ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိင်တူချစ်သူဆိုတဲ့ကိစ္စတွေကို လက်ခံနိုင်စွမ်း ကျနော့်မှာ မရှိသေးဘူး။ ယောက်ျားလေးက မိန်းကလေးကို၊ မိန်းကလေးက ယောက်ျားလေးကို ချစ်လို့ရပါတယ်။ ချစ်ကြစမ်းပါ။ ကမ္ဘာပေါ်မှာ ယောက်ျားတွေ မိန်းမတွေ အများကြီး။ ရိုက်သတ်လို့တောင် မကုန်ဘူး။

ဘာကြောင့် ကျား ကျားချင်း၊ မ မချင်း ချစ်ချင်ကြသတုန်း။ အဲ့လို ချစ်လို့ရော ဘာတွေများ ကောင်းကျိုး ရှိလာမတုန်း။ စဉ်းစားကြည့်ကြပါ။ ကျနော်က အဲဒီလိုပြောတော့ “မင်းတို့က ချစ်မှ မချစ်ဘူးတာ ဘယ်ခံစားတတ်ပါ့မလဲ”လို့ ပြန်ဖြေပါလိမ့်မယ်။

ကျနော် လိင်တူချစ်သူနေရာက ၀င်စဉ်းစားကြည့်တယ်။  သူနဲ့ ကျနော်  ခန္ဒာကိုယ်တည်ဆောက်ပုံချင်း တူနေတာတွေ ၊ အိမ်ထောင်ရေးသုခ ခံစားတဲ့ကိစ္စတွေ အသာထားလိုက်ဦးဗျာ။ ဒီလောကကြီးမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အနာဂါတ်ကောင်းကျိုး သယ်ပိုးမယ့် ကိုယ့်မျိုးဆက် ရင်သွေးလေးတယောက်တောင် မချန်ခဲ့နိုင်တဲ့ ကိစ္စနဲ့ ဒီလိုမျိုး လိင်တူချစ်သူကိစ္စ တွေကို နားလည်မပေးနိုင်သေးတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းမှာ ကျင်လည်ရမယ့် ကိုယ့်မိဘ ဆွေမျိုးနဲ့ ကိုယ့်အိမ်ထောင်ရှေ့ရေးကို တွေးကြည့်လိုက်ရင်ကိုပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်ဆိုတာ သိသာနေပါပြီ။

စိတ်အလိုကို မလိုက်ကြပါနဲ့။ လောကကို စိတ်ကဆောင်နေတာလို့ မြတ်ဗုဒ္ဓက ဟောပါတယ်။ အခုလည်း ဒါတွေဖြစ်လာတာဟာ စိတ်ကြောင့်လို့ ပြောလို့ရပါတယ်။

ဒီနေရာမှာ ဖြစ်နိုင်ချေရှိတာတွေကို ထည့်ပြောပါရစေ။ ကျနော်က ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ဇာတိပါ။ ကျနော်တို့မြို့မှာ အပျိုမိန်းကလေးတွေရဲ့ မိဘတွေက သူတို့သမီးတွေကို ရည်းစားထားမှာ စိုးရိမ်တော့ ချုပ်ချယ်ကြပါတယ်။ ယောက်ျားလေး သူငယ်ချင်းထားရင် မကြိုက်ဘူး။ သူတို့နဲ့ အပြင်သွားဖို့လည်း ခွင့်မပြုဘူး။ အိမ်လာလည်ရင်လည်း နှစ်သက်လေ့မရှိကြဘူး။ အိမ်လည်လာတဲ့ လူပျိုကောင်လေးတွေဆိုလည်း“ဒီကောင် ငါ့သမီးကို ဘာမဟုတ်တာ ကြံနေသလဲ”ဆိုပြီး သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံရပါတယ်။

ဒါပေမယ့် တဖက်မှာက ဘောပြား လို့ခေါ်တဲ့ မိန်းကလေးက ယောက်ျားစိတ် ပေါက်နေတဲ့သူ (ယောက်ျားလျာ) တွေကိုတော့ “သူတို့က မိန်းကလေးချင်းပဲ။ ချစ်တာကြိုက်တာတွေ၊ လွန်ကျူးတာတွေ၊ စော်ကားတာတွေ မဖြစ်နိုင်ဘူး”ဆိုပြီး မိဘက လွှတ်ထားပေးတယ်။ အပြင်သွားမယ်ဆိုလည်း သူတို့နဲ့ဆို ထည့်ပေးလိုက်တယ်။ အိမ်မှာလာလည်ရင်လည်း ခွင့်ပြုတယ်။ တချို့ဆို အိမ်မှာအတူလာအိပ်တာတောင် ခွင့်ပြုတယ်။ နောက်တော့ ဘာတွေဖြစ်ကုန်သလဲ။

