ခေတ်သစ်ရေသည်ပြဇာတ်

etoneSeptember 7, 20101min980

ဖတ်ပြီးသားဆိုလည်းပြန်သာဖတ်တော့။၁ဝတန်းကျောင်းသားဘဝကိုပြန်တွေးရင်းပေါ့….

ရေးထားတဲ့ သူကို ချီးကျူးပါတယ်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဓဿ
ဇေယျတု သဗ္ဗမင်္ဂလံ။ ဆိုက်ပရက်စ်ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသားဖိုးစိန်
စင်ကာပူပြည်သို့ သွားစေ။ စင်ကာပူပြည်က အပြန်၊ ဘီယာဆိုင်၌ နားနေစေ။

၎င်း စင်ကာပူမြို့ မြောက်မျက်နှာက အိုင်တီ ယောက်ျား ထွက်ဆိုရန် စကားမှာ-
ဪ- လူ့ဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ဝမ်းစာခဲခက်၊ နာစီ ဂိုးရင်း(မလေး
ထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊
စပါကတီ၊ ခပ်အီအီနှင့်၊ ဟော့ပေါ့အမည်၊ ရေလုံပြုပ်များကို၊ ဝမ်းတေဘယ်တမျှ
ခပ်ဝဝ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့၊ မရပ်မနား၊
ကီးဘုတ်ကြားမှာ၊ ဝမ်းကျောင်းပါငြားကဘဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ
သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ ငွေနှယ်ကြေးနှယ်၊ ဘဟာ့နှယ်များကို၊
ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်၊ အမွဲတကာ့ ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ၊
ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင် မွဲနိုင်တဲ့၊ ငါ့ကိုယ့်နော်။

ဟယ် သို့သော်လဲ ယောက်ျား၊ စင်ကာပူသွား စင်ကာပူသားဟဲ့၊ မနုံနဲ့ပါဘူး။
အလှဲ့သင့်ချက်ပိုင် ခွေးကန်းတောင် အိမ်သာကျင်းထဲ ကြနိုင်သေးသပ၊
ကံဆိုင်လို့ တကယ်၊ ချက်ကောင်းကို တွယ်မိလျှင၊် အိုင်တီ တောင်ပေါ်
လူနေလှလို့၊ ရွှေချသလို ပြောင်လိမ့်မယ်၊ အဆောင်တော် လပ်တော့ နှင့်
အင်စတော်လာ စုံအလင်၊ အန်တီ ဗိုင်းရပ်စ်ကို ဒေါ်လာနှင့် လဲရအောင်
မြို့ထဲသို့ ဝင်တော့မယ်၊ မှန်ဝိုင်းရှင် ဘော်သုံးက၊ လပ်တော့ကိုဆက်။

တခန်းရပ်။

မြို့တောင်မျက်နှာက အော်တိုကတ် အမျိုးသမီး ထွက်ဆိုရန်စကားမှာ-
ဪ စင်ကာပူရခေါ်၊ သည်ပြည်တော်မှာ၊ အကျော်ဇေယ၊ ခေါင်မှာစွဲအောင်၊
မွဲတေလှတဲ့၊ ကျွန်မ ကိုယ်ငယ်၊ တခါတရံ၊ လောကဓံမှာ၊ ကံမျက်စေ့ လယ်လို့မှ၊
ပြောင်နိုင်တယ် မရှိ။ Draft ဆွဲလို့ရောင်း၊ ဝမ်းကိုကျောင်းရတယ်။
အကြောတက်လို့ ဂိခဲ့ပြီ။ အသားတဝက်၊ အရွက်တဝက်၊ ထမင်း ပြက်သိကာ တရုတ်မ
ဆိုင်မှာ၊ ဟင်းလျာက ဘီဟွမ်း(ကြာဆံ)၊ လည်ချောင်းကို မြေလှန်၊
ဂလုံဆန်အောင်၊ စုံကန်လို့မျှောရတယ်၊ ကောလိုက်တဲ့ကံ။ နာစီ ဂိုးရင်းနှင့်
သောက်ရန်ချိုရည်၊ ကျွေးနိုင်တဲ့ မောင်များကို၊ လူ့ဘောင်တွင်တခါ၊
ကြုံစမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့၊ မတော်တဆ၊ နာစီ
မောင်မောင်၊ ဦးအချိုရည်ရို့နှင် အိမ်ထောင်များ ကျခါမှ၊ ဝဝကြီး
ဖောင်းလန်အောင် ဝမ်းစည်းစိမ်ခံတော့မယ်။

