ကျနော်သိတဲ့ မန္တလေး (၁) နှင့် အညာစာဟင်းလေးများ

Shwe Zin USeptember 7, 20101min1011

ကျနော်တို့ မန္တလေးသားတွေဟာ တခြားမြို့သူမြို့သားတွေထက်စာရင် ကိုယ့်မြို့ကိုယ် အစွဲအလန်း တော်တော်ကြီး ကြတာတွေ့ရတယ်။ နောက်ပြီး မန္တလေးသား ဖြစ်ရတဲ့အတွက် ဂုဏ်ယူကြတယ်၊ ဘယ်ရောက်ရောက် မန္တလေးသား ဆိုတာကို မမေ့ကြဘူး၊ ကျနော်လည်း မန္တလေးသားဖြစ်တဲ့အတွက် အရင်တုန်းကတော့ ဂုဏ်ယူဘူးတယ်။

နောက်တော့ လူမျိုးစွဲ၊ ဒေသစွဲ တွေကြောင့် ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ပတိပက္ခတွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲတွေကို တတ်နိုင်သလောက် ဖျောက်ပြစ်ရမယ်ဆိုပြီး ကျနော် မန္တလေးသား ဖြစ်တာကို မေ့ထားတာတောင် အတော်ကြာခဲ့ပြီ။ ကျနော်တို့ မြန်မာပြည်မှာ မန္တလေးဟာ အရင်တုန်းကထိတော့ ဒုတိယမြို့တော် အခုတော့မသိတော့ဘူးဗျာ၊ ဘာမြို့တော် လည်းဆိုတာ၊ ဟား ဟား ခင်ဗျားတို့သိရင်တော့ ပြောကြအုန်းပေါ့။

တကယ်တန်း မန္တလေးဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ ရှိတဲ့ အညာရွာကြီးတရွာပါဘဲ၊ နိုင်ငံခြား မပြောနဲ့ ရန်ကုန်နဲ့ယှဉ်ရင်တောင် အဘက်ဘက်က တော်တော်ခေတ်နောက်ကြပြီး ကျန်ခဲ့တယ်ပြောရမှာဘဲ၊ ကျနော်တို့ ရန်ကုန်သွားတဲ့အခါဆိုရင် အမြဲတန်း မျက်စေ့လည်တယ်၊ ကျနော် အ တာလည်းပါတာပေါ့၊။ ဘတ်စကားမစီးတတ်၊ မသွားတတ်မလာတတ်နဲ့ အမြဲတမ်းအဟားခံရတယ်၊ နောက်ပြီး ကျနော်တို့ ဘာသာ ကျနော်တို့ ရွှေမန္တလေး သားလေး ဘာလေး လုပ်မနေနဲ့ ရန်ကုန်မှာတော့ အညာသားပဲစား ဘဲ၊ ဟဲ ဟဲ ပဲစားဆိုလို့ ပြောရ အုန်းမယ်၊ အညာသားတွေက ပဲတော့ တကယ်ကြိုက်ကြတယ်၊။

ပဲတမျိုးမျိုးကတော့ ထမင်းဝိုင်းမှာ အမြဲလိုလို ပါကြတယ်၊ နွေရာသီ ဆိုရင် ပဲကြီးဟင်းလေးပြစ်ပြစ်ချက်၊ မကျီးရွက်သုပ်ကလေးကို ပဲဟင်းရေလေးဆမ်း၊ ကြက်သွန်ဥ ပါးပါးလေး အကွင်းအကွင်းလှီးထည့်ပြီး သုပ်စားရင်ထမင်းဝိုင်းမှာ ခေါင်းတောင်မဖော်ဘူး၊ နောက်ပြီး ဆောင်းတွင်းဆိုရင်လည်း ပဲစိမ်းလို့ခေါ်တဲ့ ထောပတ်ပဲလေး ကို ဆီပြန်ချက်၊ ဒါမှမဟုတ် ရေလည်ဆီလည် လေးချက်၊ ခရမ်းချဉ်သီး ပန်ထွေဖျော်၊ ပန်းမုံလာနဲ့ ဘဲဥလေးနဲ့ ကြော်ဆိုရင်လည်း မြိန်မှမြိန်။ နေ့တိုင်း စားနေကြ ပဲတွေကတော့ ပဲနီလေးနဲ့ ကြာဇံ ဟင်းရေသောက်၊ ကုလားပဲနဲ့ ဆိတ်ရိုးချက်၊ ပခုက္ကူ ဘက်၊ နယ်ဘက် ကအမျိုး တွေပေးထားတဲ့ မောင်မခေါ်ပဲလေးများ ဆီပြန်ချက်စားလိုက်ရရင် အိမ်က လင်တော်မောင်တွေစိတ်ဆိုး သွားကြလိမ့်မယ်နော်။

