“မယှဉ်စကောင်း ယှဉ်စကောင်း”

ကျနော်တို့ငယ်ငယ်တုံးက အဖေ့ရဲ့အမေဘက်ကအဖွားရဲ့အမွေဆိုင်ခြံထဲမှာ အမျုးိတွေအားလုံး စုနေခဲ့ကြပါတယ်
တော်တော်လေး ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ တစ်မိသားစုကို အိမ်တစ်လုံးစီနဲ့ပေါ့။
အိမ်ထောင်အသစ်ထူထောင်လို့ မိသားစုတစ်ဖွဲ့တိုးရင် လွတ်နေတဲ့ ကွက်လပ်မှာ အိမ်တစ်လုံးထပ်ဆောက်ပေါ့။
မှတ်မှတ်ရရ ရှစ်အိမ်ကိုးအိမ်လောက်တောင် ရှိမယ်ထင်ပါတယ်။
အဲတော့ကျနော်တို့ခြံကြီးထဲမှာ လူတွေအများကြီး ရှိသလို အဖိုးအဖွားတွေ ဦးကြီးဒေါ်ကြီးတွေ ဦးလေး ဒေါ်လေးတွေနဲ့ အတူတူ သိုက်သိုက်ဝန်းဝန်းကြီးနေရတာပေါ့။
မကောင်းတာကတော့ လူများတော့ ဇာတ်လမ်းများတယ် ။
လူကြီးတွေနဲ့ နေရတော့ ဟိုလိုမလုပ်နဲ့ ဟိုဟာမလုပ်နဲ့လို့ အချုပ်ချယ်ခံရတော့ လွတ်လပ်တာကို နှစ်သက်တဲ့လူငယ်အတွက် စိတ်တွေညစ်တာပေါ့။
ကျနော်တို့များ သူတို့မျက်စေ့ထဲမတွေ့တဲ့ အဝတ်အစားဝတ်တာ အပြုအမူကိုတွေ့တော့ ပြီဆိုလို့ကတော့ အဆူခံရတဲ့အပြင် အမြဲကြားရတဲ့စကားလေးတစ်ခွန်းကတော့
” ငါတို့တုံးကနဲ့များ ကွာပါ့”ဆိုပြီး ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ကို နုှိင်းယှဉ်တဲ့စကားလေးပါဘဲ။

စစ်ပြီးခေတ်ကရှေးဟောင်းရုပ်ရှင်ထဲကလို တစ်ခါတစ်ရံဘောင်းဘီအတို ဖော့ဦးထုပ် အောက်က ဘွတ်ဖိနပ်စီးတဲ့အခါစီးပြီး
(ဆောင်းတွင်းဆိုရင်တော့ကုတ်အကျီအရှည်ကြီးနဲ့)
စားပွဲခင်းလိုလုံချည် အကွက်ကျဲကြီးသားရေခါးပါတ်ပြားကြီးပါတ်လို့အောက်က ဘွတ်ဖိနပ်နဲ့ လက်ကလဲ တုတ်ကောက်ကိုဟန်ပါပါလွှဲ ဆေးတံကိုခဲရင်းလမ်းလျှောက်တတ်ပြီး သူတို့လိုအဘိုးကြီးချင်းတွေရင် ” အိုင်ဆေးတွေ အိုင်စီးတွေ အိုးမိုင်ဂေါ့” တွေနဲ့ဘိုလိုပြောပြီး စတိုင်တွေထုတ်တတ်တဲ့ ဘိုးဘိုးကလဲ ကျနော်တို့ကိုသူတို့စိတ်နဲ့မတွေ့ရင် မျက်စေ့နောက်လာရင် “ခုခေတ်ခလေးတွေကတော့ကွာ”…………………………………………….

ဆိုရှယ်လစ်ခေတ်ဦးတုန်း ကရုပ်ရှင်တွေထဲမှာ အလွန်စကားပြောကောင်းပြီး ” ဘဝတို့ လူတန်းစားတို့”ဆိုတဲ့စကားလုံးကြီးကြီးတွေမှရွေးပြီးစာသံပေသံနဲ့ပြောတတ်တဲ့ ရုပ်ရှင်မင်းသားမြတ်လေးတို့ ကောလိပ်ဂျင်နေဝင်းတို့ စတိုင်ဖမ်းလို့ အရက်မူးလာရင် အကျီလက်ရှည်ဗြောင်ကို မသေမသပ်ခေါက်
တိုက်ပုံအကျှီကိုလက်ပေါ်မှာ တင်တဲ့အခါတင် တစ်ခါတစ်လေတော့ လဲပုခုံးပေါ်ကိုတင် ဖိနပ်အကောင်းကိုစီးနိုင်ရဲ့သားနဲ့ ခုံဖိနပ်ကို တစ်ဂွပ်ဂွပ်စီး
အိမ်မှာ ဟင်းကောင်းကောင်းမချက်ရင် အဖွားကို ” အမေကလဲဗျာ”ဆိုပြီးရန်လုပ်တတ်တဲ့
နိုင်ငံရေးသမားလိုလို စာရေးဆရာလိုလို သူတို့လိုအပေါင်းအသင်းတွေများတွေ့ရှင် ” ဓနရှင်တို့ ပစ္စည်းမဲ့လူတန်းစားတို့ သာတူညီမျှခံစားရေးတို့ ငြိမ်းချမ်းရေးတို့ အရင်းရှင်လူတန်းစားတို့ မခင်အထက်တန်းစားတို့”ဆိုတဲ့စကားလုံးတွေကို ပါးစပ်ထဲမဆန့်အောင်ပြောရင်း နင်မှာစိုးလို့ အရက်ဖြူနဲ့မျှောချတတ်တဲ့ အဖေ့ရဲ့အကိုကြီး ဆိုတော့ ကျနော်တို့ဘကြီးပေါ့တို့တတွေရယ်

