အမေ့ရင်ငွေ့နဲ့ဝေးတဲ့ရာသီ

လင်းခန့်သာSeptember 7, 20101min590

သားရှိမနေတဲ့ဆောင်းမှာ
သက်လုံမှကောင်းပါရဲ့လား မေမေ . . .

လောကဓံဆိုတဲ့ ငနဲရဲ့ပိုင်နက်ထဲ
ခြေတစ်ဖက်စာလောက်လေးပဲ ချနင်းကြည့်တဲ့အခါ
အိမ်လွမ်းတေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
ကျွန်တော့်ရင်ကို
ပြင်းပြင်းရှရှ ဖြတ်ခုတ်သွားကြတယ်။

ကိုယ်တိုင် ဖောက်ထွက်ခဲ့တဲ့လမ်းမို့
အကြိမ်ကြိမ်အားတင်းရင်းဆက်လျှောက်
တစ်ခါခါကြတော့လည်း
ခံနိုင်ရည်တွေပျောက်လုနီးပါးအထိပဲ . . .

အဲဒီ အမောတွေပြေတဲ့နေ့ကိုရောက်ဖို့
ဘယ်လိုပေးဆပ်မှုတွေနဲ့များ
ထပ်ပြီးစတေးရဦးမှာတဲ့လဲ . . .

အခု . . .
အမေနဲ့အတူရှိမနေတဲ့ဆောင်းမှာ
(အလွမ်းချောင်းကို ကူးဖို့)
သားကိုယ်တိုင်တောင်မှ
သက်လုံမကောင်းချင်တော့ဘူး မေမေရယ် . . .။