ကမ္ဘာလုံးဖြန့်ကျက်ရောက်သွားပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)။ အမေရိကပြည်ထောင်စု၏ လူဦးရေစစ်တမ်းကောက်ခံမှုနှင့်ကြမ်းတမ်းပြင်းထန်လာသော ၂၀၂၀ရွေးကောက်ပွဲပြိုင်ဆိုင်မှုများ၊ မြန်မာကိုမှ သီးသန့်ရွေးပိတ်လိုက်သော Burmese Ban (ဝါ)မြန်မာများအမေရိကနိုင်ငံသို့ အခြေချနေထိုင်ခွင့်ဗီဇာပိတ်ခံရခြင်း၊ DV ပိတ်ခံရခြင်းတို့ ဖေဖော်၀ါရီလတွင် ထင်ရှားနေပါသည်။

ဝူဟန်-ကိုရိုနာ-ကိုဗစ်၁၉ ဗိုင်းရပ်
၂၀၁၉၏ဒီဇင်ဘာ၃၁ရက်နေ့တွင် ချိုင်းနားမှ WHO သို့တရား၀င်အသိပေးအကြောင်းကြားလိုက်သော ၀ူဟန်မြို့မှ ဗိုင်းရပ်စ်သည် ရက်ထပ်ရက်/နှစ်ဖြစ်သော ဖေဖော်၀ါရီ ၂၉ ၂၀၂၀ တွင် ကမ္ဘာအနှံ့ကူးခံရသူပေါင်း ၈၆၉၉၁ဦးတွင် သေဆုံးသူ ၂၉၇၈ဦး ဖြစ်သည်။ ကျသွား/တန့်သွားရန်အခြေအနေလုံး၀မရှိသေးပဲ အရှိန်ရလျှက်ပင်ရှိနေပုံပေါ်ပါသည်။ အံ့သြစရာကောင်းလောက်အောင်ပင် မြန်မာနိုင်ငံ၌ တဦးတယောက်မှမကူးစက်သေး/မသေသေးဆိုလေသည်။ ဗိုင်းရပ်စ်ကြောင့်တိုကျိုအိုလံပစ်ကိုပင်ရွေ့ပစ်/ပိတ်ပစ်ရနိုင်သည်ဟု တာ၀န်ရှိသူတို့ဆိုလာရပြီဖြစ်ပြီး ယခု၃လကို အချိန်စောင့်ကြည့်ဆုံးဖြတ်မည်ဆိုထားပေရာ ၀င်ရောက်ယှဥ်ပြိုင်မည့် ကမ္ဘာ့အားကစားသမား ၁၁,၀၀၀ကိုမူဆက်လက်လေ့ကျင့်ပါရန် အကြံပေးပြောဆိုထား၏။
၂၄ရက်နေ့တွင်အမေရိကား၏စတော့ရှယ်ယာစျေးကွက်၌ ၁၀၃၁ ပွိုင့်ပြုတ်ကျခဲ့သဖြင့် ဗိုင်းရပ်စ်ဂယက်အမေရိကမြေကိုစ,နင်းထိလာပြီဆိုရမည်။ ထို့နောက် သမ္မတထရမ့်၏အုပ်ချုပ်ရေးမှ ကွန်ဂရက်သို့ ရန်ပုံငွေ ၂.၅ဘီလီယံတောင်းခံလိုက်ကာ ထိုငွေပမာဏကိုမလောက်ငှနိုင်ဟုဆိုပြီး ဟောက်စပီကာနန်စီပလိုစီမှ တိုးပေးမည်ဆိုလိုက်ပါသည်။ ချက်ခ်ထုတ်ပေးရမည့်ပမာဏကို ပြင်ဆင်ကာ စိနိတ်မှ အရေးပေါ်အတွက်မှတိုက်ရိုက်ကိုင်တွယ်မည့်အသံလည်းထွက်နေပါသည်။
ရှေးရိုးစွဲရေဒီယိုသတင်းဌာန၏ ရှေးစွန်းစွဲအသံလွှင့်သု ရပ်ရှ်လင်းမ်ဘော့ ကမူ ကိုဗစ်-၁၉သည် သာမာန်အအေးမိခြင်းမျှဟုသာဆိုသည်။ သမ္မတထရမ့်ကို ထိခိုက်နစ်နာစေရန်တိုက်ခိုက်သည့်လက်နက်ဟုလည်းပြောပါသည်။ သို့ဆိုစေ CDC မှပင် ဗိုင်းရပ်စ်သည် အမေရိကားသို့အချိန်မရွေး ကျွံကျ၀င်ရောက်လာပြီး ကျောင်း/ရုံးများပိတ်ကာ ဖြတ်တောက်ပိတ်ချရနိုင်ချေရှိသည်ဆိုထားပါသည်။ မြန်မာတို့ပြင်ဆင်ထားရမည့်အချိန်ပါ။
ရန်ပုံငွေအင်အားရှိကာ ဥပဒေစိုးမိုးမှု ထိရောက်လွန်းရကား ဤမျှလောက်ကို အလွန်အမင်းတော့ စိုးရိမ်ရန်မလို။ ရွေးကောက်ပွဲရာသီတွင် ပါတီတို့နိုင်ငံရေးကစားခြင်းလည်း ၀င်နေပြီမဟုတ်ပါလား။