မာလွန်ဘရွန်ဒိူဆိုတဲ့နုိုင်ငံခြားမင်းသားစတိုင် ကို ပုံတူကူးထားတဲ့ ဦးထုပ်ကိုခပ်စောင်းစောင်းဆောင်း စကားပြောရင်နှာသံလေးနဲ့ မပီတစ်ပီညုတုတုပြောတတ်တဲ့ ရုပ်ရှင်မင်းသားကျော်ဆွေစတိုင်ကိုပြန်ပြီးကော်ပီလုပ်ပြီးတစ်ခါတစ်လေ မခန့်ပေါက်နဲ့ ကြည့်တတ်တဲ့အမေ့မောင်အငယ်ကိုရော၊
နောက်တစ်ယောက်ကတော့ ခဏလေးနဲ့ပျောက်သွားပေမယ့်ဝုန်းကနဲထတောက်ဘူး ခဲ့တဲ့ရုပ်ရှင်မင်းသား ဇော်ခင်လို ကော်လာကို ထောင် အကျီကိုရင်ဘတ်ဟပြဲ(အအေးမိသေမှာမကြောက်ဘူးနော်)ဘောင်းဘီဖင်ကျပ်ကျပ်(အထိုင်မတော်ရင်ကွဲထွက်သွားမှာတောင် စိုးရိမ်ရတယ်)
ဘွတ်ဖိနပ်ဦးချွန်ကို မချွတ်တမ်းဝတ်ထားတတ်တဲ့ အမေ့မောင်ဝမ်းကွဲရော၊

စပို့ရှပ်လက်တို အကျီလက်တိုခပ်ကျပ်ကျပ်ကို ဝတ် လူစည်ရင်လက်မောင်းကညှစ်ကွေးလို့ ကြွက်သားတွေပြလိုပြ နုတ်ခမ်းမွှေးစစထား
သဘောကျစရာများတွေ့ရင် တဟင်း………ဟင်း……………နဲ့ခပ်ညှင်းညှင်းလေးရီပြ မျက်လုံးလေးက မခို့တရို့ကြည့် လုံချည်ကိုခါးပုံစလေးထုတ်လို့ဝတ် တစ်ခါတစ်ရံကျတော့ ဘောင်းဘီရှည်ခပ်ကျပ်ကျပ်နဲ့စတိုင်ပေးတဲ့ ဝင်းဦးပုံအပီယူထားတဲ့ အဖေ့ညီအငယ်ဆုံးဦးလေးအပါအဝင် ရှိသမျှဦးလေးတို့ ဘကြီးတို့ ဘိုးဘိုးအားလုံးက
သူတို့မျက်စေ့ထဲမှာ ကန့်လန့်ခံနေတဲ့ …………………………..

ကျောက်ခဲနဲ့ဖောက်ခွဲခဲ့တဲ့ဇော်ဝမ်းလို စစ်ဆွယ်တာကြီးကိုနွေခေါင်ခေါင်ဝတ်လိုဝတ်။ တွန့်လိမ်ကောက်ကွေးတဲ့ကိုကျော်ဟိန်းလို စစ်ဦးထုပ်ဆောင်းလို့ စစ်အကျီိအစုတ်ကြီးကိုဝတ်လိုဝတ်
စင်ပေါ်မှာ ကျောထိဝဲနေတဲ့ ဆံပင်အရှည်ကြီးတစ်ခါခါနဲ့ ဟန်ပါပါသီချင်းဆိုတတ်တဲ့ ခေါင်းလောင်းဘောင်းဘီအပွကြီးနဲ့ ကိုစိုးပိုင်တို့ ဘိုုဘိုဟန်တိုလို ပူရအိုက်ရတဲ့အထဲ အနက်ရောင်ဝမ်းဆက်ဝတ်လိုဝတ် ၊ တီရှပ်နဲ့ဂျင်းဘောင်းဘီအပြာနုကို စတိုင်ကျကျဝတ်လုို့ သီချင်းဆိုရင်းရှိတ်ဆွဲပြတာကို စင်အောက်ကနေ့မချင့်မရဲကြည့်ခဲ့ရတဲ့ ပလေးဘွိုင်သန်းနိုင်တို့စတိုင်ကို အပီအပြင်ယူထားတဲ့ ကျနော်အကိုတွေကိုများမမြင်လိုက်နဲ့
” ဒီကောင်တွေ ကြည့်ရတာ အချိုးမပြေလိုက်တာ” ဆိုတဲ့အသံလေးက နောက်က ကပ်ပါနေကျပါ။

