Baby Boomer(၁၉၄၆-၁၉၆၄)(ယခုအသက်၅၅-၇၃နှစ်)မွေးမျိုးဆက်ကိုခေါ်ဆိုသည်။ ကမ္ဘာအနှံ့တွင်ထိုမျိုးဆက်တို့သည် စစ်ပြီးခေတ်မွေး၍ပြာပုံဘ၀မှနိုင်ငံကို တိုးတက်အောင်ကြိုးစားခဲ့ကြသည်။ သို့နှင့်ယခုတိုးတက်သောနိုင်ငံကြီးများကိုမြင်ရပါမည်။
အမေရိကား(ထရမ့် -၁၉၄၆)အပါအ၀င် ရုရှား(ပူတင်-၁၉၅၂)။ ချိုင်းနား(ရှီ-၁၉၅၃)။ ဂျပန်(အာဘေး-၁၉၅၄)။ ဂျာမဏီ(မာကယ်-၁၉၅၄)။ ယူကေ(ဂျွန်ဆင်-၁၉၆၄)။ အိန္ဒိယ(မိုဒီ-၁၉၅၀) စသည့်ကမ္ဘာ့နိုင်ငံကြီးများ၏ ထိတ်တန်းခေါင်းဆောင်များသည် ဘေဘီဘုမ်မာမျိုးဆက်များဖြစ်ကြ၏၊ တိုင်းပြည်တို့ကိုလည်း နိုင်နင်းစွာအုပ်ချုပ်ခဲ့/အုပ်ချုပ်နေနိုင်ပါသည်။ သမ္မတကလင်တန်။ဘုရှ်နှင့်အိုဘားမားတို့သည်ဘေဘီဘုမ်မာဖြစ်သည်။ သူတို့နောက်ဆုံးမျိုးဆက်နားနီးလာလေ ထိုင်ခုံမှမဆင်းလေသဘောပင်မြင်ကြရမည်။ ယခုခေတ်အမေရိကကွန်ဂရက်နှင့် စိနိတ်တွင် ဘေဘီဘုမ်မာ နောက်ဆုံးနှစ်လက်ကျန်သမား အများဆုံးရှိနေကြသည်။ ယခု၂၀၂၀
ဒီမိုကရက်ပါတီမှ ဖြစ်နိုင်ချေရှိသမ္မတလောင်းများတွင် ဘလုမ်းဘတ်(၁၉၄၂)။ ဘိုင်ဒင်(၁၉၄၂)။ ဘာနီဆန်ဒါစ်(၁၉၄၁)တို့သည် Silence Generation(၁၉၂၅-၁၉၄၅)(ယခုအသက်၇၄-၉၁)ဖြစ်သည်။ အဲလိဇဘက်(၁၉၄၉) ကမလာဟဲရစ်(၁၉၆၄)သည်ဘုမ်မာဖြစ်သည်။
ဘေဘီဘုန်မာတို့သည် အလုပ်၂ဆ-၃ဆတိုးလုပ်ခဲ့ကြရသည်။ သက်ကြီးပင်စင်အတွက်လည်း ကျန်းမာရေး။ပင်စင်လစာနှင့် လူမှုဖူလုံရေးများအတွက်လည်းကြိုတင်ကြံဆပြင်ဆင်ထားကြပါ၏။ သို့နှင့်နောက်ကပ်ရက်မျိုးဆက်များရှာသမျှကို ထိုင်သုံးမည့်သူများလည်းဖြစ်သည်။ ထိုသဘောကို ဂျပန်နိုင်ငံတွင် တိုး၍တက်များလာနေသော ဖိုးသက်ကြီးပင်စင်စားများနှင့်အလုပ်လုပ်သူအချိုး Age dependency ratio(၆၇.၄၃%)အားဖြင့်မြင်နိုင်သလို တိုင်းပြည်၏၀န်ထုတ်၀န်ပိုးပင်ဖြစ်လျှက်နေပေသည်။ သူတို့စိုက်ခဲ့သလို ရိပ်သိမ်းသည်ကားမဟုတ်။ နောက်မျိုးဆက်စိုက်သည်ကိုပါ ဝင်ရိပ်နိုင်အောင် စနစ်ချ စနစ်တကျပြင်ဆင်ခဲ့ကြသည်။ ပင်စင်ယူပြီးချိန်အတွက် လိုအပ်နိုင်သမျှကို အကုန်အကွက်ချခဲ့အုပ်မြစ်ချခဲ့ပြီးပြီ။ ဘာကိုပူနေကြပါသနည်း။ နောက်မျိုးဆက်ကိုနေရာမပေးပဲ ထိုင်ခုံနှင့် အာဏာရသက်တမ်းတို့ကိုဆွဲဆန့်နေချင်ကြသေး၏။

