ယိုင်တိယိုင်တိုင်

etoneSeptember 7, 20101min781

အဲ့ဒီနေ့က စာသင်ခန်းထဲမှာ လွတ်လပ်ရေးရနေကြတယ်။ ကျွန်တော်တို့ ကလေးတွေ အတန်းပိုင် ဆရာမ မလာလို့ ပွက်ပွက်ညံနေကြတာ။ ခုနတင် တစ်ဖက်ခန်းက ဆရာက လာဆူသွားပြီးပြီ။ ဆရာဆူလည်း တစ်ခဏသာပါဘဲ။ ဆူတုန်းသာ ငြိမ်ကျသွားတာ။ ပြီးတော့ ဆရာလည်းပြန်ထွက်သွားရော စာသင်ခန်းထဲ ပြန်ပြီး ဝုန်းဒိုင်းကျဲတော့တာပဲ။ နှစ်ကုန်ပိတ် ရက်ရှည်နီးလာတော့ အတန်းထဲမှာ စာတွေလည်း တော်တော်ပြီိးသလောက်ဆိုတော့ ဆရာမတွေကလဲ ကျွန်တော်တို့ကို တော်ယုံတော့ လွတ်လပ်ခွင့် ပေးထားကြတယ်။ ဒီလို အတန်းပိုင်ဆရာမခွင့်ယူတဲ့ ရက်မျိုးဆို ကျွန်တော်တို့ ကလေးတွေ သဘောခွေ့မှခွေ့ပေါ့။ အဲ့ဒီအချိန်မှာ ကျောက်သင်ပုန်းကို ကြိမ်နဲ့ တစ်ရွှမ်းရွှမ်းရိုက်လိုက်သံကြားလို့ ကျွန်တော်တို့ ကိုယ့်နေရာကို ကသောကမျော ပြန်ပြေးဝင်ထိုင်ကြတယ်။ ဆရာမတစ်ယောက် ..။ ကျွန်တော်တို့ တစ်ခါမှ မမြင်ဘူးသေးတဲ့ ဆရာမအသစ် တစ်ယောက် အတန်းထဲဝင်လာတယ်။ ဆရာမက သူ့ကိုယ်သူ မိတ်ဆက်ပေးလို့ ဆရာမနာမည် ဒေါ်သီတာ ဆိုတာသိလိုက်ရတယ်။ အတန်းပိုင်ဆရာမ ကျောင်းပြန်မတက်ခင် စပ်ကြား စာတွေသင်မယ့် ဆရာမလို့ သိလိုက်ရတယ်။ ဆရာမလေးက အသက်ငယ်ငယ်၊ အရပ်က မနိမ်မမြင့်၊ မပိန်လွန်းမဝလွန်း၊မျက်မှန်ဝိုင်းလေးနဲ့၊ ဆံထုံးအောက်ဖက် လေးမှာ ပန်းလေးပန်ထားပုံ ကချစ်ခင်နှစ်သက်ဖွယ်ရာ။ ကျွန်တော်တို့ရဲ့ ဆရာမအသစ်လေးကို တစ်တန်းလုံးက ကျောင်းသူ၊ ကျောင်းသားတွေက စိတ်ဝင်စားစွာ ကြည့်နေမိကြတယ်။ ဆရာမရဲ့ မျက်လုံးထဲမှာ စာသင်ခန်း အသစ်က ကျောင်းသားအသစ်တွေနဲ့ တွေ့ရတဲ့ အတွေ့အကြုံအသစ် အတွက် စိတ်အားထက်သန်မှု တွေနဲ့အတူ တဖျတ်ဖျတ် တောက်ပနေလေတယ်။ မိတ်ဆက်အပြီးမှာတော့ ဆရာမက သင်ခန်းစာတွေကို စံနစ်တကျ စသင်နေလေတော့တယ်။ ဆရာမရဲ့ ပီသကြည်မြနေတဲ့ စာသင်သံဟာ အတန်းတစ်ခုလုံးကို လွှမ်းခြုံထားလေတယ်။ ဆရာမရဲ့ စာသင်နေသံကလွဲလို့တခြားဘာသံဆို ဘာသံမျှ မကြားရလေအောင် ကျောင်းသူ ကျောင်းသား အားလုံးက တိတ်ဆိတ် ငြိမ်သက် ဝင်စားလျှက်ရှိနေကြတယ်။ ဆရာမက တခြားဆရာအသစ်များလို့ တုန့်ရွံ့နေခြင်းမျိုးမရှိပဲ သူသင်ကြားရမယ့် သင်ခန်းစာကို ပိုင်ပိုင်နိုင်နိုင် သင်ပြနေလေတယ်။ ကျွန်တော်တို့အတန်းက တကယ်တော့ အလွန်အမေးအမြန်းထူလေသော ကျောင်းသားအများစု ရှိနေတဲ့ အတန်းပါ။ ဒါပေမယ့်ဆရာမလေး ဒေါ်သီတာကတော့ တည်ငြိမ်စွာနဲ့ သူ့ရဲ့သင်ခန်းစာ တွေကို တစ်ကြောင်းခြင်း၊ တစ်ပိုဒ်ခြင်း၊ ပိုင်ပိုင်နိုင်နိုင် ရှင်းပြနေတာမို့ ကျွန်တော်တို့မှာ မေးခွန်း ပြန်လှန်ထုတ်ဖို့ နေနေသာသာ ဆရာမလေး သင်ကြားနေတာတွေ မလွတ်သွားရ လေအောင် အမှီလိုက်မှတ်နေရပါတယ်။ ဆရာမလေးက တကယ်ကျွမ်းကျင်သော၊ ထက်မြက်သော ဆရာမလေးပါ။ ဆရာမလေးက သူရဲ့သင်ကြားမှု အပြီးမှာ ကျွန်တော်တို့ အားလုံးကို အစမှအဆုံး သင်ခန်းစာကို ပြန်လည် ရွတ်ဖတ်စေပါတယ်။ ” …………… သူတို့ အားလုံးသည် နောက်ဆုံးတွင် အတူတကွ ထွက်ခွာသွားကြလေသည်။ သို့သော် သူတို့ခြေလှမ်းအစုံမှာတော့ယိုင်တိယိုင်တိုင် ဖြင့်သာ..။ “ နောက်ဆုံးစာပိုဒ်အထိ တစ်တန်းလုံး သံပြိုင်ဖတ်ပြီးသွားကြလေပြီ။ ” ကဲ.. အားလုံးလည်း နားလည် သဘောပေါက်လောက်ပြီလို့ ဆရာမထင်တယ်။ ဒီသင်ခန်းစာရဲ့ အဆုံးမှာပါတဲ့ ..ယိုင်တိယိုင်တိုင်.. ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အားလုံးကြားရအောင် နောက်ဆုံးခုံတန်း ပြူတင်းပေါက်ဘေးမှာထိုင်နေတဲ့ ကျောင်းသား.. အသံ ကျယ်ကျယ်လေးနဲ့ ထပြီး ရှင်းပြပေးပါကွယ် ” သူ့နာမည်က ညီညီ။ ညီညီက ကျွန်တော့ အနောက်မှာထိုင်လေသူ။ ညီညီက စားပွဲကို အားပြုလို့ ဖေ့နွဲ့စွာ ထလိုက်လေတယ်။ ညီညီက စားပွဲစွန်းကို လက်ဖြင့် ဖိထောက်ကာ အားပြုရပ်လျှက်..။ သူ့နှုတ်ကတော့ စကားသံတစ်လုံးမှ မထွက်။ တစ်တန်းလုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားလျှက်။ ဆရာမလေးက သူ့မေးခွန်းကို ညီညီအား ထပ်မေးပြန်တယ်။ ” ခုနက ဆရာမရှင်းပြတဲ့ အထဲမှာ ဒီစကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို သေသေချာချာ ပြောပြထား တယ်နော်..။ မင်း…. ဆရာမသင်တုန်းက သေချာ နားထောင် မမှတ်သားထားဘူးလား.. “ ဆရာမလေးက ညီညီကို စေ့စေ့ကြည့်လို့ အဖြေကို စိတ်ဝင်တစ်စား စောင့်နေတယ်။ ဒါပေမယ့် ညီညီကတော့ စားပွဲစွန်းကို လက်ဖြင့်ကိုင်လျှက် ဦးခေါင်းကို တွင်တွင်ငုံ့လျှက်က နှုတ်ဆိတ်နေလို့် သာ..။ ညီညီရဲ့ နှုတ်ဆိတ်နေမှုက ဆရာမအသစ်လေးကို အားနာတဲ့စိတ်နဲ့ ကျွန်တော် အသက်ရှူမှားမတတ် ဖြစ်သွားမိတယ်။ ” ဟေး… မင်းကို မေးနေတယ်လေ..။ ဖြေလေ..။ ဆရာမကို ပမာမခန့်လုပ်တာလား.. “ ဆရာမလေး အသံက ဒေါသသံစွက်လာပြီ။ တစ်တန်းလုံး တုတ်တုတ်မျှ မလှုပ်ဝံ့တော့။ ဒီလောက်လွယ်တဲ့ အဖြေကို ညီညီအစား ဝင်ဖြေပေး လိုက်ချင်စိတ်ကြောင့် ကျွန်တော်အူတွေ အသည်းတွေထဲ ယားယံလာသလိုပင် ခံစားလာလေရတယ်။ ” မေးခွန်းကို မဖြေပဲ မင်းဒီလိုလုပ်နေတာ ဘာသဘောလဲ “ ဆရာမလေးက မျက်နှာနီရဲလာလျှက်က ခပ်တင်းတင်းအသံဖြင့် ညီညီကို မေးလိုက်တယ်။ ” ကျွန်တော် မဖြေနိုင်ပါဘူး ဆရာမ “ ညီညီရဲ့အဖြေက တိုးညှင်းလွန်းလှပေမယ့် တိတ်ဆိတ်နေတဲ့ စာသင်ခန်းတစ်ခုလုံး ကြားလိုက်ရတယ်။ ဆရာမက သူ့ရဲ့ စိတ်ကို ထိန်းချုပ်လိုက်ပုံ ရတယ်။ ” ကဲ..