ခိုင်ထူးတို့ ဂျေမောင်မောင်တို့လို အကျီအကွက်လက်တိုလေးကို လက်ခေါက်ပြီး ဂျင်းဘောင်းဘီခပ်နွမ်းနွမ်းလေးနဲ့ အေးဆေးတဲ့စတိုင်လေးနဲ့ နေဘူးတဲ့ကျနော်တို့ကလည်း
ကျနော်တို့ရဲ့အောက်ကနောက်မျိုးဆက်တွေဖြစ်တဲ့ ညီဝမ်းကွဲတွေ ကို” ပုံစံတွေကတော့ကွာ”လို့ဆိုပြီးတော့……………………………………………….
ဆံပင်အရှည်ကြီးနဲ့ဆို လမ်းသူရဲအိုနဲ့တူတယ်လို့ ခံယူပြီး ရဲအောင်တို့ ရန်အောင်တို့ ဒွေးတို့လို ဆံပင်အတိုကို သေသေသပ်သပ်ထား အဝတ်အစားကလဲ
ဘရင်းဒက်ဆိုတဲ့ ဈေးမသေးတာကိုမှဝတ် အင်မတန်ကို သပ်သပ်ရပ်ရပ်လေးနဲ့နေတတ်တဲ့သူတွေတို့ ရာဇာနေဝင်းစတိုင် ရှေ့က ဆံပင်ဦးဇမုတ်ကိုအရှည်ထားတတ်တဲ့ကောင်တွေကို “မျက်စေ့နောက်နေတာဘဲ” လို့ ……………………………………………..
ပန့်စတိုင်လို တီရှပ်မှာ သံချိတ်တွေတပ်လိုတပ် လက်မှာလဲ ဘာတွေမှန်းမသိရှုပ်ရှက်ခပ်အောင်ပတ်လိုပတ် ဆွဲကြိုးတွေလည်ပင်းအပြည့်ဆွဲလိုဆွဲ တစ်ခါတစ်လေဆိုရင်ဂျင်းဘောင်းဘီအကောင်းကို မစုတ်စုတ်အောင်လုပ်လို့ဝတ်တဲ့ကောင်ကဝတ် အားအားရှိဆံပင်ကို အရောင်ဆိုးလို့ဆိုး သူ့ဘော်ဒီထက် ငါးဆလောက်ကြီးနေတဲ့ မတော်မတဲ့တီရှပ်အပွကြီးတွေ ဘောင်းဘီအတိုအပွကြီးတွေဝတ် လို့ပါးစပ်က တရို့ရို့အော်တတ်တဲ့ကောင်ကအော်
အီမိုစတိုင်ဆိုပြီး ဆံပင်ကို ကြွက်ကိုက်ထားတာလိုလို ဆံပင်ကိုညီအောင်မညှပ်တတ်တဲ့သူက ညှပ်ပေးလိုက်တာလို မညီမညာထားတတ်တဲ့ သူတို့အောက် က ညီဝမ်းကွဲတွေကို တွေ့ပြန်ရင် ………………………….
” ဝတ်တာစားတာ အဆင့်ကိုမရှိဘူး ဘာကောင်တွေမှန်းကို မသိဘူး “လို့ထောပနာပြုတတ်ပြန်ပါတယ်။
သေချာပြန်စဉ်းစားလိုက်တော့လိုက် တစ်ခေတ်နဲ့တစ်ခေတ်ပြောင်းသွားတာကို အလွယ်တကူလက်မခံနိုင်ဘဲ ကိုယ့်ခေတ်နဲ့ပြန်ယှဉ်ကြည့်ပြီး အားမရ အလိုမကျဖြစ်နေတယ်လို့ဘဲထင်ပါတယ်၊
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * **
တစ်ရက်က ကျနော်သူငယ်ချင်းရယ် သူ့မြေးလေးရယ် အိမ်ကို အလယ်လာကြပါတယ်။
မြေးလေးက လေးနှစ်သားလောက်ဘဲရှိပါသေးတယ်။
ဘယ်ကပြန်လာကြတာလဲလို့မေးတော့ သူ့မြေးလေးကို ကျူရှင်အပ်ပြန်လာတာပါတဲ့။
အံ့ဩစရာ မူကြျိတက်နေတဲ့ ကလေးကို ကျူရှင်သွားအပ်တာကနေပြန်လာကြတာပါတဲ့ဗျာ။
အဲဒါနဲ့စကားစမြည်ရှေးဖြစ်ဟောင်းသတိရစရာလေးတွေ လက်ရှိနေရေးထိုင်ရေးလေးတွေအေးအေးဆေးဆေးပြောလို့ပြန်သွားကြတော့ မှ ကိုယ့်ငယ်ဘဝလေးနဲ့ဆက်စပ်တဲ့ကျောင်းသားဘဝလေးကို ပြန်တွေးမိပါတယ်။
မှတ်မှတ်ရရ ကျနော်တို့ အဖိုးတို့က စစ်ကြီးနဲ့ကြုံလိုက်ရသူတွေဆိုတော့ အတန်းပညာကိုကောင်းကောင်းသင်ခွင့်မရခဲ့ကြပါဘူး။
ဒါပေမယ့် အင်္ဂလိပ်လက်အောက်မှာကြီးပြင်းခဲ့သူတွေဆိုတော့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောနိုင်ကြသလို အင်္ဂလိပ်ဘုတ်အုပ်တွေကိုလည်းမူရင်းအတိုင်းဖတ်နိုင်ကြပါတယ်။