ဪ၊ တောင်ကြံမြောက်ကြံ၊ ဘရံတောက်တီး၊ ဆင်းရဲခန်းကို နိဒါန်းသွယ်လို့၊
ဘဲ့နှယ်ပင် ငြီးသော်လည်း၊ ဆန်နီးမယ် မဟုတ်၊ အော်တိုကတ်
များများဆွဲနိုင်မှ ဒေါ်လာကို ကုပ်မိမယ်၊ တိုပေတောင့် စကပ်။ အနံက တထွာ၊
အလျားက တမိုက်၊ ကျော်ခွလျှင် မဖြစ်ပါတဲ့ မီနီစကပ်ကို သုံးလေးခါ ဖြန့်ကာ
ဆန့်တယ် ပုြံကမ်းတွေကိုရွက်၊ မူရာတော် ကုပ်ချောင်းချောင်းနှင့်
ပုံရောင်းထွက်တော့မည်၊ ကိုးမျက်စုံ မှန်ဝိုင်းလယ်က ပုံသည်ကို
နေမမြင့်ရအောင် ဘတ်စ်ကားခ မစပါ့ဦး မောင်ကြီးရှင့်။

တခန်းရပ်။

တက္ကသိုလ်က ပြန်သော မင်းသားထ၍၊ ပြည်တော်သို့ရောက်စေ။ ခမည်းတော် သဘောအရ
သော့အားလုံး မင်းသားလက်အပ်ခါ ဟောလီးဒေးသွားစေ။

တခန်းရပ်စေ။

အထက်က အိုင်တီ ယောက်ျားနှင့်၊ အော်တိုကတ် အမျိုးသမီးတို့တွေ့ကြရာ၊ မိန်းမက ဆိုရန်-
မျက်တွင်းဟောက်ပက်၊ အိတ်ကြိုးပျက်နှင့် ဘောင်းဘီညစ်ထေး၊
ခေါင်းမွေးဖြူတဲ့၊ ကျုပ်ဖအေငယ်၊ အင်စတော်လာ ရောင်းစား
မောင့်စွမ်းအားနှင့် စီးပွားတနှစ်၊ ဘဲ့လောက်များ ဖြစ်ပါတုံး၊
စစ်စစ်ပေါက်ပေါက်၊ ဝမ်းရေးလောက်၍၊ စားသောက်သည်ပြင်၊ လက်ကပ်ခြေကပ်၊
ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်ပြန်ပို့ရ၊ ကျူပ်မောင်လှမှာ၊
ငွေစဘဲ့လောက်များသလဲ။ ခါးဝတ်လဲမှာ၊ မလွဲစင်စစ်၊ မျက်မြင်ဖြစ်၍၊
မစစ်သာဘူး၊ ဘလာချာချွတ်ခြုံ၊ ဖွားဖက်တော်မှ မပေါ်ရုံ၊ လုံအောင်
အနိုင်ဖုံးရတယ်၊ စားဖွယ်သောက်ခင်း၊ ဘယ်ထမင်းနှင့်၊ ဘယ်ဟင်း ချဉ်ချို၊
ဘယ်နှယ့်များ မျိုရတုံး၊ နှမလိုစိတ်ကစွဲလို့၊ ဖြစ်နဲကို ပြန်စမ်းပါ
မောင်ကြီးရယ်။

