ဗုဒ္ဓဂယာသို့..(၇)

winkyawaungSeptember 7, 20104min1683

ရာဇဂြိလ်မှ မြန်မာကျောင်းတော်ကြီး

၂၁-၄-၂၀၁ဝ ခု၊ ရာဇဂြိဟ် မှ ဗုဒ္ဓဂယာ ညအိပ်

နံနက်ပိုင်း ဂိဇ္ဇကုဋ်တောင်သို့တက်ကြပါတယ်.။ ဆရာတော် ဦးဧဒ္ဓိမာ က
တောင်ငါးလုံးဝိုင်းရံခို ရာဇဂြိဟ်ပြည်၏ ဗုဒ္ဓဝင်ဇာတ်တော်ကို
ရှင်းလင်းဟောကြားပါတယ်။ ဂျပန် ကောင်းကင် တောင်တက်စတီးကြိုးပြတ်၍
ခြေလျင်တက်ခဲ့ကြပါတယ်။ မြတ်စွာဘုရားရှင် ကျောင်းတော် နေရာမှာ
ပရိတ်တော်များဖြင့်ရွတ်ဖတ်ပူဇော်ကြပါတယ်။ မြေပုံပါအတိုင်း ဆရာတော်က
ရှင်းလင်းပြပါတယ်။ တောင်ငါးလုံးဝိုင်းရံခိုဆိုတာက (၁) ဝေဘာလတောင် (ပထမ
သံဃာရတနာတင်သော နေရာ) (၂) ဝေပုလ္လတောင် (မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်
ကြီးအား ကျောင်းတော်စတင်လှူူဒါန်းသောနေရာ၊ ရေစက် စတင်ချပေးသောနေရာ
သက္ကန်းစတင် လှူသောနေရာ များဟု ထူးခြားပါတယ်။ (၃) ဂိဇ္ဈကုဋ်တောင်၊ ဒေဝဒတ်က
ဘုရားရှင်အား သွေးစိမ်းရှင်ရှင်ထွက်အောင် ပြုလုပ်သော နေရာ။ (၄) ပဏ္ဍဝတောင်
(၅)က္ကသိဂိ လိတောင်များကို ရောက်ခဲ့ကြပါတယ်။

အဲဒီမှ ဆေးဆရာကြီး ဇီဝက၏ သရက်ဥယျာဉ်ကျောင်းတော်နေရာ၊ မြတ်စွာဘုရားရှင်
လက်ထက်က ကုန်သည်ငါးရာလာခဲ့သော ကျောက်လည်းဘီးရာများကိုလည်း ယခုတိုင်တွေ့
မြင်ခဲ့ပါတယ်။ ဖခင်ဗိမ္ဗိသာရမင်းကြီးအား သားတော် အဇာတသတ်မှ
မြေအောက်ခန်းတွင် ထောင်သွင်းအကျဉ်းချထား၍ ခြေဖဝါးကို ဒါးခွဲပြီး ဆားပက်၍
ရှားမီးခဲရဲရဲဖြင့် မီးကင်၍သတ်ခဲ့သောာ အကျဉ်းထောင်ကြီးနေရာ၊
ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုုက် လှိုဏ်ဂူကို ရောက်ခဲ့ပါတယ်။
မြတ်စွာဘုရားရှင်၏ ကုသိနာရုံမှ ရရှိလာသော ဓာတ်တော်များအား အဇာတသတ်မင်းက
ပူဇော်ထားသော ဓာတ်တော်တိုက် ကိုလဲရောက်ခဲ့ပါတယ်။

အဲဒီကနေ နလန္ဒာ တက္ကသိုလ်(အသစ်) မြန်မာစာသင်သား ကိုယ်တော်(၉၇)ပါးအား
လှူဖွယ်ရာ ပစ္စည်း၊ ဝထ္ထုများဖြင့် လှူဒါန်းပူဇော်ခဲ့ကြပါတယ်။
လှူဖွယ်ပစ္စည်း အစုံနှင့် မြန်မာငွေ ကိုးသောင်း ကျော်၊
အမေရိကန်ဒေါ်လာ(၆၁၄)။ ယူဘီ(၇၈၅၀) တို့ဖြင့် ကျွန်တော်တို့
နိလာဘုရားဖူးအဖွဲ့ (၃၁) မှ စုပေါင်းလှူဒါန်းနိုင်ခဲ့ကြပါတယ်။ အဲဒီမှ
ရှင်သာရိပုတ္တရာ မွေးဖွားရာ၊ ပရိနိဗ္ဗာန်ပြုရာ နလန္ဒာ တက္ကသိုလ်(အဟောင်း)
နေရာကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။