ဒါဆို ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူဖြေနိုင်သလဲ “ ” ကျွန်တော်ဖြေမယ် ဆရာမ..” ကျွန်တော်က သွက်လက်စွာ လက်ညှိုးထောင်ပြလို့ မတ်တပ်ရပ်လိုက်တယ်။ ” ယိုင်တိယိုင်တိုင် ဆိုတာ ဟန်ချက်မညီတာ၊ မတည်ငြိမ်တာကို ပြောတာပါဆရာမ ။ ဥပမာ.. အရက်မူးနေသူတွေ လမ်းလျှောက်တဲ့ အခါမှာ ယိုင်ထိုးနေတာမျိုးကို ယိုင်တိယိုင်တိုင်လို့ သုံးနှုန်းလို့ ရပါတယ်ဆရာမ “ ကျွန်တော့်ရဲ့ သွက်လက်ချက်ချာတဲ့ အဖြေကြောင့် ဆရာမမျက်နှာမှာ ရုတ်ချည်း ကျေနပ်မှု အရိပ်အယောင်ကို တွေ့လိုက်ရလို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်သွားမိတယ်။ ဆရာမက ကျွန်တော့်ကို ချီးမွမ်းပြီး နေရာမှာ ပြန်ထိုင်စေတယ်။ ” သူများ ဘယ်လိုဖြေသွားတယ်ဆိုတာ မင်းတွေ့တယ်နော်။ နောက်ဆို စာသင်ချိန်မှာ အာရုံဝင်စားပြီး နားထောင်ပါ.. ကြားလား “ ညီညီက ဆရာမလေးကို ဘာမှပြန်မပြော ။ အင်းမလှုပ်..အဲမလှုပ် ပေတေလို့ ခေါင်းကို အောက်ကို ငုံ့သည်ထက်ငုံ့လျှက် ရပ်ကာ သာ။ ညီညီလုပ်ပုံက ဆရာမအသစ်လေးကို ကျောင်းသူ၊ ကျောင်းသား အသစ်တွေကြားမှာ အရှက်ပိုစေခဲ့ပြီ။ ရဲရဲနီလာတဲ့ ဆရာမ လေးရဲ့မျက်နှာက ညီညီရဲ့ ပမာမခန့် အပြုအမူကြောင့် တင်းမာခက်ထန် လာလေပြီ။ ” ကလင်…. ကလင်… ကလင် “ အဲ့ဒီအချိန်မှာပဲ မုန့်စားဆင်းခေါင်းလောင်းဘဲလ်တီးလေတော့ ဆရာမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လျှက်က ကျွန်တော့ ကို လက်ညှိုးထိုး ကာ ညီညီကို… ” မင်းတို့နှစ်ယောက် ဆရာမရဲ့ ရုံးခန်းမှာ ခနနေလာတွေ့ပါ “ ..လို့ ပြောပြီး အတန်းထဲက ထွက်ခွာသွားလေတယ်။ ထွက်ခွာသွားတဲ့ ဆရာမလေးရဲ့ ခြေလှမ်းတွေက အလာတုန်းကနဲ့ ခြားနားစွာ တုန့်နှေးနေတော့တယ်။ မုန့်စားဆင်းချိန်မို့ အတန်းထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေချိန် ကျွန်တော်နဲ့ ညီညီ ဆရာမရှိရာ ရုံးခန်းဆီကို ထွက်လာခဲ့တယ်။ ကျွန်တော်က အရှေ့က ဝင်သွားတော့ ဆရာမလေးက မထိုင်သေး။ သူ့စားပွဲနဘေး မှာ မတ်တပ်ရပ်လျှက် ကျွန်တော်တို့ကို စောင့်နေပုံရတယ်။ ဆရာမလေးက ညီညီကို မြင်တော့ စူးစိုက်ကြည့်လျှက်က သူမရဲ့ မျက်နှာဟာ ရုတ်ချည်းပျက်သွားလေတယ်။ ကျွန်တော့နောက်မှ ခြေထောက်တစ်ဖက်သိမ်ဝင်နေတဲ့ ညီညီတစ်ယောက် ယိုင်တိယိုင်ထိုးနဲ့ တစ်ကိုယ်လုံးခါယမ်းလျှက်က လျှောက်လာတာကိုကြည့်ပြီး ဆရာမလေး ကြက်သေသေသွားလေတယ်။ ဆရာမလေးက ချက်ချင်း ညီညီရဲ့ နဘေးရောက် လာတယ်။ ” ဆရာမကို ခွင့်လွှတ်ပါကွယ် “ ဆရာမလေး စကားတွေ အများကြီးမပြောနိုင်ရှာပါဘူး။ တုန်ယင်စွာနဲ့ ထွက်လာတဲ့ ဆရာမလေးရဲ့ နှုတ်ဖျားက စကားလုံးကြောင့် တစ်တန်းထဲ အတူတက်လာတဲ့ ကျွန်တော်လည်း ညီညီတစ်ယောက် ယိုင်တိယိုင်တိုင်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုဖို့ ဘာကြောင့်များ ခက်ခဲခဲ့ရလေသလဲဆိုတာ အခုမှသာ နားလည်မိလေတော့တယ်။ အတန်းထဲမှာလိုပဲ ညီညီက ငြိမ်သက်စွာ နှုတ်ဆိတ်လျှက် ရပ်တန့်လို့။ ညီညီမျက်ဝန်းက မျက်ရည်များက သူ့ရဲ့ သိမ်ဝင်မနေတဲ့ အကောင်းပကတိ ခြေခုံလေးပေါ်သို့ တစ်ပေါက်ချင်း… တစ်ပေါက်ချင်းကျလို့ ။ { တစ်ခါတစ်ရံ မေးလာတဲ့မေးခွန်းတွေအတွက် ကျွန်မတို့မှာ အဖြေရှိနေရက်နဲ့ အဖြေမဲ့နေရတယ် ။ တစ်ခါ… ကျွန်မတို့ ကိုယ်တိုင်ကိုကတဖက်သားမှာကိုယ်မမြင်နိုင်တဲ့၊ ကိုယ်မသိနိုင်တဲ့ အခက်အခဲတွေရှိနေ၊ အားနည်းချက်တွေရှိနေ၊ မရှိနေဆိုတာကို ဂဃဏန မစဉ်းစားမိတော့ပဲအဖြေရလိုစိတ်တွေနဲ့ မေးခွန်းတွေကို ဇွတ်ထုတ်မိတတ်ကြတယ်။ ကာယကံရှင်မှာ ဘယ်လောက်များ ဖိအားပါတဲ့ ဒီလိုမေးခွန်းတွေကြောင့် ထိခိုက်ကြေကွဲ၊ စိတ်ပင်ပမ်းနေကြရရှာမလည်းနော်။ ဒီရက်ပိုင်း… ကျွန်မကိုယ်တိုင် မေးခွန်းတွေ ဆက်တိုက် အမေးခံရလွန်းနေတာ..။ နောက်… အဖြေတွေကို သိချင်စိတ်နဲ့ မတရားတောင်းတာခံနေရချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် Xing Gee ရဲ့ Reel ကို ဖတ်မိလေတော့ ဒီပို့စ်လေးကို မရေးပဲ မနေနိုင်ကာ ချရေးမိလိုက်ရပါတော့တယ်ရှင်။ }

One comment

  • kopauk mandalay

    September 7, 2010 at 12:04 pm

    တစ်ခါတစ်ရံမှာ ကျွန်နုပ်တို့အားလုံးသည် မိမိစိတ်နှင့်တိုက်ဆိုင်ခြင်းမရှိသောအခါတွင် သေချာစွာစူးစမ်းခြင်းမပြုဘဲမိမိအတ္တကိုရှေ့တန်းတင်၍ ဆုံးဖြတ်ချက်အမှားများကို
    အလွယ်တကူချတတ်ကြပြီးနောက်။လွန်ပြီးမှ မှားမှန်းသိသောအခါတွင် ကြီးစွာသောနောင်တ
    ိုတု့ိကို ရကြကုန်၏။
    ထို့ကြောင့်ပင်ဂေါတမအရှင်မြတ်က လူသားတို့အား
    “ဆင်ခြင်မှ သိ၏”ဟူ၍ဆင်ခြင်ရန်အလို့ငှာဟောကြားတော်မူခဲ့ပေသည်။
    ဆင်ခြင်ကြပါကုန်။

Leave a Reply