အိုင်တီ ယောက်ျားဆို။ ဆံပင်အဖြောင့်၊ တော်ကြာကောက်နဲ့ ခါးစည်းဝတ်လဲ
တထွာတည်းကို ဟိုခွဲဒီခွဲ အကုန်ခွဲတဲ့ မမရယ်၊ အင်စတော်လာရောင်း
စီးပွားကြောင်းနှင့် လူကောင်းကို်ယ့်မောင်၊ ရုံးလှဆောင်၊ ဝအောင်စား၍၊
ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့ အဖတ်တင်၊ MRT များ ATM
ကြား၌ လုံစွာထား၊ ဒေါ်လာလေးရာ ရှိပါတယ်။ သည်ပစ္စည်းတွေ လေးရာငွေကြောင့်
စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး။ ညမှုညလူ၊ ကြွေးရှင်များဘူလွန်းလို့၊
ဟိုပုန်းဒီပုန်း တကုန်းကုန်းနှင့် ပုန်းခဲ့ကာလ မနည်းလှပြီ၊ ညစာနံနက်၊
စားရရက်မှာတော့၊ မဆာလာရောရော နာစီဆိုတဲ့ ထမင်းဟင်းကို ဂရင်းတီးနှင့်
လည်ချောင်းကို စင်းပြီးလျှင် အတင်းသာ သွတ်ရတယ်၊ ခါးဝတ်လဲမှာ
မျက်မြင်ပါဘဲ၊ ဥစ္စာပြည်စုံ၊ ဓနဂုဏ်နှင့် ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊
လူဆင်းရဲ မမှတ်ပါနှင့် အမိငယ်။

အော်တိုကတ် အမျိုးသမီးဆို။ ငွေလေးရာနှင့် ဋ္ဌေးအောင်ကြွယ်ဝ၊ ဥစ္စာပေါတဲ့
ဇောတိကငယ်၊ နှမမှာလဲ သည်လိုပဲ၊ ဘဏ်ထဲသို့မြုပ်၊ ကိုယ်သဘောကျ၊
ခင်ပွန်းများ ရခဲ့လျှင် သူထိန်းမကြီး လုပ်မယ်လို့၊ ငွေထုပ်ကြီးမား
လူမသိအောင် ဖုံးဖိလို့ထားလိုက်တယ်၊ စီးပွားဆောက်ဦး၊ ကံချင်းဘဲနီးရောထင့်၊
မောင်ကြီးနှင့်တူရာမှာ၊ ငွေစိမ်းလေးရာ ရှိပါတယ်။ သည်ငွေလေးရာ
ဥစ္စာဝန်လေးလွန်းလို့ အရေးမတော် ဖဲသမား ကတော်များ ဖြစ်ခဲ့သော်၊
ကူဖော်လောင်ဖက် မရှိရင် ခက်ထာမို့၊ နှစ်သက်လောက်သူ၊ စည်းစိမ်ကြီးကို
ထီးလိုအုပ်၍ ချုပ်မည့်လူကို တဆူယောက်ျား ဇမ္ဗူမှာ ရှားလွန်းလို့၊
လင်သားမယူ၊ အပျိုကြီးလုပ်၍ ရွက်အုပ်သီး ပူရတယ်။ ကံတူတဲ့မဲ့သခင်၊ ဘယ်ခါမှ
စုရုံးလို့၊ ရွှေပုံးရည် ချဉ်မယ်သိ၊ ထင်ရမက်ကယ်နှင့် စောင့်လျက်သာ
နေရပါတော့တယ်၊ ကျုပ်မောင်ငယ်။

