ရန်သူ ?…..မိတ်ဆွေ….?

etoneSeptember 7, 20101min1012

တစ်ခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည်
မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့ ကျူးကျော် ဝင်ရောက်ပြီး ဘဲများကို
ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက မုဆိုးအား ခွေးများကို လှောင်ထားပေးရန်
အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို
သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး လယ်သမားမှာ
သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကို အရေးယူပေးပါရန် သွားရောက်
တောင်းဆိုခဲ့သည်။

လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဉာဏ်ပညာရှိသော သူကြီးက. . “အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်း လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။
ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း တစ်ယောက်
လျော့သွားနိုင်ပြီး ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့
အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့ အိမ်နီးချင်း
လုပ်ချင်သလား”

“မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့”
“ကောင်းပြီလေ….ဒိလိုဆို ကျွန်တော့် အကြံဉာဏ်ကို ခင်ဗျား လိုက်နာရမယ်။ ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်”

သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံး ဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏ သားသုံးယောက်အား လက်ဆောင်အဖြစ် ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့်
နေ့တိုင်း ပျော်ရွှင်စွာ ဆော့ကစားနေသော သားများကိုတွေ့သော် မုဆိုးမှာလည်း
ဝမ်းသာကြည်နူးမိသည်။ ထိုအခါမှ မုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည်
စိုးသောကြောင့် ခွေးများကို သေသေချာချာ လှောင်ထားတော့သည်။ လယ်သမားအားလည်း
ကျေးဇူးတင်ပြီး အမဲလိုက်ရမှ ရလာသော အသားများကိုလည်း ဝေငှာတတ်လာသည်။
လယ်သမားလဲ ခြံထွက် အသီးအနှံများ ဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။
ချစ်ခင်မှုများ အပြန်အလှန် ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ
အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။



နိုင်းနိုင်းစနေ

2 comments

  • kopauk mandalay

    September 7, 2010 at 3:27 pm

    သိပ်မှန်တာပေါ့ ကိုယ့်အိမ်နီးနားချင်းနဲ့ရန်ဖက်မဖြစ်တာအကောင်းဆုံးပါဘဲ။
    ဒါပေမယ့်လည်းတစ်ခါတစ်ရံမှာလူဆိုတာကိုယ်က စအလျှော့ပေးဘို့ဝန်လေးတတ်တာကိုလည်းမေ့ထားလို့တော့မရပြန်ဘူး။
    လောကမှာလုပ်သင့်တယ်ဆိုတာသိပေမယ့် ကို်ယ်ကစလို့အလျှော့ပေးရမယ်ဆိုရင် မလုပ်ဖြစ်တာများပါတယ်။

  • Gong Zhu

    September 16, 2010 at 1:18 pm

    ပြောတော့ လွယ်လွယ်လေး တစ်ကယ်ဖြစ်လာရင် ဒေါသကထိပ်ဆုံးကပဲ . . .

Leave a Reply