ကျနော်တို့အဖေတို့လက်ထက်မှာတော့ လူငယ်တော်တော်များများကဆယ်တန်းအောင်ဘို့အတော်လေးကိုခက်ပါတယ်၊
တက္ကသို်လ်ဝင်တန်းမှာတင်ရပ်ကုန်ကြတာများပါတယ်။
ဒါပေမယ့်လည်းသူတို့ခေတ်က ကိုးတန်းအောင်ရင်ကို အလုပ်ကောင်းကောင်းရနိုင်ပါတယ် စာလဲတတ်ကြပါတယ်။
ဆရာဆရာမတွေကလဲ တကယ်ကိုတတ်အောင်သင်ကြပါတယ်။
မတတ်ရင်မအောင်ဘူး ဒီတော့ တကယ်တတ်မှ တကယ်ကိုစာကြိုးစားတဲ့သူမှ ဆယ်တန်းအောင်လို့ တက္ကသိုလ်မြေကို ချေချခွင့်ရတာပါ။
ကျနော်အကိုတို့ခေတ်က စလို့ မစ်ရှင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းလို်က်တဲ့အချိန်က စပြီး မြန်မာပညာရေးက စံနစ်သစ်ဆိုတဲ့ နံမည် တတ်လို့ စပြီး ပုံစံတွေပြောင်းပါတယ်။
အင်္ဂလိပ်စာကို ငါးတန်းရောက်မှစသင်ရမယ့်ဆိုတဲ့ (အတော်လေး့ကိုရူးကြောင်ကြောင်နိုင်တဲ့) သတ်မှတ်ချက်ကို စလို့အကောင်အထည်ဖော်ပါတယ်။
အဲဒီအချိန်က သုံးလေးတန်းလောက်ရောက်နေတဲ့ ကျနော်အကိုတွေ ကတော့ အိမ်မှာအင်္ဂလိပ်စာကို ဟန်မပျက်ဆက်လို့သင်ပါတယ်။
သင်ဆိုကျနော်အဖိုးတို့ အဖွားလေးတို့က ကျောင်းဆရာ ဆရာမတွေကိုးဗျ။
ဒီတော့ အကိုတွေသင်တော့ ကျနော်ကလဲ မပီကလာ ပီကလာနဲ့ ငယ်ငယ်လေးထဲက စာဝင်သင်တာပေါ.။
အဲဒီခေတ်က စာစသင်တဲ့ကျောင်းသားတွေ သူငယ်တန်းကျောင်းသားတွေအားလုံးကျောက်သင်ပုန်းနဲ့စာရေးသင်ရပါတယ်။
ကျောက်တံကိုချွန်နေအောင်သွေး ဝလုံးဝိုင်းဝိုင်းလေးတွေကို မလှရင်ဖျက်လို့ ထပ်ကာထပ်ကာရေး ပြန်တွေးရင် လွမ်းတောင်လွမ်းပါသေးဗျာ။
@@@@@@@@@@@@@ @@@@@@@@@@@@@@@@ @@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@
မစ်ရှင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တဲ့အချိန်မှာ အဖိုးက ဆက်မလုပ်တော့ဘဲအိမ်မှာ အလွတ်ပညာသင်ကျောင်းသဘောနဲ့ဖွင့်ထားပါတယ်။
အဲဒီတုန်းက ဆယ်တန်းကို အပြင်ကဝင်ဖြေလို့ရတဲ့ခေတ်ပါ။
အခြေအနေအကြောင်းကြောင်းအကြောင့် နေ့မှာ အတန်းကျောင်းတက်ဘို့အဆင်မပြေသူတွေအတွက်ပေါ့။
အဲဒီတုန်းက ကျောင်းကဆရာဆရာမတွေကလည်း တကယ်ကို စာတွေတတ် သင်တတ် စေတနာအပြည့်နဲ့သင်ပေးပါတယ်။
အဲဒီအချိန်တွေတုံးက ကျောင်းဆရာ ဆရာမဆိုတာ (စေတနာ ဝါသနာ အနစ်နာ)ဆိုတဲ့နာသုံးနာနဲ့ပြည့်စုံမှသာ ကျောင်းဆရာအလုပ်ကို လုပ်ကြပါတယ်။
ဒီထက်ဝင်ငွေကောင်းတဲ့အလုပ်တွေက ပေါမှပေါကိုးဗျ။
အဲဒီတုန်းက နေ့မှာကျောင်းတက်နေရဲ့သားနဲ့ ကျုရှင်တက်ရတယ်ဆိုတဲ့ကလေးက ကျောင်းစာမလိုက်နိုင်လို့အတော်လေးကို ညံ့တယ်ဆိုတဲ့ကလေးမှ ကျူရှင်ထားကြတာပါ။
ကျုရှင်လာအပ်ရင်ကို မိဘတွေက” ဆရာကြီးရေ ဒီကောင့်ကိုသေချာလေး စာလိုက်နိုင်အောင်သင်ပေးစမ်းပါ အတန်းထဲမှာ ဘိတ်ချီးဖြစ်နေလို့” ဆိုပြီးမှလာအပ်ကြပါတယ်။