အိုင်တီ ယောက်ျားဆို။ ။ သုံးစွဲမကုန်၊ တောင်နှယ်ပုံ၊ ငွေမှုံလေးရာ၊
ခြိမ့်အောင်ကြွယ်တဲ့၊ မယ်သူဋ္ဌေးငယ်၊ ရွေးလွန်းလျှင်မရ သေးလွန်းလျှင်
မလှတဲ့၊ ရှေးကပုံထား၊ လူထဲမှာနေ၊ လူ့ဖြစ်ထွေကို အကျေသားနှင့်၊
ဇာတ်သွားရှည်အောင် အရေးဆောင်လို့ ကွေ့ချောင် ဝေဝုစ်၊ ဘောက်စရာလုပ်ရတုံး၊
ငွေထုပ်ချင်းတူ၊ လူရွယ်ချင်းမျှ၊ အလှချင်းနတ်ဖက်၊ တိုင်း၍ရက်တဲ့ ပက္ကလာ၊
မိုးရွာသည်နှင့် အခန့်သင့် အခွင့်ဆီဆိုင်၊ အတိုင်အလှဲ့၊
အစပ်ဖြင့်တဲ့လှပေါ့ ဂျင်ပဲ့ချင်းပေါက်ကြစို့၊ နောက်မဆုတ်တမ်း၊
သည်ယနေ့တွင်ဖြင့်၊ ဘီလူးတွေ့လက်ရ သိမ်းလို့ အစိမ်းဖမ်း ဖမ်းတော့မည်၊
ပတ်ကြမ်းတီး၊ ပွဲပြီးစေကြစို့ငဲ့လေ အမိရယ်။

အော်တိုကတ် အမျိုးသမီးဆိုရန်။ ။ မကြီးသက်လှယ်၊ မျက်ထားချိုတဲ့ ကိုကိုရယ်၊
ချစ်တယ်ကြိုက်တယ်၊ အတင်းအကြပ်၊ နောက်ပိုးထပ်လို့၊ ခွေးငတ်နှင့် ဖိနပ်ပြတ်
ဖြစ်လေသည်။ ဘယ်နှယ့်တုံး ခုတင်ခု၊ အရပ်မှုဆောင်သလို၊
တော်ရုံပင်သော့ပါရော့၊ ပေါ့ပေါ့တန်တန် ဂျီတော့က ဇာတ်လမ်းများ
ဖန်သရော့ထင်၊ တနပ်စားမကြံ၊ တကယ်တမ်းမှန်ပါလျှင်၊ စားရန်ခန်းဝင်၊
ပွဲလယ်ဝင်ရန်၊ ဒေါ်လာအသပြာ ငွေလေးရာကို မြန်စွာသာ ယူချေတော့ မောင်ကြီးရယ်။

အိုင်တီယောက်ျားဆို။ ။ ဟဲ့ဘကြီးသား၊ တခါများဖြင့် သိကြားစောင်မ
အိစိကလိလေးလည်း ရပေပြီ။ လူတကာ့နဲ့ ကြင်ရာနတ်ဖက် မောင်ကြီးသက်ကို
လက်ချင်းတွဲလို့ ကလပ်သဘင် အခဲသားဝင်ရအောင် ATM ကြား ငါဝှက်လို့ထားခဲ့တဲ့
ကြေးများစွာကို မကြာချက်ချင်း MRT နှင်း၍ ငွေစယူ ကြွတော့မည်။ မတီးမစောင်း
ဗိန်းမောင်း…..

ဂသို့နှယ် ပွားပြီးသကာလ ရှိစုမဲ့ MRT ကဒ်လေးနဲ့ ရထားစီးပြီး
ချွေးဒီးဒီးကျနေတာကို ရထားပေါ်က ကောင်မလေးတွေကို မှန်ပြောင်းတလက်နဲ့
ငမ်းကျောထနေတဲ့ ဆိုက်ပရက်စ် မင်းသား တွေ့မြင်လေ၏။ ခါးကြားက
ဟမ်းဖုန်းထုတ်၍ လှမ်းပွားလေသည်။