ထိုနောက်မှကပ်ရက်မျိုးဆက်မှာ Generation X(Xer)ဖြစ်သည်။ (၁၉၆၅-၁၉၈၀)(ယခုအသက်၃၉-၅၄နှစ်) ဖြစ်ကြသည်။ ဘုမ်မာတို့ရှေ့မျိုးဆက်ဆိုင်းလန့်စ်၏သားသမီး/မြေးနှင့် စစ်ပြီးခေတ်ဘုမ်မာတို့သားသမီးတို့ဖြစ်ကြသည်။ ဘာလင်တံတိုင်းနှင့်ဆိုဗီယက်ယူနီယံ ကွန်မြူနစ်နိုင်ငံ‌ရေးစနစ်ကြီးများကိုဖြိုနိုင်ခဲ့သည့် တိုင်းပြည်ပြောင်းမျိုးဆက်ပါ။ ထို့အပြင် OKသမားအဆင်ပြေငြိမ်းချမ်းကြိုက် အနုပညာခေတ်စမ်းမျိုးဆက်တည်း။

သူပုန်မျိုးဆက်
ယခု ၂၀၁၉တွင်ခေတ်စားလာသော စကားတခွန်းရှိ၏။ OK Boomer ဟူသတတ်။
မြန်မာလို “ဟုတ်ပ ဘိုးတော်”ဟု သက်ကြီးကို ရွဲ့တွန်းပြောသည်နှင့်တူသည်ဆိုရမည်။
OK Boomer သည် Millennial(Gen Y) (၁၉၈၁-၁၉၉၆)(ယခုအသက်၂၃-၃၈နှစ်)မျိုးဆက်မှ TikTok မှအစပြု ဘုမ်မာမျိုးဆက်သို့ခနဲ့ဟာသလုပ်ဆိုစကားဖြစ်သည်။
သားသမီးနှင့်မိဘ သက်ကြီးနှင့်သက်ငယ် ကွာဟမှုအပြင် ကွန်ပြူတာ/အင်တာနက် Industry 3.0(i3.0) (၁၉၆၉-၂၀၀၉)ခေတ်ကောင်းမိသွားကာခုန်တက်သွားသော i 4.0 (၂၀၁၀-ယခု)သမားများနှင့် ရှေးအတွေးအခေါ်တို့ ထိပ်တိုက်သွားတွေ့သည်ဟုလည်းပြောရမည်။ ဘုမ်မာတို့၏ ကောင်းချက်ထက်ဆိုးကွက်တို့ကို တိုက်ရိုက်ထမ်းရမည့်မျိုးဆက်လည်းဖြစ်သည်။ ခမ်းခြောက်လာပြီဖြစ်သော လူမှုဖူလှုံရေးစုဆောင်းငွေများ၊တောက်လျှောက်တက် တင်နေသောနိုင်ငံတော်အကြွေးများကို ခါးစီးခံရမည်မျိုးဆက်လည်းဖြစ်သည်။ ကောလိပ်တက္ကသိုလ်အကြွေးလယ်ပင်းနစ်မည့်သူများလည်းဖြစ်သည်။ တည်ငြိမ်လာသည့်နိုင်ငံရေးနှင့်ကမ္ဘာစီးပွားရေးပေါ်တွင် AI, IoT စီးနင်းဆက်သွားမည့် မျိုးဆက်လည်းဖြစ်သည်။ ကမ္ဘာရွာသမားများလည်းဖြစ်သည်။
ကြားမှ Xer တို့သည် မိဘနှင့်သားသမီး ကွန်ဆာဗေးတစ်နှင့် လစ်ဗရယ်ကြား ညပ်နေသည့် ဆင်းဒဝရှ်မျိုးဆက်ဖြစ်လာသည်။ ယခုဟောင်ကောင်၏ သူပုန်ထလှုပ်ရှားမှုဦးဆောင်တို့မှာ မီလန်နီရယ်များဖြစ်ကာနှိပ်ကွပ်သူတို့မှာ ဘုမ်မာများဖြစ်ပါသည်။ Xer တို့သည်မှာ မသိလိုက်ဖာသာ။