မောင် လို့ မခေါ်နိုင်အောင် စားကောင်းလွန်းလို့၊ နောက်ပြီး ပဲကုလားဟင်းရေလေး များချက်ရင်ရော စားကောင်းလွန်းလို့ ထမင်းတောင်ထည့် မလောက်ဘူး၊ ကျနော်တို့ အိမ်မှာ ဆိုရင် မေမေက ငါးခြောက်ချက်ရင် အရိုးတွေချန်ထားတယ်၊ အရိုးတွေ နဲနဲများလာရင် ပဲကုလားဟင်းရည်ချက်တယ်၊ ငါးခြောက်ရိုးရယ်၊ ခရမ်းသီး၊ မုံလာထုပ်၊ ပဲသီး ဒန့်ဒလွန်သီး နဲ့ ကုလားပဲကိုရောချက်တယ်၊ မန်းကျီးမှည့် ရည်လေးနဲ့ ပေါ့၊ ကောင်းမှကောင်းပေါ့။ မနက်စာထမင်းဝိုင်း မှာတော့ အမြဲတန်း ပဲပြုပ် ကတော့ပါတာဘဲ၊ ကြက်သွန်နီ နဲ့သုတ် ဒါမှာမဟုတ် ကြက်သွန်နီ လေးဆီသတ်ပြီး ကြော်လိုက်ရင်လည်း ဟင်းတခွက်တန်းတော့ ဝင်တာပေါ့။

နောက်ပြီး ပုန်းရေကြီး နဲ့ ဝက်သားနဲ့ချက်လေ၊ ကျနော်တို့ အညာသားတွေကတော့ ပုန်းရေကိုကြိုက်မှကြိုက်၊ ကျနော်တို့ အိမ်မှာမေမေချက်တဲ့ ပုန်းရေကြီးဝက်သားချက်လေးကို ကျနော်စာထဲမှာ ချက်ပြမယ်နော်၊ ခင်းဗျား တို့တော့သိသလားမသိဘူး လက်ပံပွင်ချိန် ခွေးရူးချိန် ဆိုတာလေ၊ အဲဒီလက်ပံပွင့်ချိန် ရောက်ရင် ဈေးထဲမှာ လက်ပံပွင် တွေအမြဲတန်းရောင်းတယ်။ အဲဒီအချိန်ဆိုရင် မေမေက ဝယ်ထားပြီး ခြောက်နေအောင်လှမ်းပြီး တနှစ်စာ ဒါမှမဟုတ် တော်တော်များများသိမ်းထားတယ်။

နောက်ပြီး ဆောင်းတွင်း ခရမ်းသီးတွေ လှိုုင်နေအောင်ပေါ်တဲ့ အချိန်ဆိုရင်လည်း ခရမ်းသီးတွေ နေ့တိုင်းနို်င်သလောက်ဝယ်လာပြီး ပါးပါးလှီးပြီး နေပူပူမှာ ခြောက်နေအောင်၊ လိပ်နေအောင် လှမ်းပြီး မှ သိမ်းသိမ်းထားတယ်၊ ဈေးထဲမှာ ပုန်းရေကြီး လပ်လပ်ဆပ်ဆပ်တွေ့လို့ ဒါမှမဟုတ် အညာကပုန်းရေကြီးလက်ဆောင် ရပြီ ဆိုရင်တော့ စိတ်မပူနဲ့တော့ ….. ဝက်သားပုန်းရေ ချက်ပြီလေ၊ ပထမဆုံး ဝက်သားသုံးထပ်သား အဆီအသားတွဲရက် ကိုဝယ်ပြီးတော့ နူးနေအောင်ပြုတ်ထားတယ်။

ပြီးတော့ လက်ပံပွင့်ခြောက်ကိုလည်း နဲနဲလေးတော့ နုူးအောင် တရေလောက် ပြုတ်လိုက်သေးတယ်၊ ဝက်သား တော်တော်နူးတော့မှ ခုနက လက်ပံခေါင်းရယ် ခရမ်းသီး ခြောက်ရယ် ခရမ်းသီး အစို ၂လုံးလောက်ရယ်ရောပြီးချက်၊ နဲနဲလေးကြာမှ ပုန်းရေကြီး အရေဖျော်ပြီးထည့်လိုက် ရင် ထွက်လာတဲ့ ဝက်သားပုန်းရေအနံက သားရေတောင်မနဲထိန်း ရမှာ၊ ဝက်သားပုန်းရေနဲ့တွဲတဲ့ အညာငရုပ်သီး ထောင်းလေးကတော့ ငရုပ်သီးအခြောက်တောင့် ကိုကြက်သွန်နဲ့ဆားနဲ့ ရောထောင်းပြီး ဆီရွဲရွဲ လေးများ ဆမ်းစား လိုက်ရရင်တော့ တကယ်ကို တစ်ဆွေလုံးတစ်မျိုးလုံးမေ့လောက်ပါရဲ့ဗျာ။