အင်မီဂရန့်မိခင်နှင့်အိမ်ထောင်ဖက်ရှိသော သမ္မတထရမ့်
စီးပွားရေးတက်မြဲနေခြင်း။စတော့ရှယ်ယာစျေးကွက်ကောင်းနေခြင်း အရင်းရှင်ကြီးများအားအခွန်၀န်သိသာစွာလျှော့ချပေးခြင်းတို့ဖြင့် ခိုင်ခိုင်မာမာရပ်တည်ထားနိုင်သော ထရမ့်သည် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြောင်းရွေ့ခိုလှုံလာသော သူများအတွက်မှု ပေါ်လစီတင်းကြပ်လွန်းလှသည်။ အမေရိကား၏မူလကျောထောက်နောက်ခံ လူဖြူခရစ်ယန်ကွန်ဆာဗေးတစ်များ၏ ထောက်ခံမှုအားကောင်းလှသော သူသည် ပုံမှန်အဆင့်ဆက်တက်လာသော နိုင်ငံရေးသမားကားမဟုတ်။ သို့နှင့် ၀ါရှင်တန်။ကက်ပီတိုဟေးလ်ရှိ နိုင်ငံရေးသတ္တ၀ါကြီးများနှင့် အဆင်မပြေ အစေးမကပ်သူမို့ အဖြုတ်/အဖြတ်လည်းများလှသည်။ 
သူ၏လ၀ကပေါ်လစီတို့တွင် ပထမ တရားမ၀င်ခိုး၀င်နေထိုင်နေသူ/၀င်လာသူများ။ ထိုမှ တရား၀င်လာသည့် ကမ္ဘာအနှံ့မှမွတ်စလင်များ။ ထိုမှ အမေရိကားသို့ပြောင်းခိုလာသူများ။ ထိုမှ နိုင်ငံသားများမှတရား၀င်ခေါ်သော အိမ်ထောင်ဖက်/မိသားစု/ဆွေမျိုးများ။ ထိုမှ DVမဲဖေါက်ခေါ်သူများ။ ဖေဖော်၀ါရီလကုန်ပိုင်းတွင်မူ ရောက်ရှိပြီးအခြေချနေထိုင်နေသည့် နိုင်ငံသားများကို ပြန်ပို့နိုင်သည့် ယူနစ်ဖွဲ့ကာ စောင့်ကြည့်သည်အထိ အဆင့်ဆင့်၀က်အူကြပ်လာခဲ့ခြင်းမှာ အံ့သြစရာ‌ကောင်းလှ၏။ ယခု၄နှစ်သက်တမ်းပင်မကုန်သေး ဤမျှ တဆင့်စီရစ်ကြပ်လာရကား ရီပါ့ဗလစ်ကန်င်များပင် ထောက်ခံမှုနောက်ပြန်ကုန်သည်တွေ့ရမည်။ အမေရိကားသို့အခြေချနေထိုင်နေသူ ၀ါ/ညို/မည်းသူတို့အတွက် လ၀ကပေါ်လစီမှလွဲ၍ အားလုံးကောင်းပါသည်ဟု ပြောနိုင်ပါသည်။ သို့သော် ဤနိုင်ငံ၏အများစုဖြစ်သော လူဖြူသက်ကြီးများကမု ကြိုက်ပြီးရင်းကြိုက်ပုံရနေကာ သမ္မတကို လူထုမဲအများစုနှင့်ရွေးကောက်ခြင်းမဟုတ်ပဲ အီလက်တိုရယ်ခေါ် ဆိုင်ရာပြည်နယ်၏ကိုယ်စားလှယ်များကရွေးမည်ဖြစ်နေ၍ (ပုံမှန်သွားလျှင်)သမ္မတဆက်ဖြစ်ဦးမည်သာ။