ကမ္ဘာ့ဥတုန္တရကပ်
ကမ္ဘာဥတုရာသီ ယခုနှစ်ပိုင်း အပြောင်းကြမ်းပြလွန်းရကား ကပ်ဆိုက်နေပြီဆိုရမည်။ သို့သော် ထိုထိုသော မီးခိုးငွေ့/ဓာတ်သဘာ၀တို့ဖြစ်အောင်ဖန်တီးထုတ်လုပ်ရာ၌ အဓိကတာ၀န်ရှိသူi2.0 သမားတို့မှာ ၀န်မခံ။ ထပ်တွန်းထုတ်နေပေရာ ဆွိဒစ်ရှ်ဆယ်ကျော်သက်ဂရေတာသွန်းဘတ်ဂ်(Gen Z)(၁၉၉၇-)(ယခုအသက်၂၂အောက်)မှ How dare you! ဟုပင် ကုလသမဂ္ဂတက်၍ ကြိမ်းမောင်းခြင်းခံလိုက်ကြရ၏။ သူတို့ခေတ်တွင် ကျန်ရစ်မည့်ကမ္ဘာမြေသည် ယခုအတိုင်းသွားပါမူ ယိုယွင်းပျက်ဆီးမှုများလှမည်။ နောင်အနှစ်၅၀တွင် ဤကမ္ဘာမြေမည်သို့ ပျက်ဖြစ်ကျန်ရစ်နေမည်ကို မည်သူမျှ တိတိကျကျမသိ။ သိလည်း ပြင်ကြပုံကားမပေါ်။ မပေါ်သည့်အပြင်အမေရိကားသည် Accord de Parisမှ တရား၀င်ပင်နှုတ်ထွက်လိုက်ပြီဖြစ်ပါသည်။ ဘုမ်မာမျိုးဆက်သမ္မတကြီးထရမ့်မှဦးဆောင်နေသည့် အုပ်ချုပ်‌ရေးမဟုတ်လော။ ထပ်၍ပင် ရေနံတွင်းများကျောက်မီးသွေးမိုင်းများတူးဖေါ်ထုတ် မီးပင်တင်ရှို့သားကောင်ချနင်းပြလိုက်ပေဦးမည်။

မွေးရာပါရှေးရိုးစွဲခဲ့
မြန်မာနိုင်ငံတွင်လည်း မျိုးဆက်တို့ဆက်ဆံရေးကွာချချက်အားကြီးလွန်းသည်။ ဘုမ်မာတို့သည် ဘာသာရေးကို စွဲကိုင်ထားမှုအားကောင်းလွန်းရကား ရှေးရိုးစွဲခြင်းသည် မြန်မာနိုင်ငံတွင် မဇ္ဈိမပဋိပဒါသွားဖြစ်နေပါသည်။ ဤသူကိုယ်တိုင်ပင် နိုင်ငံရပ်ခြားတွင် အသက်တဝက်ထက်ပိုနေခဲ့ရကား လစ်ဘရယ်များဖြစ်မည်လားဟု questionnaire မေးခွန်းအဖြေနှင့်စစ်တမ်းထုတ်ဖူးပါသည်။ ရှေးရိုးစွဲမြဲပါသတဲ့။
ထိုသဘောအရကောက်လျှင် အမေရိကားရောက်မြန်မာအများစုကြီးမှာလည်း ကွန်ဆာဗေးတစ်များမည်။

