သမင်ငယ်ရဲ့ နောင်တ

etoneSeptember 7, 20101min711

ကျမက တစ်ဦးတည်းသော သမီးပါ..။ကျမအမေက ငါးစိမ်းသည်လေ..။ ကျမရုပ်ရည်ကတော့ မင်းသမီးရှုံးလောက်တဲ့ ရုပ်ရည်လို့ ပြောရမယ်..။ ကျမကို အရမ်းချောလို့ဆိုပြီး ကျမနာမည်ကို ချောချောလို့ပေးထားတယ်.။ အမေ ဘယ်လိုပဲနာမည်ပေးပေးပါ.. ကျမက ငါးစိမ်းသည်သမီးပေါ့ရှင်..။ ကျမ အမေ့ကို မကျေနပ်ဘူး သိလား..။ စကားပြောတာပဲဖြစ်ဖြစ် ၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် အမေ့ရဲ့ အော်ကြီးဟစ်ကျယ် လုပ်တတ်တဲ့ အကျင့်တွေကို ကျမ သိပ်မုန်းတာပဲ..။

အမေက သူသာငါးရောင်းတာ ကျမကို ဈေးထဲတောင် ပေးမလာဘူး..။ ကျမလည်း မသွားပါဘူး.. အပျိုအရွယ်ရောက်လာတော့ ပိုဆိုးတာပေါ့။ ကျမက စာမသင်ချင်ဘူးရှင့်..။ ကျမက လှတော့ အချိန်တန်ရင် သူဌေးတစ်ယောက်တော့ ရနိုင်တယ်လေ..။ အမေကလည်း ကျမကို စာကြိုးစားဖို့ သိပ်မပြောဘူးလေ..။ အရာရာ ကျမသဘောပါပဲ..။

ကျမရည်မှန်းထားတဲ့အတိုင်း ကျမ သူဌေးကတော် ဖြစ်ခဲ့ပါတယ်.။ ကျမ ယောက်ျားက ကျမကို သိပ်ချစ်တာရှင့်..။ သူက ကျမထက် အသက်နှစ်နှစ်လောက် ကြီးတယ်.။ ကျမဘာလုပ်လုပ် ဘာမှမပြောဘူး.. ။ ကျမက ထမင်းတောင် မချက်ဘူး..။ ကျမမှာ သူငယ်ချင်းတွေအများကြီးပဲလေ..။ အချိန်ရရင် ပိုကာဒေါင်းနေတာပဲ..။ အရမ်းပျော်ဖို့ကောင်းတယ်..။ သူတို့ကလည်း ကျမလှတာကို မကြာမကြာ ချီးကျူးကြတယ်.။ ကျမဘဝကို ကျမသိပ်ကျေနပ်တာပေါ့ရှင်..။

ဒီလိုနဲ့အချိန်တွေ ကိုဖြတ်ကျော်လာလိုက်တာ.။ ကျမအမေလည်း ဆုံးခဲ့ပါပြီ..။ ကျမတို့မှာလည်း သားသမီးတစ်ဦးမှ မရခဲ့ပါဘူး..။ ကျမ ဘယ်လောက်အလှပြင်ပြင် ကျမယောကျာ်းက ဂရုတောင် မစိုက်တော့ပါဘူး..။ အိမ်မှာ အပေါင်းအသင်းတွေလာလည်ရင်လည်း မကြည်မလင် လုပ်တတ်လာတယ်.။ အရင်က တစ်ခါတစ်လေမှ နောက်ကျတတ်တဲ့ လူက အခုဆိုရင်.. ညပါ ပြန်မအိပ်တဲ့အထိ ဖြစ်လာပြီလေ..။ ကျမ အရင်ကထက် ပိုလှအောင် ပြင်ခဲ့ပါတယ်ရှင်..။ သူ လုံးဝကို ဂရုမစိုက်တော့တာပါ..။