ဩ ခုနက ပုန်းရေ ဆိုတာလည်း ပဲနဲ့လုပ်ထားတာလေ၊ ဒီဟင်းလေးတွေက ကျနော်တို့ အညာမှာ (မန္တလေးမှာ) ချက်လေ့ချက်ထ ရှိတဲ့ ဟင်းလေးတွေပေါ့ ဗျာ။ ဒီအညာဟင်းတွေ အကြောင်းပြော နေရတာက ထမင်းစားမကောင်းလို့ အဲ ယောင်လို့ ပြောစရာလေးတခု ရှိလို့ intro ဝင်နေရတာလေ။ ဒီနေ့ ကျနော်ဆိုင်မှာထိုင်နေတုန်း vinyl ဆိုင်က အလုပ် (vinyl အပ်ထည်)လာယူတယ်၊ ဆိုင်က မနက်လာယူတယ်၊ ညနေလာပို့ရင်းနဲ့ ငွေပါရှင်းလိုက်ရတာပေါ့၊ ဒီနေ့ က ကျနော်တို့ ကအရေးကြီးနေလို့ မနေ့ညနေက သူတို့လည်း မလာတော့ ဒီနေ့ မနက်စောစော ပိုက်ဆံမရှင်းဘဲနဲ့ vinyl ချပ်တွေဘဲယူလာတယ်၊ သိပ်တော့ မများပါဘူး ကျနော်လည်း သွားတဲ့ကလေးကို ပိုက်ဆံပေးဘို့ မေ့သွားတယ်။

ဒါနဲ ့ ကလေးမလေး လာတော့ ပိုက်ဆံ ရှင်းပေးမယ် လုပ်တော့ ငွေမခံသေးပါဘူးတဲ့၊ မနက်စောသေးလို့တဲ့၊ အဲဒီတော့ ညီမလုပ်တဲ့သူက အလုပ်ရှုတ်ပါတယ်၊ အမတို့မှာ ထုံးစံမရှိဘူး၊ ဘယ်အချိန်ဘဲဖြစ်ဖြစ် ပိုက်ဆံပေးလို့ လည်းရတယ်၊ အမတို့ ရစရာရှိရင်လည်း ဘယ်အချိန်ဘဲဖြစ်ဖြစ် တောင်းမှာဘဲတဲ့၊ အဲဒီလို့ ပြောတော့ ကျနော်လည်း နဲနဲ အတွေးပေါ်သွားတယ်၊ ညီမ လုပ်တဲ့သူကိုလည်း မပြောဘို့ပြောလိုက်တယ်။

ဒါဟာ မန္တလေး ဒါမှမဟုတ် မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့ထုံးစံလေးတခုပေါ့၊ ကျနော်တို့ဆိုင်မှာ စက္ကူ လာပို့ရင်လည်း အဲဒီအတိုင်းဘဲ စောသေးရင် ဘယ်တော့မှ ငွေမခံဘူး၊ နောက်တခေါက် ဒုက္ခခံပြီးတော့ မှ ညနေဘက်မှ ပြန်လာတောင်းတယ်။ ဒါဟာ လူသားခြင်း၊ ဒါမှမဟုတ် အရောင်းအဝယ်လုပ်သူခြင်း ကိုယ်ခြင်းစာနာတတ်တဲ့ အကျင့်ကောင်းလေး တခုမဟုတ်လား၊ အလုပ်ခွင် စစခြင်း ငွေမရတတ်ကြ သေးတော့ ညနေဘက် ရောင်းဝယ်ပြီးမှ ငွေခံကြတဲ့ ဓလေ့ထုံးစံလေးတခုပေါ့။ လူသားခြင်းစာနာတတ်တဲ့ အကျင့်ကောင်းလေးတခုကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းသင့်တယ် မဟုတ်လား၊ အဓိပ္ပါယ် မရှိဘူး ထုံးစံမရှိဘူး အယူမရှိဘူး အလုပ်ရှုတ်ပါတယ်၊ တခါထဲသာ ငွေယူသွားပါဆိုပြီး ကိုယ်ကငွေ ရှင်းရှင်း ပေးလိုက်ရင် တခြားမပြေလည်သူတွေ ဒါမှမဟုတ် မနက်စောစော ငွေမထွက်ချင်သေးတဲ့ သူတွေအတွက် အဆင်မပြေတော့ဘူးပေါ့၊ နောက်ပြီး လူသားခြင်း စာနာတတ်တဲ့ အကျင့်ကောင်းလေး တခုရှင်သန်နေတာ ကောင်းပါတယ်နော်။