ဘာနီဆန်ဒါစ်
တနိုင်ငံလုံးအတိုင်းအတာအားဖြင့် လူကြိုက်မှုထိပ်ရောက်လာသော ဘာနီသည် အရေးအကြီးဆုံး ဘက်ပြောင်းတတ်ပြည်နယ်/အနီရောင်ပြည်နယ်များတွင်လည်း လူကြိုက်များခဲ့သည်။ အိုင်အို၀ါတွင် ပိသ်ဘုတဂျစ်နောက်ကပ်လွန်းစွာနှင့်နံပါတ်၂။ နယူးဟမ့်ရှားတွင် နံပါတ်တစ်ပါ။ နီဗားဒါးတွင်လည်း နံပါတ်တစ်ပါ။ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဟုဆိုထားသော်လည်း အစိုးရမှခွဲဝေချုပ်ကိုင်မှုကိုအလိုရှိသူ ဂျူးဘာသာ၀င် အသက်၇၈နှစ် ဘာနီဆင်ဒါစ်သည် Medicare for All နှင့် ကျောင်းကြွေးလျှော်ပေးမည်ကြွေးကျော်ထားသူတည်း။ နိုင်ငံရေးညွှန်းကိန်းအားဖြင့် ထရမ့်နှင့်ဟိုဖက်ဆုံးဆန့်ကျင်ဖက် ဘယ်အစွန်ယိမ်းထားသူပါ။ ပုံမှန်အတိုင်းကျန်းမာရေးကောင်းစွာသွားပါလျှင် လက်ရှိသမ္မတထရမ့်နှင့် ယှဥ်ပြိုင်ခွင့်ရရန် အဖြစ်နိုင်ဆုံးသူပါ။

ဘလုမ်းဘတ်
တနိုင်ငံလုံးဖေဖော်၀ါရီလကုန်သည်အထိအတွင်း နက်၀ပ်တီဗီကြော်ငြာခ ဒေါ်လာသန်း၄၅၀ကျော်သုံးထားသော ဘလုမ်းဘတ်ဂ်သည် ဒေါ်လာဘီလီယံ၆၀ကျော်ချမ်းသာသော ကမ္ဘာဖြန့် မီဒီယာနှင့် လုပ်ငန်းများစွာပိုင်ထားသူဖြစ်သည်။ (၂၀၀၂-၂၀၁၃)အထိ သက်တမ်း၃ဆက်တောက်လျှောက် နယူးယောက်မြို့၏မြို့တော်၀န်လုပ်ခဲ့ပြီး ရီပါ့ဗလစ်ကန်င်ပါတီမှ ဒီမိုကရက်ပါတီဖက်ပြောင်းလာသူဖြစ်သည်။ ဘယ်ယိမ်းသူဖြစ်သော်လည်း အလယ်နှင့်လည်းနီးသော ဘယ်စွန်းညာစွန်းကြားချ အလယ်သမားတည်း။ အမေရိကန်များသေနတ်လက်နက်ကိုင်ဆောင်ခွင့်နှင့်ပါတ်သက်၍ ထိရောက်စွာကိုင်တွယ်မည့်သူဆိုသည်။