(ကြုံလို့ပြောလိုက်ပါအုံးမယ် ကျနော်တို့ရဲ့ အကိုတွေ စာသင်ရတဲ့နေရာမှ သင်ရိုးညွန်းတန်းက ခဏခဏမပြောင်းတာကို သတိထားမိပါတယ်။
ဘာလို့လဲဆိုတော့ အထက်အောက်တစ်နှစ်ကြီးတစ်နှစ်ငယ်မွေးထားတဲ့ညီအကိုတွေက အထက်ကလူရဲ့ကျောင်းသင်ခန်းစာ စာအုပ်တွေကိုသေသေချာချာ ကဒ်ထူဖုံးနဲ့ဖုံးထားပြီး
ရှေ့ကလူ ကိုင်ခဲ့တဲ့စာအုပ်ကို လက်အဆင့်ဆင့်ပြောင်းပြီးကိုင်ခဲ့တာကို တွေ့ရလို့ပါ။
ှနောက်အဲဒီအချိန်တွေတုန်းက ကိုယ့်အိမ်မှာ အတန်းငယ်မရှိရင် အရပ်ထဲက ရှိတဲ့အိမ်ကို အခမဲ့ လက်ဆင့်ကမ်းတတ်ကြပါတယ်။ )
ကြရတာ ကိုမြင်ခဲ့ကြုံခဲ့လို့ပါ။ကျနော်တို့ခေတ်မှာတော့ ခဏခဏပြောင်းတော့ တစ်နှစ်ကုန်ပြီးရင် သင်ခန်းစာ စာအုပ်တွေက ပိဿာချိန်နဲ့ရောင်းစားတဲ့အထဲကိုရောက်သွားပါတယ်။
ကျနော်တ6တန်းလောက်ရောက်တဲ့နှစ်မှာ မြန်မာပြည် ပညာရေးလောက မှာအပြောင်းအလဲဖြစ်ပါတယ်။
ကိုးတန်းစတက်တဲ့အချိန်မှာကတည်းက သိပ္ပံနဲဝိဇ္ဇာကိုတစ်ခါတည်းအပြီးခွဲလိုက်တာကိုး။
သိပ္ပံလိုင်းက အမှတ်မြင့်မှရတယ် နောက်ဆရာဝန်တို့စက်မူတို့လို လိုင်းကောင်းကောင်းရောက်တယ် ဝိဇ္ဇာအမှတ်နည်းတဲ့သူတွေရောက်ပြီး ဆယ်တန်းအောင်လို့တက္ကသိုလ်တက်ရင်လဲ ပထဝီ သမိုင်း မြန်မာစာ ဆိုတဲ့ဘာသာရပ်တွေကိုဘဲတက်လို့ရမယ်။ အများအမြင်အရ နိမ့်တယ်ပေါ့။
အဲဒီအချိန်မှာ ဆယ်တန်းအောင်ရင် တစ်ခါတည်းနဲ့ ဆရာဝန်လိုင်းအင်္ဂျင်နီယာလိုင်းဘာလိုင်းညာလိုင်းကို အမှတ်အနည်းအများပေါ်မူတည်လို့ အပြီးခွဲပါတယ်။
အမှတ်အများဆုံးက ဆရာဝန်လိုင်း သူပြီးတော့မှ စက်မူ့တက္ကသိုလ်နဲ့သွားဆရာဝန် သူတို့နောက်ကမှ တိမွေးကု တို့ ဘီအီးဒီတို့ အီကို တို့ စို်က်ပျုိုးရေးတို့ ဆိုပြီးအသက်မွေးဝမ်းကျောင်းဆိုတဲ့ တံဆိပ်ကပ်ထားတာတွေကို ဝင်ခွင့်ရတဲ့ ကျောင်းသားအရေအတွက်ကို တစ်ခါတည်းသတ်မှတ်ထားတာမို့ အပြိုင်အဆိုင်ကြိုးစားကြပါတယ်။
သူပြီးတော့ မှ သာမန်ဘွဲ့ပေးမယ့်တက္ကသိုလ်ထဲမှာကို ဘူမိဗေဒ ဓါတုဗေဒ ရူပဗေဒ သချင်္ာ ဇီဝ အမှတ်လိုက်အဆင့်ဆင့်သွားပေါ့။
လူဆိုတာကလဲ ဝါသနာပါတာ မပါတာ နောက်ထား အမှတ်မြင့်မှ လူအထင်မြင်မသေးမှာဆိုတော့ ကျောင်းပြီးလို့ဘွဲ့ရရင် လဲ အလုပ်ပါသေချာတဲ့အသက်မွေးဝမ်းကျောင်းလိုင်းကို ရအောင်ဇွတ်လုံးပန်းကြပါတော့တယ်။
မိဘများကလဲ ကလေးရှစ်တန်းရောက်တာနဲ့ တသိပ္ပံထဲသိပ္ပံဖြစ်ကုန်ပါတယ်။
ဝိဇ္ဇာရောက်တယ်ဆိုရင်ကိုလူဖြစ်ရှုံးသလိုအပြောခံကြရပါတယ်။
တစ်ခုရှိတာက ဝိဇ္ဇာလိုင်းရောက်သွားရင် ဆယ်တန်းအောင်ဘို့ကိုခက်တာကိုး။
အဲဒီအချိန်ကစလို့ မိဘများက ကလေးများကို ရှစ်တန်းရောက်တာနဲ့ ဝိဇ္ဇာမရောက်အောင် မောင်းတော့တာပါဘဲ။
တစ်ခါ သိပ္ပံလိုင်းရောက်ပြန်တော့ အမှတ်ကောင်းတဲ့သူမှ ဝင်ခွင့်ရတဲ့ ဆရာဝန် အင်္ဂျင်နီယာလိုင်းကိုမရောက်ရောက်အောင် နောက်ကနေတွန်းအားတွေပေးကြပါတော့တယ်။
အဲဒီအချိန်လဲရောက်ရော မိဘတွေစိတ်ထဲမှာ ကျောင်းကဆရာသင်တာနဲ့တင်မကျေနပ်နိုင်တော့ဘဲ ကျောင်းဆင်းတဲ့အချိန်မှာ အပြင်က ဆရာတွေဆီမှာ ကလေးကိုစာဆက်သင်ခိုင်းပါတော့တယ်။
အစက နီးစပ်ရာဆရာနဲ့အိမ်တစ်အိမ်မှာ စုသင်တာကစလို့ကျူရှင်ဆိုတာ အစပြုလာပါတော့တယ်။