ကျနော် ကတော့ ကမ္ဘာကြီးရဲ့ စစ်ပွဲတွေ ရက်စက်မှု့တွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲ ၊ပုဂိ္ဂုလ်စွဲ တွေနဲ့ ယောက်ကျားမိန်းမ ခွဲခြားမှု့တွေကို သိပ်မုန်းတာဘဲ၊ ဒါကြောင့် ဘယ်လို လူမျိုးဘဲဖြစ်ဖြစ်၊ ဘယ်ဒေသ ကဘဲဖြစ်ဖြစ်၊ လူတယောက်အနေနဲ့ လူပီသတဲ့ လုပ်ရပ်တွေရှိရင် ကျနော်တို့က လက်ခံ ရမှာပါဘဲ၊ ဘယ်လိုလူမျိုးဖြစ်လို့ မိန်းမဖြစ်နေလို့ ယောက်ကျားဖြစ်နေလို့ ဆိုပြီး ဘယ်တော့မှ ကျနော် မခွဲခြား ဘူးဆိုပြီး ဆုံးဖြတ်ထားတယ်လေ။ ဒါကြောင့် ကျနော့်ဆိုင်မှာ အလုပ်လုပ်တဲ့ ကျနော့်သမီးတွေ ချက်ကြွေးတဲ့ ဒေသစုံ ကဟင်းချက်နည်း မျိုးစုံတွေကို ကြိတ်မှိတ်စား နေရတာဘဲ၊ ကျနော့်တို့ အညာဟင်းတွေကိုမှ ကြိုက်တယ်ဆိုရင် ကျနော့်ကိုယ်ကျနော် ဒေသစွဲများ ရှိနေသလားဆိုပြီးတော့ ရဲရဲ ချက်မကြွေးခိုင်းရဲဘူးလေ။ အခုတော့ ကျနော့်ရဲ့ အစွန်းရောက်ချင်တဲ့ အတွေးအခေါ်တွေကို ပြင်ဆင်မှ ဖြစ်တော့ မယ်ဆိုပြီး ဒီဆောင်းပါးလေး ကိုရေးလိုက်တာလေ။

ထုံးတမ်းစဉ်လာကောင်း လေးတွေကိုဆက်လက် ရှင်သန်အောင် ထိမ်းသိမ်းဘို့ တာဝန်ဟာ လူတိုင်းမှာတာဝန် ရှိပါတယ်၊ ဒေသဆိုင်ရာ အစွဲအလန်းလေး တွေ၊ ဓလေ့စရိုက်လေးတွေ ဟာ လူကျင့်ဝတ် တွေကို မထိပါးဘူးဆိုရင် ဆက်လက်ထိန်းသိမ်း ကောင်းပါတယ်။ အခုတော့ ကျနော်လည်း အမြင်မှန်တွေ ရပြီးတော့ ဝက်သားပုန်းရေ၊ အညာငရုပ်သီးထောင်း၊ ပဲကြီးဟင်းရည် ကျဲကျဲထဲကို ဆူးပုတ်ရွက်လေးခတ်ထားတဲ့ ဟင်းရည်လေးနဲ့ ထမင်းစား လိုက်ပါရစေ အုန်းဗျာ၊ ကြွားတာပါဗျို့၊ ကျနော်လည်း ခင်ဗျား တို့လို စိတ်ကူးထဲမှာဘဲ စားနိုင်တာပါ။

လေးစားစွာဖြင့်

စာရေးသူ – ရွှေစင်ဦး

One comment

  • pan pan

    September 30, 2010 at 9:19 am

    ဝက်သားပုန်းရည်းကြီးတော့ အရမ်းကြိုက်တာပေ့ါ။ အိမ်မှာတော့ ကန်စွန်းရွက်နဲ့ ချက်တာများတယ်။ ငြုပ်သီးဆားထောင်းလေးနဲ့ ရှယ်ပဲ။

Leave a Reply