အနေကြာလာတော့ သံယောဇဉ်တွေဖြစ်။ နောက်တော့ ဘောပြားတွေက ကောင်မလေးတွေကို ချစ်စကား၊ ကြိုက်စကားပြော။ (သူတို့စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယောက်ျားလေးထင်နေတော့ ရည်းစားထားဖို့ဆို မိန်းကလေးကိုပဲ စဉ်းစားတော့တာပေါ့)။ ကောင်မလေးတွေကလည်း ဘယ်လူပျိုယောက်ျားမှ အနားကပ်ခွင့်မရတော့ ဒီဘောပြားတွေကို ယောက်ျားလေးလို ထင်ကုန်ပြီး ပြန်ကြိုက်ကုန်ကြရော။

တချို့ဘောပြားတွေများ ကျုပ်တို့ ယောက်ျားတွေထက် စွံသဗျ။ ချောပေ့ လှပေ့ဆိုတဲ့ ကောင်မလေးတွေနဲ့ ရည်းစားထည်လဲ တွဲနိုင်တယ်။ ကောင်မလေးတွေက ဆိုင်ကယ်နောက်ကနေ ခါးကလေးဖက်လို့ ဘောပြားမောင်မောင်ကတော့ ရင်ကော့ပြီး ရှေ့ကမောင်းလို့။ ဒီကနေ့ ဒီတယောက်နဲ့တွေ့။ ဟော နောက်တပတ်ကျတော့ နောက်တယောက်ပြောင်းသွားပြန်ရော။ “ဟိုအရင်ကောင်မလေးကရော ဆိုတော့” “သိပ်အချိုးမပြေလို့ ဖြတ်ပစ်လိုက်ပြီ” ဆိုပဲ။ လုပ်ပေါက်က မခန့်တာ။

အဲသလိုတွေ ဖြစ်ကုန်တော့ဘာဖြစ်သလဲ။ အစပိုင်းတော့ အတူတူ ရုပ်ရှင်ကြည့်။ ကျောင်းတက်။ လျှောက်လည်ကြ၊ ချိန်းတွေ့ကြတဲ့အဆင့်ကနေ နောက်ပိုင်းတော့ မခွဲနိုင်မခွာရက်တွေ ဖြစ်ကုန်ရော။ မိဘတွေက ကိုယ့်သမီးဘာဖြစ်နေမှန်းမသိဘဲ အရွယ်ရောက်လို့ ယောက်ျားစစ်စစ် သမက်လောင်းလည်း ရွေးရော မိန်းမချင်း လိုက်ပြေးတာ၊ ခိုးကြတာတွေ ဖြစ်ကုန်ကြရော။ နောက်တော့ ဘာမှ မပြောနိုင်တော့ပဲ လက်မှိုင်ချပြီး ဒီအတိုင်းလွှတ်ထားရတဲ့ဘ၀ ရောက်ကုန်တော့တယ်။ တဦးတည်းသော သမီးရှင် မိဘတွေဆို ပိုဆိုး။

အလိုလိုမှ ကိုယ့်သမီး ယောက်ျားနောက် လိုက်ပြေးရင် အရှက်ကွဲရတဲ့အထဲ မိန်းမချင်း လိုက်ပြေးတယ်ဆိုတော့ စာဖတ်သူ စဉ်းစားသာကြည့်ပေတော့။ မိဘတွေ ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာမျိုးနဲ့ လူလုပ်ရဲကြပါ့မလဲ။ လိုက်ပြေးတဲ့ အတွဲကို ပတ်ဝန်းကျင် အသိအမှတ်ပြုအောင် တရားဝင် မင်္ဂလာဆောင်ပေးလို့ကလည်း မဖြစ်။  လင်မယားခေါ်ရလည်း အခက်။ အီးကော်မရ၊ ပဲလှော်မရတဲ့ဘ၀တွေရောက်ကုန်ရော။

တကယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်သမီးပျိုတွေကို ထိုက်သင့်တဲ့ လွပ်လပ်ခွင့်ပေးရမှာပါ။ ကိုယ့်သမီးကို လာကြိုက်တဲ့ကောင်က လူဆိုးလား၊ လူကောင်းလား။ ဘယ်လိုယောက်ျားမျိုးလဲ အကဲခတ်။ တားသင့်တန်ရင် တား။ “သမီးအနေနဲ့ ချစ်သူရည်းစားထားမယ်ဆိုရင် အဖေတို့၊ အမေတို့ကို ခေါ်လာပြ။ အကဲခတ်ပေးမယ်” စသဖြင့် ကိုယ့်သမီးကို မှာထားပေါ့။ သင့်တော်တဲ့လူမျိုးဆိုလည်း ဘေးကနေ ထိမ်းသိမ်းပေးပြီး အလွန်အကျွံမဖြစ်ရအောင် စောင့်ရှောက်။ မိဘက အဲဒီလို အလိုက်သိရင် သားသမီးကလည်း နားလည်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ မိန်းမချင်းဆိုပြီး လွှတ်ပေးထားလို့ကတော့ အပေါ်မှာ ပြောခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