မဝေးသေးလှသော သမိုင်းကြည့်လျှင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့ကို ဖြုတ်ချ၍ ယခုအခြေရောက်အောင်အဓိကလုပ်ခဲ့သူများမှာ ၈၈မျိုးဆက်ဟုခေါ်သော ၁၉၈၈က တက္ကသိုလ်ကျောင်းသားအရွယ်များဖြစ်ကြ၏။ ထိုခေတ်၏ စက်မှုတက္ကသိုလ်/ရန်ကုန်တက္ကသိုလ်/ကောလိပ်ရောက်ကျောင်းသားအများစုတို့သည် ၁၉၆၅-၇၁ဖွားများဖြစ်၏။ တိတိကျကျဆိုရလျှင် Xerများဖြစ်ပါသည်။
မဆလပြုတ်ပြီးနောက် န၀တ/နအဖခေတ်တို့တွင် Xerဘ၀ခါးလှသည်။ ကျောင်းများပိတ်ထား၍ဟိုလည်းမရောက်ဒီလည်းမဖြစ် ငှက်ဖျားတောထဲသွားတိုးကာလက်နက်ကိုင်၍ပင်တော်လှန်ခဲ့ကြသည်။ ထိုမှ နယ်စပ် ပြောင်းခိုသူစခန်းများ။တတိယနိုင်ငံများအထိခြေဆန့်သွားနိုင်ပါသည်။
ဦးနေဝင်း၏မဆလအစိုးရပြုတ်ကျသည်။ န၀တတက်လာသည်။ နအဖပြောင်း၏။ ဦးခံ ဗိုလ်ချုပ်ကြီးသိန်းစိန် အစိုးရနှင့် နောက်ဆုံးတွင် ယခု ‌ဒေါ်အောင်ဆန်းစုကြည်၏NLD အစိုးရကိုမြင်ကြရမည်။
မည်သို့ ဖြစ်ခဲ့/လုပ်ခဲ့ကြသည်ဖြစ်စေ အဆုံးသတ်ဆုံးဖြတ်နိုင်သည့်ရလဒ်မှာ ကောင်းသဖြင့် The end justifies the means. တော်လှန်ရေးကြီးအောင်သည်ဆိုရပေမည်။
တရားမျှတသောရွေးကောက်ပွဲဖြင့် မဲအသာရတက်လာသော NLD အမတ်အများစုတို့မှ အစိုးရဖွဲ့နိုင်ခဲ့သည်မဟုတ်ပါလော။
၁၉၈၈မှစခဲ့သော အရေးတော်ပုံသည် ၂၀၁၅တွင် လူထုအများစုတင်မြောက်သောအစိုးရအာဏာရအုပ်ချုပ်နိုင်ခြင်းနှင့်အတူ (တဖြတ်)ပြီးမြောက်အောင်မြင်ခြင်းရောက်ပါသည်။

NLD ပါတီထိပ်တန်း အစဥ်အဆက်ခေါင်းဆောင်တို့မှာ ဆိုင်းလန့်စ်နှင့်ဘုမ်မာများဖြစ်ပါ၏။ မြန်မာနိုင်ငံကိုယခုအုပ်ချုပ်နေသူ အစိုးရမှာ သမ္မတဦးဝင်းမြင့်(၁၉၅၁)နှင့်ဒေါ်အောင်ဆန်းစုကြည်(၁၉၄၅) အပါအ၀င် ပြည်ထောင်စု၀န်ကြီးများမှာအသက်၇၀တန်းချည်းနှင့် ဘုမ်မာနောက်ဆုံးနှစ် သမားများပါ။ Xerတို့၏သွေးချွေးစတေး၍ရခဲ့သော တော်လှန်ရေး၏အသီးအပွင့်များကို စားသုံးခဲ့သည်ပါ။