အဲဒါကနေစလို့ အစိုးရအလုပ်လဲ မလုပ်ချင် (လုပ်ချင်ရင်လဲ အလွယ်တကူမှမရတာ) စာသင်တာလဲဝါသနာပါတဲ့ သူတွေက ကျူရှင်ဆရာ ဆရာမတွေဖြစ်လာပါတယ်။
အစကတော့ ဆရာတွေက ဘာသာစုံကို သင်ပေးတာကစတာပါ။
နောက်ပိုင်းမှာတော့ တစ်ဘာသာခြင်းစီမှာ ကို စပယ်ရှယ် ကျုရှင်ပေးကြတဲ့ အနေအထားကိုရောက်လာပါတယ်။
ကျနော်ဆယ်တန်းမှာ နာမယ်ကြီးတဲ့ကျူရှင်ဆရာတွေက မန္တလေးမှာပြောတာနော် မြန်မာစာဆို ဦးသိန်းနိုင် သချင်္ာဆို နန်းညွန့်(ဦးခင်မောင်ညွန့်) ရူပဆို ဦးထိန်ဝင်း ဇီဝဆို
ဓါတုဆိုဦးစိန်လှိုင် အင်္ဂလိပ်စာဆို ဘီအမ်ဘားမား တို့ ကီး ဦးစိုးတင့် အစရှိတဲ့ဆရာတွေပေါ်လာပါတယ်။
အဲဒီအချိန်ကအစပြုလို့ ကျူရှင်ဆိုတဲ့အခန်းကဏ္ဍပေါ်ပေါက်လာသလို လူငယ်လေးတွေရဲ့လွတ်လပ်စွာနေထိုင်ရတဲ့ ကလေးဘဝလေးစတင်ပျောက်ဆုံးချိန်လို့ပြောလို့ရပါတယ်။
နောက်တစ်ဆင့်တက်လို့ အချိန်ပိုင်းကျုရှင်ထားရုံတင်မကဘူး ကျောင်းအိပ်ကျောင်းစားထားလာပါတယ်။
နောက်ထပ်တိုးလာပြန်တာက 8တန်းဖြေပြီးတာနဲ့ကလေးကို ကိုးတန်းစာတွေကို နွေရာသီကျောင်းပိတ်ရက်မှာမနားခိုင်းဘဲစာတွေသင်ပါတော့တယ်။
ဒါက အထက်တန်းအဆင့်က ကလေးတွေ့ရဲ့စာမှစာဆိုတဲ့ဘဝ။
ုကျောင်းတွေမှာဆိုရင် ဆရာဆရာမတွေက စာကောင်းကောင်းမသင်တော့ဘူး။
အတန်းပိုင်ဆရာ ဆရာမက သူ့အတန်းက ကလေးတွေကိုသူ့အိမ်မှာလိုက်ပြီး ကျူရှင်အတက်ခိုင်းပါတယ်။
မတက်တဲ့ကလေး ဘာဖြစ်လဲဆိုတော့ အတန်းထဲမှာ နောက်ဆုံးခုံမှာထိုင်ရတယ် ပညာအရည်အချင်းပြတဲ့မှတ်တမ်း မှာ ပိုဇေးရှင် ဘိတ်ချီးဖြစ်တယ်ပေါ့။
ဒီတော့မိဘတွေလဲကလေးတွေရဲ့နောင်ရေးစိတ်အေးရတာလဲတစ်ပိုင်း အထိ်န်းရသက်သာပြီးရောဆိုတာကလဲတစ်ပိုင်း ဆိုပြီး သူငယ်တန်းကစလို့ ကျောင်းသွားပြီးရင် ကျူရှင်သွားဆိုတဲ့
ပြီးကလေးအတွက် တစ်နေ့တာ အစီအစဉ်ကို ဆရာမတွေလက် ကို ဝကွက်အပ်လိုက်ပါတယ်။
(မန်းလေးက ကလေးတွေဆိုရင် မနက် 6နာရီခွဲတာနဲ့ တရုပ်ကျောင်းကိုသွားတဲ့ပြီးတရုပ်စာသင်လိုက်သေးဗျာ တရုပ်စာက အသုံးတွင်ကျယ်လာတာကိုးဗျ)
ဟောမနက်ကျူရှင် နေ့ကျောင်းတက် ညနေကျောင်းတက် ညစာကျက်ဝိုင်းဆက် ဆိုတဲ့ ကလေးတွေမှာ အနားမရတဲ့ ဘဝကိုမလိုချင်လဲ လက်ခံရတော့တာကိုးဗျ။
ဒါတင်မကသေးပါ ကလေးကို စာကျက်တာကို ဘေးကနေအနီးကပ်ညွန်ကြားပေးဘို့အတွက် ဂိုက်ဆိုပြီးစာကူကျက်ဘို့အတွက်လောလောလတ်လတ်ပူပူနွေးနွေးဆယ်တန်းကို ဂုဏ်ထုူးအများကြီးနဲ့ အောင်ထားတဲ့ကလေးအချင်းချင်းပြန်စောင့်ရောက်ပါတယ်။
(တစ်ခါတစ်လေတော့လဲ သမီးအမို်က်လေးက ဂိုက်နဲ့လိုက်ပြေးတဲ့ဇာတ်လမ်းလေးများလဲ အချပ်ပိုအဖြစ်ကြားရတတ်ပါတယ်။)
အခုအချိန်မှာတော့ မူကြိုကလေးလဲ ကျူရှင်တက် သူငယ်တန်းလဲတက် အလယ်တန်းလဲတက် အထက်တန်းလဲတက် တက္ကသိုလ်ကကျောင်းသားလဲတက် ဂုဏ်ထူးတန်းကလဲတက် မဟာတန်းကကျောင်းသားလဲကျူရှင်တက် ဒေါက်တာဘွဲ့ယူမယ့်သူလဲ တက် ဆိုတော့ တပြည်လုံးအတိုင်းအတာနဲ့ကျူရှင်တက်ကြရပါတယ်။
(အဆစ်အနေနဲ့ကတော့ ဖိုးဖိုးဖွားဖွား ဦးဦးဒေါ်ဒေါ် ဖေဖေမေမေတို့ကလဲ ကျူရှင်လိုက်တက်ကြပါတယ် ဘာလို့လဲဆိုတော့ ကလေးကျူရှင်တက်နေချိန်မှ အပြင်ကစောင့်နေကြလို့ပါ)
ဒီလိုနဲ့ဘဲ ကျောင်းတွေမှာ ဆရာ ဦးရေနဲ့ကျောင်းသားမမျှတော့ ဆရာ ဆရာမက ကောင်းကောင်း မသင်နိုင် သင်ပေးပြန်တော့ ကျောင်းသားက ကျူရှင်လောက်အထင်မကြီးတော့ ဂရုမစို်က်