အဲဒီမှ ကျောင်းတော်အစ ဝေဠုဝန်ကျောင်းးမှ ရေစက်သွန်းလောင်းစတင်လှုခဲ့သော
ဝါးရုံတော ပန်းခြံတွင်းသို့ ရောက်ခဲ့ပါတယ်။ ပန်းခြံအတွင်းမှာပဲ
ရှင်သာရိပုတ္တရာ၊ နှင့် ရှင်မောဂ္ဂလန်တို့အား လက်ဝဲရံ၊ လက်ယာရံအဖြစ်ဧတ္တဒက်
ဘွဲ့ ပေးသောနေရာ၊ များကို ရောက်ခဲ့ရပါတယ်။ ထူးထူးခြားခြား
သုံးနှစ်လျှင်တစ်ကြိမ် ကျင်းပသော ဟိန္ဒူဘာသာဝင်များ၏ နတ်ပေါင်းစုံ
ပူဇော်ပွဲတော်ကြီးအား ကျင်းပနေတာကိုတွေ့
ခဲ့ပါတယ်။(တစ်လတိတိကျင်းပကြောင်းသိရပါ တယ်။ပွဲတော်ကျင်းပရာနေရာမှာပဲ
ဇာတ်မြင့်၊ ဇာတ်နိမ့်များ ရေချိုးသော နေရာများကိုမြင့်ခဲ့ ရပါတယ်။

ဇာတ်မြင့်များ ရေချိုးသော နေရာ၏ အပေါ်တွင် မြတ်စွာဘုရားရှင်ကြွရောက်ခဲ့သော
ဝေဘာရ တောင်(ပထမ သံင်္ဂါယတနာတင်သော) တောင်ကုန်းမြင့်ပေါ်က စေတီနေရာကို
ဖူးမျှော်ခဲ့ ရပါတယ်။

ည(၈)နာရီမှာ ရာဇဂြိဟ်ပြည်ကြီးကနေ ဗုဒ္ဓဂယာသို့ ခရီးဆက်ခဲ့ကြပါတယ်။

မနက်ဖြန် ခရီးစဉ်အား ဆက်လက်တင်ပြပါမည်။

၂၂-၄-၂၀၁ဝ ဗုဒ္ဓဂယာ မှ ကျန်သောနေရာများ ဘုရားဖူး

ယခင်နေ့ ည(၁၀)နာရီမှာ ှဗုဒ္ဓဂယာမြန်မာကျောင်းသို့
ဒုတိယအခေါက်ပြန်ရောက်ပါတယ်။ မနက်(၈)နာရီခန့်ကစလို့
မြတ်စွာဘုရားအလောင်းတော် ဒုက္ကရစရိယ ကျင့်ခဲ့သော တောင် လှိုဏ်ဂူသို့
စတင်သွားရောက်ဖူးမျှော်ကြပါတယ်။ ကားလမ်းကနေ တောင်ပေါ်သို့ ခြေလျင်တက် သူ
များပါတယ်။ သက်ကြီးရွယ်အိုများကတော့ အထမ်းသမား ထမ်းစင်များနဲ့ တက်ကြရပါ
တယ်။ အတက် အဆင်း (၅၀၀)ရူဘီပေးရပါတယ်။ အဲဒီကနေ မြတ်စွာဘုရားအလောင်းတော်
ဘုရားမဖြစ်ခင် တစ်ရက်အလိုမှာ နံက်ပိုင်းအချိန်အခါတွင် သုဇာတာ သူဌေးသမီးက
မြတ်စွာ ဘုရားလောင်းအား ဃနာနို့ဆွမ်းကို ရွှေခွက်ဖြင့်
ဆက်ကပ်လှူဒါန်းပူဇော်သော နေရာသို့ သွားကြရပါတယ်။

