးဌာန
၁၉၇၂ ခုတွင်စတင်ဖွဲ့စည်းခဲ့သည်။ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်း လမ်းထောင့်တွင်ရှိသည်။

#အိန္ဒိယသံရုံး

၁၉၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ထိုအဆောက်အအုံကို မူလက ကာလကတ္တား အခြေစိုက် အာမခံလုပ်ငန်းဖြစ်သည့် အိုရီယန်တယ် အသက် အာမခံကုမ္ပဏီ၏ ရုံးခန်းအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅ရ ခုနှစ်မှ စ၍ အဆောက်အအုံကို အိနိ္ဒယသံရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းများ ကျင်းပကာ ရန်ကုန်မြို့တွင် အိနိ္ဒယယဉ်ကျေးမှုများ ပြန်လည်မိတ်ဆက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

#ယခင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
၁၉၀၅ခုခန့်က တည်ဆောက်ခဲ့ပြီး အင်္ဂလိပ်ခေတ်က ပထမဦးဆုံး မြန်မာနိုင်ငံသားပိုင် မြန်မာအဆွေကုန်တိုက် ဖြစ်သည်။ ဒဂုံမဂ္ဂဇင်း၊ အေဝမ်းရုပ်ရှင် ကုမ္ပဏီတို့လည်း ဖွင့်လှစ်ခဲ့ဖူးသည်။ ၁၉၉၂-၂၀၀၅ ထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအုဖစ် ဖွင့်ခဲ့သည်။ ဆူးလေဘုရားလမ်းမပေါ်တွင် တည်ရှိပြီး မဟာဗန္ဓုလပန်းခြံ၏ မျက်စောင်းထိုး ဆူးလေဘုရားနှင့် နီးကပ်လှသည်။

#ရန်ကုန်တိုင်းဒေသကြီး မီးသတ်စခန်း

 ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံစာရင်းဝင်ဖြစ်ပြီး ရန်ကုန်မြို့တွင် မူလအသုံးပြု သည့် ပုံစံအတိုင်း ဆက်လက်အသုံးပြုနေဆဲဖြစ်သည့် သက်တမ်းအရှည်ဆုံး အဆောက် အအုံတစ်လုံးအဖြစ် တည်ရှိနေ သည်။ အက်ဒွပ်ခေတ် ဗိသုကာ လက်ရာကောင်း တစ်ခုဖြစ်ပြီး ပေ ၁၀ဝ အမြင့်ရှိမျှော်စင်ကြီးလည်းပါ ရှိသော မီးသတ်အဆောက်အအုံကို ၁၉၁၂ ခုနှစ်တွင်ဆောက် လုပ် ပြီးစီးခဲ့သည်။ အဆိုပါ အဆောက်အအုံ သည် မြန်မာနိုင်ငံတွင် မြင်းဖြင့် ဆွဲသော အင်ဂျင်များ အား ဓာတ်ဆီ (သို့မဟုတ်) ရေနွေးငွေ့သုံး အင်ဂျင်များဖြင့် အစားထိုးပြောင်းလဲ ခဲ့သော ပထမဆုံးမီးသတ်စခန်းဖြစ်သည်။




အပေါ်မှာ ဖော်ပြခဲ့တဲ့နေရာတွေကတော့ မွန်လေးကိုယ့်အစီအစဉ်နဲ့သွားခဲ့တဲ့နေရာတွေေ ပါ့နော်။ လမ်းတောက်လျှောက် မြေပုံကြည့်ပြီးသွားတယ်။ ပြီးရင်ဓါတ်ဖမ်းတယ်။ အကယ်လို့ သွားချင်တဲ့အခါ ရေဘူး၊တစ်သျှူးတို့တော့ ဆောင်သွားနော်။ ဖိနပ်ကတော့ ရူးဖိနပ် စီးပေါ့။ walking tour ဆိုတော့ မောလိုက်၊ လျှောက်လိုက်၊ရေသောက်လိုက်၊ ချွေးထွက်ရင် တစ်သျှူးလေးသုတ်လိုက်ပေါ့။ အမှန်ကလေ..နောက်ထပ်လည်ဖို့ကောင်းတာတွေ အများကြီး ကျန်ပါသေးတယ်။ တစ်ရက်ထဲနဲ့ မကုန်နို်င်လို့ နောက်အားတဲ့အခါမှပဲ ထပ်သွားပြီးပြန်ရှယ် ပါဦးမယ်။ ဒီလောက်နဲ့ပဲကျေနပ်ကြပါနော်။





4 comments

  • aye.kk

    June 11, 2019 at 3:13 pm

    မသိသေးတာတွေ
    သိလိုက်ရလို ့ကျေးဇူးနော်။

  • Shar Thet Man

    June 11, 2019 at 3:19 pm

    ဟုကဲ့ပါ

  • Foreign Resident

    June 28, 2019 at 11:22 pm

    မသိသေးတာတွေ သိလိုက်ရလို ့၊
    ကျေးဇူးပါ ။

Leave a Reply