Xer တို့သည် တိုင်းပြည့်အာဏာရလာသော ဒီချုပ်အစိုးရကိုမှု လုပ်ဖေါ်ကိုင်ဖက်သဘောဖြစ်သဘောထား တိုက်သည်မရှိ။ နှေးတုံ့ပေးခဲ့ အချိန်စောင့်ခဲ့ပါသည်။ သို့ငြား.. ဘုမ်မာအများစုအစိုးရသည် Xer တို့ကိုပြန်မကြည့်ဟုပင်ဆိုရမည်။ အခြေခံဥပဒေလည်းမဟုတ်မူသော ဦးနေ၀င်းစိတ်ကြိုက်ရေးဆွဲသွားသည့် သာမာန် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဘုမ်မာအစိုးရက အသုံးချ၍ ကန်ထုတ်ခြင်းပင်ခံရသတည်း။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေသည် ခေတ်လည်းမမှီ၊ တိုင်းပြည်ရှိမြဲ အခြေခံဥပဒေ(တို့)နှင့်လည်း ဆန့်ကျင်constitutional crisis ဖြစ်နေသဖြင့် ပြင်ရန်အချိန်သင့်လွန်းမက လွန်နေပါပြီ။ အစိုးရတရပ်သည် မွေးရာပါတိုင်းရင်းသားကို နိုင်ငံသားအဖြစ်မှအလိုအလျောက်ရုတ်သိမ်းနိုင်သလော? အစိုးရတရပ်သည် ဘာသာ/လူမျိုး/အခြားနိုင်ငံသားအမည်များကို ကဒ်ပြားတခုတွင် ထည့်ရေးလိုက်ကာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(စိစစ်ဆဲ)ဟု အမည်တပ်၊ မူလသုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တို့ကိုဖျက်သိမ်းနိုင်သော အာဏာရှိပါသလော? Xer တို့မည်သည့်အကြောင်းကြောင့် နိုင်ငံစွန့်ခွာခဲ့ရသည်ထင်ပါသနည်း။ နိုင်ငံရေးအရတခုထဲမဟုတ်။ နှစ်ရှည်ကျောင်းပိတ် ပညာရေးခါးဆက်မပြတ်ရန် ခေတ်အခြေအနေမှရုံးထွက်၍ မိသားစုနိုင်ငံကိုအလုပ်အကြွေးပြုရန် ပြည်ပထွက်ခဲ့ကြခြင်းမဟုတ်လော?
လက်တွေ မြေပြင်အခြေအနေမှာ နယ်စပ်ဒေသနေတိုင်းရင်းသားများသည်လည်း နယ်စပ်ကူး၍သွားလွယ်သော အိမ်နီးချင်းနှင့်အခြားနိုင်ငံများတွင် သွားရောက်ပညာသင်ရသည်။ စီးပွားရှာအလုပ်လုပ်ရသည်။ တဆင့်တက်၍ နေထိုင်ခွင့်နှင့်လူသားဆန်စွာအိမ်ထောင်ကျ အဆိုပါနိုင်ငံသားအဖြစ်ခံယူကြသည်လည်းရှိသည်။ US, UK သို့လည်း အဆိုပါနိုင်ငံပတ်စ်ပို့များနှင့်ခရီးသွားလာ စီးပွားရှာပညာသင်ကြသည်။ ဘဝပေးအခြေအနေအရ Survival of the fittestလည်းပါသည်။ ထိုမွေးဖွားမူလအခွင့်အရေးမြန်မာတိုင်းရင်းသားဖြစ်ပြီးသူများကို သာမန်ဥပဒေတခုဖြင့် မြန်မာနိုင်ငံသားအဖြစ်မှရုတ်သိမ်းနေလေသည်။

Xer တို့သည်ဘဝပညာလည်းစုံသည်။ အတန်းပညာလည်းသင်ထားကြသည်။ အချို့ မာစတာ/ဒေါက်တာအဆင့်ထိသို့‌ရောက်ကြကုန်သည်။ အချို့ လုပ်ငန်းကြီးများကို ဦးစီးနေသည်။ မီလီယန်ဒေါ်လာ စီးပွားရေးများလုပ်နိုင်ကြသည်။ အားကစားတွင် ထူးချွန်သည်။ အနုပညာတွင် ကမ္ဘာတန်းရောက်သည်။ ထိုအခြေအနေရောက်အောင် မွေးဖွားရာနိုင်ငံတော်မှ စိုက်ထုတ်စရိပ်တပြားမှမပေးထား/ မကုန်။ ဟန်မကျလော?
ချိုင်းနား။ဗီယက်နမ်တို့သည် တိုင်းပြည်မှအကုန်အကျခံကာ ပညာတော်သင်လွှတ်ကြရသည်။ ထိုမှလွဲ၍ မိမိအစီအစဥ်နှင့် နိုင်ငံပြင်ပ‌ရောက်များကိုလည်း တိုင်းပြည် အဟုန်မြှင့်တည်ထောင်ချိန်တွင် ကော်ဇောနီနှင့်ကြိုခဲ့ကြသည်။ စား‌ရေးနေရေးထိုင်ရေးအထူးအခွင့်အရေးပေးခဲ့သည်။
မြန်မာအိမ်နီးချင်း ထိုင်း။ အိန္ဒိယတို့သည် သူတို့လူမျိုဇာတိနွယ်များကို အထူးအခွင့်အ‌ရေးပေး ဗီဇာစနစ်ရှိသည်။ ဘင်္ဂလားဒေ့ရှ်တွင် ကမ္ဘာဖွံ့ဖြိုးပြီးနိုင်ငံသားခံယူသူတို့အတွက် ပူးတွဲနိုင်ငံသားစနစ်ရှိသည်။ ပူးတွဲနိုင်ငံသားစနစ်ကို ကမ္ဘာတွင် နိုင်ငံပေါင်း ၇၀ ကျော်ကျင့်သုံးနေပြီး ထိုနိုင်ငံအားလုံးလိုလို ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြသည်။ အတုမယူသင့်သလော?