ဘိုင်ဒင်
သမ္မတအိုဘားမား၏ဒုတိယသမ္မတလုပ်ခဲ့သော အသက်(၇၇နှစ်)ဂျိုးဘိုင်ဒင်သည် လူမည်းကြိုက်များသူဖြစ်၍ စထွက်လာစက တနိုင်ငံလုံးအတိုင်းအတာမျှော်လင့်ချက်ကြီးစွာရထားသူပါ။ အိုဘားမားလက်ထက် ယူကရိန်းကိစ္စတွင် သားဟန်တာဘိုင်ဒင်၏ အလုပ်အကိုင်စီးပွားရေးတို့နှင့်ပါတ်သက်၍ သမ္မတထရမ့်၏ထောက်ပြပြောဆိုခံရ၍ အိုင်အို၀ါရီပါ့ဗလစ်ကင်န်စိနိတ်တာ၏ ဘိုင်ဒင်သမ္မတဖြစ်လာလျှင်လည်း အင်ိပချ်ချက်ချင်းတင်ခံရရည်ပြောခံရအပြီး လူကြိုက်ညွန်းကိန်းများကျသွားသူပါ။ အတွေ့အကြုံများသဖြင့် နိုင်ငံခြားရေးပေါ်လစီကို ကောင်းစွာကိုင်နိုင်သည် နာမယ်ကြီး၏။

Black Swam  Event ငန်းနက်၏ဖြစ်/ပျက်
မထင်ချိန်မထင်သလိုဖြစ်ပျက်ထိုးဆင်းခြင်းကို ငန်းနက်ဖြစ်/ပျက်ဟုခေါ်ကြသည်။ 
သမ္မတထရမ့်၏ ခိုင်မြဲစွာရပ်ထားသော မြေခိုင်မာကြီးမှာ အမေရိကစီးပွားရေးတိုးတက်နေခြင်းနှင့် လူတိုင်းလိုလိုအလုပ်ရှိကာ သမိုင်းတွင်အလုပ်လက်မဲ့နှုန်း (၃.၉%)နှင့် အနိမ့်နိုင်ဆုံးရောက်နေခြင်းပါတည်း။
ထိုသည်ကို နို၀င်ဘာအထိ တန့်အောင်ထိမ်းထားနိုင်လျှင်ပင် နောင်၄နှစ်သမ္မတသက်တမ်း အေးဆေးစွာရယူနိုင်ပုံပေါ်သည်။ ထိုအခြေအနေနှင့် နိုင်နေဆဲတွင် ယခုကိုရိုနာဗိုင်းရပ်စ်ဂယက်နှင့် တပါတ်အတွင်း အမေရိကားစတော့ ပွိုင့်(၃၅၀၀) အဆင့်ဆင့်ပြုတ်ကျသွားရာ Dow Jones ၁၂% ဆင်းခြင်း၌ချမ်းသာမှု၌ အနှုတ်ခံရသောငွေမှာ (ယခုအချိန်ထိ အမေရိကားတနိုင်ငံတည်းပင် ၃ထရီလီယံဒေါ်လာပါတဲ့)။ ငန်းနက်ဖြစ်/ပျက်ပါ။
ဤနှုန်းနှင့်ဆိုလျှင် နို၀င်ဘာ(၃)ရက်၏ သမ္မတရွေးကောက်ပွဲကို သေချာပေါက်ထိခိုက်ပါသည်။ ထရမ့်အခက် ဒီမိုကရက်အချက်နင်းမည်ဖြစ်ရကား တွန်းတိုးကြော်ညာများတွင် ထိုအချက်ကိုဖိနင်းလာသည်တွေ့ရမည်။