သုဇာတာဆွမ်းလှူဒါန်းရခြင်း အကျဉ်း
သုဇာတာမင်းသမီးလေးက သေနာကုန်းခေါ် (စစ်သားများနေရာကုန်းမှ စစ်သူကြီး၏
သမီးဖြစ်ပါတယ်) ချမ်းသာကြွယ်ဝသော သူဌေးသား တစ်ဦးနဲ့
အိမ်ထောင်ချထားပေးလိုက်ပါ တယ်။ သူတို့ဒေသ အယူဝါဒအရ အိမ်ထောင်ရှင်များက
သားယောင်္ကျားလေး မွေးဖွားပေးမှ မွန်မြတ်သော သူများလို့ သတ်မှတ်ခံကြရပါတယ်။
ယခုနေရာက ညောင်ပင်ကုန်းကို နေ့စဉ် သားဆုပန်ဖို့ သုဇာတာနှင့်
သူ၏ကျွန်မတို့ လာရပါတယ်။ မြတ်စွာဘုရားလောင်းကို တွေ့တော့
ညောင်ပင်စောင့်နတ်သားက ကိုယ်ထင်ပြတာပဲလို့ သူရဲ့ကျွန်မက အရင်တွေ့ရပါတယ်။
ဝမ်းသာအားရနဲ့ သူ၏သခင်မ သုဇာတာအိမ်ကိုပြေး၍ သွားပါတယ်။ ဝမ်းသာအားရ ဖြင့်
သုဇာတာကလည်း အိမ်က ဃနာာနို့ဆွမ်းကို ရွှေခွက်ထဲကို ထည့်ယူလာပြီး
ဘုရားလောင်းအား ဆက်ကပ်လှူဒါန်းပါတယ်။ ဘုရားလောင်းမှ အလှူခံတော်မူ၍
ရွှေခွက်အား နေဉ္ဇရာမြစ်တွင် ငါသည်ဘုရားစင်စစ် ဧကန်ဖြစ်ရပါလျှင် ဤ
ရွှေခွက်သည် ရေဆန်သို့ပြန်တက်ပါစေသားဟု သစ္စာပြုပါတယ်။ရွှေခွက်သည်ရေဆန်သို့
ဆန်တက်သွားကြောင်း သိရပါတယ်။ အလှူပေးသူ သုဇာတာအားလည်း
သာဓုအနုမောဒနာပြုတော်မူပါတယ်။

ညနေပိုင်းမှာ

ဘုရားလောင်းသည် မဟာဗောဓိပင်ပေါ်ထွက်မည့် နေရာတစ်ဖက်ကမ်းသို့ မသွားမှီ
သုဒ္ဓိယ လုလင်မှ မြက်ရှစ်ဆုပ်ကို လှူဒါန်းပူဇော်ပါတယ်။ ဘုရားရှင်မှအလှူခံ၍
သာဓုအနုမောဒနာ ပြုတော်မူပါ တယ်။ဤ နေရာတွင် မြတ်စွာဘုရားရှင်သည်
ဘုရားလောင်းဘဝဖြစ်စဉ်ကာလက ထဲမှ အလှူခံယူရာတွင် ပုဂ္ဂိုလ်။ အရုပ်။အလတ်၊
အမြတ် မရွေးပဲ တန်းတူညီမျှလက်ခံတော် မူပါတယ်။ နံနက်က ရွှေခွက်ဖြင့်
ဃနာနို့ဆွမ်းကပ်လှူသော သုဇာတာသူဌေးသမီး၏ အလှူနှင့် ညနေပိုင်း
မြက်ရှစ်ဆုပ်အား လှူဒါန်းသော သုဒ္ဓိယ လုလင်၏ အလှူတို့ အားတန်းတူထား၍
အလှူခံတော်မူခဲ့ပါတယ်။

အဲဒီမှ သုဇာတာသူဌေးသမီးနေအိမ်သို့ သွားရောက်ခဲ့ပါတယ်။ ပိတ်ထားလို့
ကားပေါ်က မဆင်း ကြတော့ပါ။ အဲဒီနေရာမှ ကမာကူရာ
ဂျပန်ဘုရားကြီးသို့သွားကြပါတယ်။ ဘုရားရုပ်ပွားတော် ကြီး၏
ဉာဏ်တော်အမြင့်မှာ အတောင်(၈၀)ရှိကြောင်းသိရပါတယ်။

နေ့လည်ပိုင်း ကိုယ်ပိုင်အချိန်မှာတော့ ကျွန်တော်တို့ မိုးယံရွှေလမင်းနှင့်
မြတ်ဆုကုဋေ ထီဆိုင် အရောင်းကိုယ်စားလှယ်များ မှ စုပေါင်း၍ မဟာဗောာဓိစေတီ
ရုပ်ပွားတော်အား ကြာသက္ကန်း ဖြင့် ဆက်ကပ်လှူဒါန်းကြပါတယ်။
ကိုယ်ပိုင်အချိန်မှာ မဟာဗောဓိညောင်ပင်အောက်တွင် တရားထိုင်ခဲ့ကြပါတယ်။