တိုင်းပြည်လည်း”နာ”သွားရန်မရှိ၊ “သာ”ရန်သာရှိသည့် မြန်မာနိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသား၈၈မျိုးဆက်များကို ပြန်လက်ခံပါ။ ယခုကဲ့သို့အ‌ခြေအနေမျိုး သမိုင်းတွင်လည်းနောက်အခါတပါးမရှိနိုင်။ တိုင်းပြည်အတွက် သားရွှေအိုးထမ်းသည့် တခါတည်းသောအခွင့်အရေးသာဖြစ်ပါ၏။ Xer ကိုနေရာပေးပါ။ မီလန်နီရယ်နှင့် တွဲအလုပ်အကြွေးပြုပါစေ။ ခေါင်းဆောင်တာ၀န်များစ,လွှဲပါ။ သင်ကြား/လေ့ကျင့်ပေးပါ။ ထိုသူတို့သည် သင်တို့မျိုးဆက်အနာဂတ်ဖြစ်သည်။ တိုင်းပြည့်အနာဂတ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ပြဿနာကြီးများမှာ အပေါ်မျိုးဆက်သည် အောက်မျိုးဆက်(လူငယ်/ရွယ်) တို့ကို အနန္တော၊အနန္တကျေးဇူးရှင်ကြီးများသဖွယ် ဖိနှိပ်လွန်းလှ အပေါ်စီးယူလွန်းလှ၍ ရုန်းကန်ထကြွခြင်းဖြစ်သည်။

ဘေဘီဘုမ်မားများခင်ဗျား
တပ်မတော်တွင်လည်း ကိုယ်ထုတ်ခဲ့သည့် စစ်ဥပဒေများအတိုင်း လိုက်နာအနားယူပါ။ နောက်လူတို့ကိုနေရာပေးပါ။
ယခုခေတ်စစ်ပွဲတို့သည် ရဲရင့်တက်ကြွ သူရသတ္တိတို့ထုတ်ပြ “ကျား”ထိုးစစ်တိုက်ခေတ်လည်းမဟုတ်ပါပေ။ ဦးနှောက်နှင့်ကစားရသော စစ်ရေးဖြစ်လာပါပြီ။ ဓနအင်အား လက်နက်ပါ၀ါနှင့်နည်းပညာပြိုင်ရသော စစ်ရေးဖြစ်သည်။ အမေရိကန် အထူးတပ်သားတစုသည် လုံခြုံလှပါသည်ဆိုသော ဒေသနိုင်ငံ(တို့)တွင် ပုန်းကွယ်ခိုလှုံနေသူ ဘင်လာဒင်နှင့် ဘဂ်ဒါဒီ တိုကို့ နေအိမ်-အိပ်ယာထဲအထိအရောက်သွားက မျက်နှာချင်းဆိုင်တိုက်ရိုက်ပစ်သတ်ခဲ့နိုင်သော ခေတ်ဖြစ်ပါသည်။ ယခုခေတ်စစ်တွင် အကာအရံမရှိ အကွာအဝေးမပေါ် ။

နိုင်ငံရေး/လူမှု‌ရေး ပြဿနာကြီးများဖြေရှင်းရန်နှင့် ဖွံ့ဖြိုးခေတ်သို့အရောက်လှမ်းရန် i 3.0 နှင့် i 4.0 ထိုထိုခေတ်တို့ကိုဖန်တီးမောင်းနှင်နေသူများ၏မျိုးဆက်သာလိုသည်။
OK Boomer ဟုတ်ကဲ့ပါ၊ဘွားတော်။ ဘေးဖယ်ပါ။

kai

About kai

Kai has written 986 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.