ကျမ ကြားရတဲ့သတင်းတွေက အစုံပါပဲရှင်.. သူ.. ကျမထက် သုံးနှစ်လောက်ငယ်တဲံ ့ မိန်းမတစ်ယောက်နဲ့..တဲ့..။ ကျမ မယုံကြည်နိုင်ဘူး..။ ဒါပေမယ့်.. ကျမ လုံးဝကို ယုံကြည်ရမယ့်နေ့ ရောက်လာခဲ့ပါတယ်..။ ရုပ်ရည်က ကျမလောက်တောင် မလှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး အိမ်ပေါ်ရောက်လာခဲ့တဲ့ နေ့ပါပဲရှင်..။ သူ ဘာစကားတစ်ခွန်းမှ မပြောပဲ အဲ့မိန်းကလေးကို အိမ်ပေါ်ခေါ်တင်ထားခဲ့ပါတယ်..။ ကျမရဲ့ပါးစပ်က ကြမ်းတမ်းတဲ့ ပေါက်ကွဲသံစဉ်တွေက ကျမအမေပြောနေကျ စကားသံတွေနဲ့ တူနေခဲ့လိမ့်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားခဲ့မိပါဘူးရှင်..။

သူ့ပါးစပ်က ငါးစိမ်းသည်သမီးက ငါးစိမ်းသည်သမီးပါပဲ..လို့ ပြောမှ ကျမကိုယ်ကျမ၊ ကျမဘဝ ကျမ ပြန်မှတ်မိခဲ့ပါတယ်.။ စိတ်ထောင်းလို့ ကိုယ်ကျေ ဆိုတဲ့အတိုင်း ကျမ အရင်ကလို မလှနိုင်တော့ပါဘူး.. ကျမကို သိပ်ခင်ပါတယ်ဆိုတဲ့ ကျမရဲ့ အပေါင်းအသင်းတွေလည်း တစ်ယောက်မှ ရောက်မလာတော့ပါဘူးရှင်..။ ကျမဘေးမှာ ဘယ်သူမှ မရှိကြပါဘူး..။ အိမ်ဖော်မလေး မိသေးတောင် ကျမကို အရေးမလုပ်တော့ပါဘူး..။

နှစ်တွေ ကြာလာလေ ကျမရဲ့ အလှတွေ ကျမသိပ်မက်မောတဲ့ ကျမရဲ့ အလှတွေပျောက်ဆုံးလာလေပါပဲရှင်..။ ကျမ ငယ်ငယ်က ဆရာမ စာမေးတုန်းက မဖြေနိုင်ခဲ့တဲ့ မေးခွန်းလေးကို အခုမှ ပြန်မှတ်မိလာတော့တယ်..။ ဘာတဲ့.. ဆရာမမေးတဲ့ မေးခွန်းက.. သမင်ငယ်က ဘာ့ကြောင့် ဒုက္ခရောက်ခဲ့တာလဲ..တဲ့..။ သူ့ရဲ့ လှပတဲ့ ချိုတွေကြောင့်ပေါ့ဆရာမရယ်..။ သူ့ရဲ့ သိပ်လှတဲ့ချိုတွေအပေါ်မှာ သိပ်ကို မာန်တက်ခဲ့လို့ပေါ့..။ ခုတော့ ကျမဘဝလည်း………..။

ခရမ်းပြာ

One comment

  • kopauk mandalay

    September 7, 2010 at 11:53 am

    ကျနော်ကတော့လှပတဲ့ချိုတွေကြောင့်လို့မထင်ပါဘူး။
    လှပတဲ့ချိုတွေကြောင့်ဆိုရင် သမင်အားလုံးဒုက္ခရောက်မှာပေ့ါ။
    တကယ်တမ်းတော့အသုံးမကျတဲ့စိတ်ဓါတ်ကြောင့်ပါ။
    ဟိုအရင်က ဒီသမင်ဇာတ်ကြောင်းနဲ့ပါတ်သက်လို့ အလွန်နာမယ်ကြီးတဲ့သီချင်းလေးတပုဒ်ရှိခဲ့ဘူးပါတယ်။
    ဦးချိုကြောင့် ဒုက္ခရောက်တယ်ဆိုတဲ့သဘောလေးပါတဲ့သီချင်းပါ။
    ရေးသူဆိုသူ က ဆရာစိန်မောင်မြင့်ပါ သီချင်းနာမယ်က “အမိုက်မလေး ရွှေသမင်”
    အတွေးကောင်းတယ်ဆိုပြီး တပြည်လုံးကြိုက်လိုက်ကြတာ။
    သမင်မဆိုတာချိုမပါဘူးဆိုတာကို တော်တော်ကြာမှသတိရကြတယ်။
    ဒါက တကယ်အဖြစ်အပျက်ပါ။

Leave a Reply