အပြန်တွင် ဂေါပကရုံထဲသို့ ခေတ္တလေ့လာ ခဲ့ပါတယ်။ သန့်စင်ခန်းရှိ၍
တာဝန်ကျရဲများအား အခကြေးငွေ မည်မျှပေးရမလဲမေးမြန်းခဲ့ပါတယ်။ လက်ကာ၍
ပြကြပါတယ်။ မပေးရဘူး ဆိုလို ပါတယ်။ ကျွန်တော်တို့ သန့်စင်ခန်းကို
ဝင်ကြပါတယ်။ အထွက်ရောက်တော့ ရဲနှစ်ယောက်က သူတို့ကို ယူဘီ(၅၀) ပေးရန်
အတင်းတောင်းလို့ ပေးခဲ့ရပါကြောင်း။

ညစာထမင်းစားပြီး ဗုဒ္ဓဂယာမြန်မာဘုန်းကြီးအား ကန်တော့၍ ည (၈)နာရီအချိန်မှာ
ကိုးလ် ကတ္တားမြို့ သို့ဆက်လက်ထွက်ခွါခဲ့ကြပါတယ်။

မှတ်ချက်။ ။ ဂယာမှာ အပူချိန်(၅ဝံ) စင်တီဂရိတ်ထိ ရောက်နေကြောင်း သိရပါတယ်။
ပူလိုက်တဲ့ ဖြစ်ခြင်း လူတွေအရည်ပျော်သွားမလား အောင်းမေ့ရပါ၏။

ဗုဒ္ဓဂယာသို့..(၈) အားဆက်လက်တင်ပြပေးပါမည်။

3 comments

  • winkyawaung

    September 7, 2010 at 4:37 pm

    ဓာတ်ပုံများ ဆိုဒ်ကြီးကို ရွေးမိသွားပါတယ်။ စာများကိုလည်း အလယ်ထားမိခဲ့ပါတယ်။ မတင်တတ်၍ မှားသွားခြင်းကို သီးခံတော်မူကြပါ။ ကွန်နရှင်းမကောင်းတဲ့ကြားက အချိန်ကိုယူတင်နေရလို့ ပြန်၍ ပြင်မပေးနိုင်တာပါ၊ ခွင့်လွှတ်ပေးကြစေလိုပါတယ်ခင်ဗျား..။

  • ဆူး

    September 8, 2010 at 4:44 am

    တိုက်ဆိုင်လို့ ဝင်လျှာရှည်လိုက်အုန်းမယ် ဆရာဇီဝက သရက်ဥယျာဉ်ထဲက ဇီးသီး ပေါက်စနလေးတွေ လူတွေ လိုက်ခူးကြသေးလား တချို့ ၃ ၄ ခေါက်သမားတွေ ပြောတာ ကြားမိတာကတော့ အဲဒီ ခြံထဲက ကျောက်တုံး အဓိဓါန်ပြီး သွေးလိမ်းရင်တောင် ခါးနာ ဒူး နာပျောက်တယ်လို့ ပြောတာဘဲ စပ်မိစပ်ရာ ပေါ့.. နောက်ပြီး ဗုဒ္ဓဂါယာထဲက ဒေါသိပ်ကြီးတဲ့ ဟုန်ဟုန်က (စာလုံးပေါင်း မှားမယ်လို့တော့ ထင်တယ်) ပုဏ္ဏားကြီး ကို ဘုရားချေချွှတ်တဲ့ နေရာကို ကျောက်တိုင် လုပ်ထားတယ်လေ အဲဒီနေရာ ရာသီဥတု ဘယ်လောက် အေးအေး အဲဒီနေရာလေးက အပူဓါတ်ရှိတယ် ကိုယ်တွေ့ပါ။ ကျောက်တိုင် ပတ်ဝန်းကျင် ကျောင်ပြား ၁ချပ်လောက်က အပူငွေ့ငွေ့လေး ပူနေတယ်။

  • winkyawaung

    September 11, 2010 at 4:12 am

    ကျွန်တော်တို့ ရောက်တဲ့ ဆရာဇီဝက သရက်ဥယျာဉ်ကျောင်းထဲမှာက ဇီးငုတ်ကလေးတွေသာ တွေ့ခဲ့ရပါတယ်။ အဲကျောက်တုံးလေးတွေကိုတော့ ကောက်ယူခဲ့ပါတယ်။ လက်တွေ့တော့ မစမ်းသပ်ရသေးပါဘူးဗျာ..။

Leave a Reply