စီးပွားရေး/ကုန်ထုတ်မှုအညွန်းကိန်းများလည်းအားလုံးလိုလို ထိုးကျနေရကား ကမ္ဘာ့စီးပွားရေးကို ထရီလီယံဒေါ်လာထိခိုက်မည်တွက်ထားပါသည်။ ထိုအထဲတွင် ဆင်းရဲသောမြန်မာနိုင်ငံမှ ချမ်းသာသော အမေရိကားလည်းပါသည်။ ချိုင်းနားမှ ကုန်ကြမ်းများမရတော့၍ စက်ရုံများတန်းစီပိတ်လာရပြီ။ အစသမားချိုင်းနားကိုယ်နှိုက်ပင် ဗိုင်းရပ်စ်ကာကွယ်ကုသဆေး ထင်ရှားမရှိသေး၍ အဆုံးနေရာမသေချာသေး။ အလုပ်သမားများစွမ်းအားပြည့်အလုပ်ပြန်မ၀င်နိုင်ဖြစ်နေလေသည်။ 
ဗိုင်းရပ်စ်သည် ကမ္ဘာစီးပွားရေး၏အဓိကအကျဆုံးလူသား/အလုပ်သမားကို တိုက်ရိုက်တိုက်ခိုက်/ထိခိုက်နေရကား ငွေကြေးပြိုပျက်ကျခြင်းဂယက်ထက်ပင်ဆိုးလှပါသည်။ ခရီးမသွား/အလုပ်မသွားကြသဖြင့် ထုတ်လုပ်/သုံးစွဲမျှခြေပျက် ဆင်းချလာသော ဓာတ်ဆီစျေးကိုထိမ်းရန် ရေနံထုတ်နိုင်ငံများ-အိုပက်ကလည်း ရေနံစိမ်းထုတ်လုပ်မှုကိုဖြတ်မည်ဆိုကာ ဆီးရီးယား-တူရကီစစ်ရေးတင်းမာမှုမှသည် ပြောင်းခိုသူသန်းချီကို ဥရောပနိုင်ငံများဖက် လွှတ်ထုတ်နေရကား အားလုံးအချိန်ကိုက်အံသားကျလျှက်လာသည်။
လောလောလတ်လတ် ၂၀၀၈ ကိုခုခံကယ်နိုင်ခဲ့သော အမေရိကားနှင့် ကမ္ဘာ့အစိုးရများမှ ရန်ပုံငွေများသွန်ချကာ ငွေကြေးစျေးကွက်။ စီးပွားရေးလုပ်ငန်းကြီးများကို ကယ်ရပါဦးမည်။ သို့နှင့် ငွေကြေးစျေးကွက်ပြန်တက်‌ထောင်လာပါမည်။ ယခုအဖြစ်တို့တွင် အမေရိကနိုင်ငံရေးကစားခြင်း ပါနေပုံရသဖြင့် အထိအခိုက်ကြမ်းလွန်းလှမည်တော့မထင်ပါ။။

Burmese ဖြည့်ပါ။
မည်သူ သမ္မတတက်သည်ဖြစ်စေ လောလောဆယ်အာဏာသက်ရောက်နေပြီဖြစ်သော Burmese Ban အတွက် မြန်မာ-အမေရိကန်များတွင် တာ၀န်ရှိပါသည်။ အိမ်ထောင်ဖက်မိဘဆွေမျိုးသားချင်းခေါ်၍မရတော့သည်မဟုတ်ပါလော။ သို့ဖြစ်၍ ယခုနှစ်ဖြည့်ရမည် သန်းခေါင်စာရင်း လူဦးရေစစ်တမ်းတွင် အပိုဒ်၉နေရာRACE ၌ မြန်မာတိုင်းရင်းသားများ။ မြန်မာ-တရုတ်များ။ မြန်မာ-ကုလားများ BURMESE ဖြည့်ပေးရန်လိုပါသည်။ (တရုတ်/ကုလား သိသာအောင်ချစ်၍ခေါ်သည်မှတ်ပါ)  သန်းခေါင်စာရင်းကောက်ခံသော BURMA မှလာသော BURMESE အင်အား(၄သိန်း+)ပြနိုင်၍ အိမ်ဖြူတော်ကွန်ဂရက်စိနိတ်များသို့စာပို အသနားခံစာတင်နိုင်ရန်အင်အားထု လိုနေပါသည်။ နိုင်ငံရေးသမားဟူသည် မဲဆန္ဒရှင်အင်အားများလေ ဂရုစိုက်သတိထားပေးလေရယ်ပါ။
ကံကောင်းထောက်မစွာပင် ယခုနှစ်သည် ၁၀နှစ်တကြိမ်ကောက်ခံသော သန်းခေါင်စာရင်းနှစ်ဖြစ်ကာ အမေရိက၏အထွေထွေရွေးကောက်ပွဲနှစ်လည်းဖြစ်နေသဖြင့် ထိုတိုက်ဆိုင်မှုကိုကောင်းစွာအသုံးချရမည်ဖြစ်ပါသည်။
BURMESE/KAREAN..CHIN စသည်နှင့်  BURMESE/CHINESE, BURMESE/INDIAN သာဖြည့်ပါ။ လိုချင်သောအရာများစွာ မိုးပေါ်မှကျလာပါမည်ဟူ၍သာ။ 
kai

About kai

Kai has written 996 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

   Send article as PDF