“ပေါ်ပေါ် ဂလောက် လူကြပ်ကြပ်ရထားကို ဘဇာကြောင့် အသည်းအသန်စီးနေတာတုန်း”
“အကိုတော် ဇာတ်မင်းသား၊ ကောင်မလေးနှင့် ကလပ်သဘင် ဆင်နွဲရန် ATM မှာ
ငွေသွားထုတ်မလို့ပါ”
“how much?”
“ဖိုးတွမ်းတီ”
“နင် ဘုန်း ထားသမျှ အကုန်ပဲလား၊ မသွားနဲ့ ငါ ၂ ကျပ်တိုးနဲ့ ချေးမယ်၊”
“အကိုတော် ချေးသမျှလည်း ပြန်မဆပ်ဘဲ ယူမယ်၊ ဘဏ်ထဲက ပိုက်ဆံလည်း သွားထုတ်မယ်”
“မသွားနဲ့ ကိုဘိုဘို အကြွေတွေ ရှိတယ်၊ ငါပေးမယ်”
“အကြွေတွေလည်းယူမယ်၊ ငွေလည်းထုတ်မယ်”
“မင်း အိမ်ရှာနေတာမဟုတ်လား၊ ကိုဘို့ အိမ်မှာ လာနေကွာ ငါပြောပေးမယ်”
“ON”

ထိုသို့ ကိုဘိုဘို အိမ်တွင် မင်းပြိုင်ပြုနေကြရာ၊ တနေ့သော် စီးတီးဟောမှာ
ဇာတ်မင်းသားကိုဖိုးစိန်ကို နပုန်း ပဏ္ဍုက်တယောက်လက်ထဲ ထည့်ပြီး ကိုဘိုကို
အပိုင်သိမ်းရန် ကြံစည်လေသည်။ တဖန်လည်း အကိုတော်သည် ငါ့အား
နာဂစ်ဒုက္ခသည်ဘဝလို မဖြစ်အောင် ကူလီကူမာ လုပ်ပေးခဲ့သည်။ ငါ၏အကြံသည်
မသင့်တော်ပါ့လားဟု နပုန်း ပဏ္ဍုက်ဆီပို့မည့် မတ်ဆေ့ချ်ကိုပိတ်၍
ကြိတ်မှိတ်နေလေ၏။ ဤသို့ သုံးကြိမ် ကြံစည်ပြီးသော် ငါ့အား
မကောင်းမှုများလတ္တံဟု ကိုဖိုးစိန်ကို ပြောပြလေသည်။

ထိုအခါ ကိုဖိုးစိန်က “ငါတင်းတယ် ဆိုက်ပရက်စ် ပြန်တော့မယ်။ နင် မင်းမူတော့
ကိုဘို့ဆီမှာ ငါလည်း ဟိုတယ်မှာပဲ နေတော့အံဟု” ဆိုလေသည်။

“အို အကိုတော် မရှိလျှင် ကျုပ်လည်း မနေလိုတော့ပြီ၊ တပ်မက်သော တဏှာသည်
ကျုပ်ကို ဖျက်ဆီးလတ္တံ။ တဏှာလောဘ၏ အပြစ်ကို မြင်ပြီ။ အကိုတော်သာ နေပါတော့။
ကျုပ် အရင်လို ၂ ထပ် ခုတင် သုံးလုံးထည့်ထားတဲ့ အခန်းမှာသာ နေပါတော့မည်ဟု

ငိုယိုပြီး ပြောမယ် သင်ထင်သလား။ သူတကယ်ပြောတာက ဝမ်းသာအဲလဲ အသံကြီးနဲ့

” အ ဂယ် လားးးးးးး”ဟူသတတ်။

ရေတမာ

မှီငြမ်း။ ။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ စလေဦးပုည၏ အတ္တုပ္ပတ္တိ နှင့်
ဂင်္ဂါမာလဇာတ်ခေါ် ရေသည်ပြဇာတ်