အဲဒီ မိန်းမချင်းချစ်ကြတဲ့ လိင်တူချစ်သူများကတော့ ကျနော့်ကိုယ်တွေ့မျက်မြင်အရ ပြောရရင် မိဘတွေ၊ ညီအစ်ကို မောင်နှစ်မဆွေမျိုးတွေ ဘယ်လိုအရှက်ကွဲတာထက် သူတို့ချစ်ခြင်း  မပြိုကွဲဖို့ကို ပိုအလေးထားလေ့ရျိပါတယ်။ ဒါကြောင့်လည်း ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ရွေးချယ်ကြတာပေါ့။ သူတို့ချင်း အတူနေရ၊ ချစ်ရတာကို  ပျော်နေ။ ကြည်နူးနေတာပါ။ ဈေးသွား အတူတူ။ ဟိုတတွဲတွဲ ဒီတတွဲတွဲပေါ့။ သွားလိုက်လာလိုက်။ စားလိုက်သောက်လိုက်နဲ့။

ကျနော်က ကုန်သည်လုပ်တော့ ကျနော့်ဆီဈေးလာဝယ်တဲ့ မိန်းမချင်း လိင်တူချစ်သူစုံတွဲရဲ့ ပုံစံကို ပြောပြချင်တယ်။  ယောက်ျားလျာဖြစ်တဲ့ ယောက်ျားက ကွမ်းလေးတပျစ်ပျစ်ထွေးလို့ ရှပ်အကျီလက်တို အကွက်စိပ်ကလေးဝတ်ပြီး အောက်က ပုဆိုးဝတ်ထားတယ်။ ယောက်ျားဂိုက်ပေါ့။ မိန်းမဖြစ်တဲ့သူကတော့ မိန်းမပုံပေါ့။ ထမီနဲ့ ရိုးရိုးအကျီဝတ်ထားတယ်။

ယောက်ျားဖြစ်သူက ကျနော့်ကုန်ပစ္စည်းတခုကို ကောက်ကိုင်ပြီး ဈေးမေးတယ်။ “ညီလေး ဒါဘယ်လောက်လဲ”

ကျနော်ပြန်ဖြေလိုက်တယ်။ “၂၅၀ ပါ အစ်မ”

ကျနော့်အဖြေကြားတော့ နှစ်ယောက်စလုံး မျက်နှာရှုံ့သွားတယ်။ ဒါပေမယ့် ယောက်ျားလုပ်တဲ့ ကိုဘောပြားက မလျော့သေးဘဲ “အိမ်က အစ်ကို့အမေက စားချင်လို့တဲ့ကွာ။ နည်းနည်းလျော့ပါဦးလား”

“ကျနော်တို့က ပုံမှန်ဈေးပဲရောင်းတာပါ။ လျော့လို့ မရတော့ဘူး အစ်မ”။

နောက်တကြိမ် အစ်မထပ်ခေါ်တော့ မိန်းမဖြစ်သူ နှာကစ်သွားတယ်။ “လာပါအစ်ကိုရယ်။ ဒီဈေးသည်က အကြောတင်းတယ်။ တခြားဆိုင်သွားဝယ်ရအောင်”တဲ့။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်”လို့ပဲ ကျနော်ပြန်ပြောလိုက်ပါတယ်။ အဲဒီနေ့က ဈေးဦးမပေါက်သေးဘူးဗျ။ ကျနော် မြှောက်ပင့်ပြီး အလိုက်အထိုက်ပြောရင် သူတို့ ၀ယ်မှာပါ။ ကျနော်အတပ်သိတယ်။ ဒါပေမယ့် မပြောချင်ဘူးဗျာ။ ကျနော်တို့တိုင်းပြည်မှာ ပြောချင်ရက်နဲ့ မျိုသိပ်ထားရတဲ့အမှန်တရားတွေ များနေပြီမို့လားဗျ။

မောင်ညီလေး

(မှတ်ချက်။  ။ ဒီပို့စ်ဟာ ဘယ်သူ့ကိုမှ ရည်ရွယ်ရေးသားခြင်း မရှိပါ။ တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်။)

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။