ကျူရှင်ကျပြန်တော့လည်း အချိန်တိုတိုလေးအတွင်းမှာ သဘောတရားတွေဘာတွေနားထားလိုက်တော့ ဆရာနုတ်တိုက်ချပေးတာ လိုက်အော်လို့ (ဘိုင်ဟတ်)ဆိုတဲ့ အလွတ်ရအောင်တစ်ခါတည်းကျက်ဆိုတဲ့ကျောင်းသားတွေများလို့လာပါတယ်။
အဲတော့ကလေးတော်တော်များများက သဘောတရားထက် အလွတ်ရအောင်ကျက်တာ စဥ်းစားပြီးတွက်ရတဲ့သချင်္ာကိုတောင် အလွတ်ကျက်တဲ့ဘဝရောက်လာပါတယ်။
ဒီတော့ နေရာတကာမှာ” ငါတို့ခေတ် ငါတိုခေတ်”နဲ့ယှဉ်လို့ပြောတတ်သူများကို ကလေးတွေကို ကိုယ်ခြင်းစာစေလိုပါတယ်။
ကျနော်ကိုယ်တိုင်ကလေးတွေဘက်ကနေပြန်စဥ်းစားမိတဲ့အခါ…………………………………………..
(1) အခုခေတ်ကကလေးတွေ အလွတ်ကျက်တဲ့ဘဝရောက်အောင် ဘယ်သူတွေက ဖန်တီးပေးပါသလဲ?
(2) အခုခေတ်ကလေးတွေအပြင်စာမဖတ်ဘူးလို့ပြောနေသူများ ကလေးတွေက အပြင်စာဖတ်ချင်ပါတယ်ဆိုရင် ခွင့်ပြုသောမိဘ ဘယ်နှစ်ယောက်ရှိနိုင်ပါသလဲ?
(3) သင်ယူတဲ့ပညာနဲ့ ထမင်းစားဘို့လုပ်ကို်င်ရတာ တစ်ထပ်တည်းမကျတာ ဘွဲ့ရပညာတတ်ဖြစ်ပေမယ့်ကိုယ်တတ်တဲ့ပညာနဲ့လုပ်စားလို့မရတာ တွေဟာ
ကလေးတွေရဲ့အပြစ်ပါလား ဘယ်သူကြောင့်ပါလဲ ?
(4) တကယ်လို့များဆရာဝန်လိုင်းဒါမှမဟုတတ်မြင့်တဲ့လိုင်းကိုတက်ဘို့အမှတ်မှီတဲ့ကိုယ့် သားသမီး က ဝါသနာပါလို့ များ မြန်မာစာယူမယ် သမိုင်းယူမယ်ဆိုရင်
ကြည်ကြည်သာသာနဲ့ခွင်ပြုနိုင်ပါမလား?
(5) ကလေးတစ်ယောက်ယောက်ကများ အလွတ်မကျက်ချင်ပါဘူး သဘောတရားနဲ့တကွ သိအောင်သင်ပေးမယ်လို့များ တောင်းဆိုလာရင် လိုက်လျှောနိုင်ကြပါမလား?
အစရှိတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ထွက်လာပါတယ်။
ကျနော်တို့ငယ်ငယ်က လူငယ်ဘဝမှာသူ့အချိန်နဲ့အချိန် ကလေးအချင်းချင်း ကလေးဘာဝပျော်ရွင်စွာကစားခဲ့ရပါတယ်။
ကျောင်းပိတ်ရက်လသာညများဆိုရင် လူကြီးတွေကို စီစဉ်ပေးလို့ ကျောက်လမ်းမပေါ် မြေကွက်လပ်တွေမှာ ထုတ်ဆီးတိုးတန်းခွက်ရိုက်တန်းကစားခဲ့ရပါတယ်။
နွေရာသီကျောင်းပိတ်ရက်မှာဆိုရင်လဲ အရိပ်ရတဲ့သစ်ပင်ကြီးတွေ မန်းလေးမှဆို မန်းသီတာ ဥယျာဉ်ထဲမှာ ကလေးဘဝက ပျော်ပျော်ကြီး့စားခဲ့ရပါတယ်။
တစ်ပါတ်တစ်ခါလဲတဲ့ရုပ်ရှင်ကိုလူကြီးတွေနဲ့အတူသွားလို့ကြည့်ခဲ့ရပါတယ်။
အိမ်မှာဆိုရင် ကလေးဂျာနယ်တို ဦးစိတ်တိုတို့မျောက်ညိုတို့ မောင်သတ္တိ တို့ မောင်ကမ္ဘာတို့ ဗလကြီးတို့ဗလလေးတို့ဆိုတဲ့ကလေးရုပ်ပြတွေဖတ်ရပါတယ်။
ညအိပ်ရင် အဖိုးအဖွားတွေပြောတဲ့ အိပ်ယာဝင်ပုံပြင်တွေကို နားထောင်ရင်းရခဲ့တဲ့ အသိတရားတွေက ခုလူလောကကြီးကိုဖြတ်သန်းနေတဲ့အခါမှာအသုံးဝင်ပါတယ်။
အခုခေတ်ကလေးတွေမှာ မနက်လဲစာ ညလဲစာ အိပ်ခါနီးလဲစာ မနက်အိပ်ယာထတော့လဲစာ သနားစရာ စာကလေးလေး တွေဖြစ်နေပါတယ်။
ဒါကြောင့်အခုခေတ်က ကလေးတွေ ဝတ်တာစားတာမျက်စေ့နောက်မယ် သူတို့နေတာထိုင်တာ အချိုးမကျခဲ့ရင် ကလေးများ
စာသင်တာကို သဘောတရားနဲ့မယှဉ်ဘဲ အလွတ်ဘဲကျက်နေတယ်လို့ ထင်နေတယ်ဆိုရင်
သူတို့ခေတ်ကို ဝင်မကြည့်ဘဲ ကို်ယ့်ခေတ်နဲ့ဘဲ ယှဉ်ကြည့်ချင်နေမယ်ဆိုရင်
တစ်ဘက်သတ်အပြစ်တင်ချင်မယ်ဆိုရင်
ဒါလေးကို အရင်ဖတ်ကြည့်ပါလို့ တောင်းပန်ချင်ပါတယ်။

5 comments

  • chitsayar

    September 8, 2010 at 1:02 pm

    နားလည်သလောက်ပဲပြောရမယ်ဆိုရင်တော့ ဒီအကြောင်းတွေကို အခုအချိန်တွေမှာ ဆွေးနွေးပေးနိုင်တဲ့သူ ရှားမယ်ထင်တယ်
    မဆွေးနွေးပေးနိုင်တာတော့ဟုတ်ဘူးဗျ ဆွေးနွေးဖို ့အလို မရှိတာဘဲဖြစ်ကြမှာပါ
    ထမင်းစားတယ်အမည်ခံပြီး ဟင်းပါရောစားတဲ့ သဘာဝကို များ အားကျ ကြသလားတော့သိဘူး
    ကျောင်းတက်တယ်ဆိုရင် ကျူရှင်မပါလို ့မရတော့တဲ့အခြေအနေက လုံးဝရောက်သွားကြပြီ
    ကျောင်းသားကဘယ်လောက်ဘဲ စာတော်တော် အဲ့သည်ကျူရှင်ဆိုတာကြီးကို တက်ကိုတက်ရတယ်
    မတက်လို ့ရဘူး
    မတက်ရင် ချရာမချူရိန် ့မယ်

  • unclegyi1974

    September 8, 2010 at 2:09 pm

    တကယ်တော့ အခုခေတ်ကလေးတွေက ဝန်ကြီး တယောက်ပြောင်း တခါသင်ကြားပုံ ပြောင်း၊
    အောင်ချက်ရာခိုင်နှုန်းနဲရင် ဆရာဆရာမ အဆူခံထိ ကျောင်းအုပ်ထုချေလွှာအတင်ခံရဆိုတော့
    ဆရာတွေကအဆူလဲမခံရတော့ဘူး ဂုဏ်ပြုလဲခံရ အအောင်သာပေးလိုက် အေးဆေးကနေစတာပါဘဲ
    တစ်တန်းတစ်နှစ် အအောင်ပေး၊
    အဲဒီအချိန် ဆရာတွေရဲ့လက်ထဲကျူရှင်ဆိုတာကြီးကရောက်တော့တာပါဘဲ
    လာထားအောင်စေရမယ် ဟဲဟဲဟဲ
    ကလေးတွေလဲကစားချိန်ပျောက်တော့တာပါဘဲ
    အမှန်ကစံနစ်တွေမူတွေကြောင့်ဒီအဖြစ်တွေဖြစ်လာတာပါလို့ပြောလိုက်ရင်ကန့်ကွက်ကြမှာလားဟင်။

  • kyansitthar101

    September 8, 2010 at 2:56 pm

    အဝတ်အစားဝတ်ပုံတွေ ခေတ်အလိုက်ကို ပြောပြသွားတာ အများကြီးမှတ်သားရပါတယ်။
    ကလေးတွေအတွတ်ကတော့ ကစားချိန်တွေပျောက်ဆုံးနေတာကိုတော့ သနားမိပါတယ်….
    ကျနော် ၉ တန်းတုန်းကပေါ့….. အဆောင်သွားမယ်လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချပြီး အဆောင်ကို တန်းပြေတော့တာဘဲ…
    ကျနော် ၁ဝ တန်းကို နှစ်ချင်းပေါက်အောင်ချင်တယ်လေ….
    အဲဒီအချိန်တုန်းက ကိုယ့်ဆုံးဖြတ်ချက်က အခုထိမှန်နေသေးတယ်….. ဘယ်လိုဘဲ စဉ်းစားစဉ်းစား မှန်တယ်လို့ဘဲယူဆတယ်….
    ဒီတော့ အခုခေတ်ကလေးတွေ ဟိုပြေးဒီပြေး ကျူရှင်တက်နေရတာ လဲ သူ့ခေတ်သူ့အခါအရတော့ မမှားလောက်ပါဘူး….
    သူတို့တွေ ကစားချိန်တွေပျောက်နေတာတော့ တကယ်သနားဖို့ ကောင်းပါတယ်။

  • kopauk mandalay

    September 8, 2010 at 3:36 pm

    တစ်ရက်က ဒီဆိုဒ်ထဲမှာပါဘဲ ကလေးတွေကို တော်တော်လေး အပြစ်တင်ထားတဲ့ပိုစ်လေးတစ်ခုကိုဖတ်လိုက်ရလို့
    ကလေးတွေဘက်ကိုလည်းပြန်စဥ်းစားပေးဘို့ရည်ရွယ်ပြီးရေးတာပါ။
    ကလေးဘဝဆိုတာ လူကြီး လမ်းညွန်မူ့အောက်မှာ သွားရတာကိုး။
    အဝတ်အစားအကြောင်းကတော့ စိတ်ဝင်စားလာအောင် မျှရေးပေးတာပါ စာလေးနေမှာစိုးလို့။

  • saund

    September 9, 2010 at 1:01 am

    ကိုပေါက်ရေးတာ အတော်ကောင်းတာဘဲ ဘက်စုံဘဲ စဉ်းစားစရာတွေအများကြီးရသွားပါတယ်

Leave a Reply